အေအေကို ရိက္ခာထောက်ပံ့တယ်လို့ စွပ်စွဲခံရသူ ဆန်စက်ပိုင်ရှင်ကို တပ်မတော် ထပ်မံခေါ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, CJ
ရက္ခိုင့်တပ်တော်အေအေကို ရိက္ခာထောက်ပံ့တယ်ဆိုပြီး စစ်တွေ အမှတ် ၁ရဲစခန်းမှာ ထိန်းသိမ်းခံနေရတဲ့ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို ရဲစခန်းကနေ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ တပ်မတော်က ထပ်မံ ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
သူ့ကို ဖမ်းဆီးသွားပြီး စက်တင်ဘာ ၂ ရက်မှာ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းကို တပ်မတော်က လာရောက်အပ်နှံခဲ့ပြီးနောက် ၁၀ ရက်နေ့မှာ ပြန်လည်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူ့ရဲ့ညီ ဦးကျော်ခိုင်က ပြောပါတယ်။
ဆန်စက်ပိုင်ရှင်ဦးရဲကျော်ထွန်းဟာ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာသားဖြစ်ပြီး သူ့ ဆန်စက်မှာ စပါးအငှားကြိတ်ခွဲတာ အပါအဝင် ဆန်စပါး အရောင်းအဝယ်လုပ်ကိုင်သူ ဖြစ်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မှာ စပါးထားကျေးရွာကို တပ်မတော် ရေယာဥ်တစ်စင်းရောက်ရှိလာခဲ့ပြီး ဆန်စက်ပိုင်ရှင်ဖြစ်သူ ဦးရဲကျော်ထွန်းကို ဖမ်းဆီးသွားခဲ့တာလို့ ဦးကျော်ခိုင်က ပြောပါတယ်။
အဲ့ဒီရေယာဥ်နဲ့အတူပါလာတဲ့ စစ်ကြောင်းက ပိုင်ရှင် ဦးရဲကျော်ထွန်းနဲ့အတူ စက်အတွင်းမှာ ကြိတ်ခွဲထားတဲ့ ဆန်အိတ်ပေါင်း ၇၀ ကျော်ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"သူတို့က ရဲစခန်းမှာ ထိန်းသိမ်းထားတာ တစ်ပတ်လောက်ရှိပြီ။ …မနေ့က ညနေ ၃ နာရီလောက်ကတည်းက တပ်မတော်က ပြန်ခေါ်သွားတယ်လို့ပြောတယ်။ သူ့ကိုမေးမြန်းစရာတွေ ရှိသေးလို့ ပြန်ခေါ်သွားတယ်လို့ ပြောတယ်"လို့ ဦးကျော်ခိုင်က ပြောပါတယ်။
တပ်မတော်က ပြန်လည်ခေါ်ဆောင်ခြင်းခံလိုက်ရတာနဲ့ ပတ်သက်လို့ စစ်တွေမြို့အမှတ် ၁ စခန်းမှူး ရဲမှူးအောင်မြဦးနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းတို့ဆီကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
ဦးရဲကျော်ထွန်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်စွဲဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
တပ်မတော်က သိမ်းဆည်းသွားတဲ့ ဆန်အိတ်တွေဟာ ရွာသားတွေက စပါးကြိတ်ဖို့ အပ်ထားတဲ့ အိတ်တွေသာ ဖြစ်ပြီး အေအေအတွက် စုဆောင်းထားတဲ့ရိက္ခာဆန်တွေမဟုတ်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ဆောင်ရွက်စဉ်မှာ အေအေအဖွဲ့အတွက် သိုလှောင်ထားတဲ့ ရိက္ခာဆန်အိတ် ၈၀ ကို ဦးရဲကျော်ထွန်းရဲ့နေအိမ်ကနေ ဖမ်းဆီးရမိခဲ့တဲ့အတွက် သူနဲ့အတူ ဆန်အိတ်တွေကို စစ်တွေမြို့သို့ ယူဆောင်လာပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ညနေပိုင်းမှာ ဦးရဲကျော်ထွန်းကို တပ်မတော်က စစ်တွေမြို့ရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ ရဲစခန်းက အကြောင်းကြားတဲ့အတွက် မိသားစုတွေ သိခဲ့ရပြီး သူ့ကိုတွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ရာမှာတော့ တွေ့ဆုံခွင့်မရရှိဘဲ သူ့ကို တပ်တော်စစ်ကြောရေးမှာ ရိုက်နှက်ညှင်းပမ်းခံခဲ့ရတဲ့အတွက် ရင်ဘတ်အောင့်တဲ့ဝေဒနာကို ခံစားနေရပြီး ရဲစခန်းမှာ ဆေးကုသမှုတွေလုပ်ပေးနေရတယ် ဆိုတာကို သိရခဲ့ရတယ်လို့ ညီဖြစ်သူ ဦးကျော်ခိုင်က ပြောပါတယ်။
အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံနေရသူတွေ ရှိနေပြီး ဖမ်းဆီးစစ်ဆေးခံနေရစဥ် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။








