ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ တစ်ရက်တည်း ကိုဗစ်လူနာ ၁၆၆ ဦး ထပ်တိုး အတည်ပြုလူနာ ၁၄၀၀ ကျော်လာ
စက်တင်ဘာလ၆ ရက်နေ့မှာ တစ်ရက်တည်းပိုးတွေ့သူ ၁၆၆ဦးရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စစ်ပိုးတွေ့သူ အတည်ပြုလူနာ ၁၄၁၉ ဦး အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန ရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ နေ့လယ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ၆၆ ဦး အတည်ပြုလူနာအဖြစ်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့ ည၈နာရီမှာ အတည်ပြုလူနာ ၁၀၀ ဦးထပ်တွေ့ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ အထိ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၄၀၀ ကျော်လာသလို သေဆုံးသူလည်း ၈ ဦးအထိရှိလာပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်လူနာတွေထဲက အသက် ၆၀ကျော် အရွယ် အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၅ ရက်နေ့က သေဆုံးသွားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူလျက်ရှိတဲ့ ဓာတ်ခွဲအတည်ပြုလူနာ (Case - 1236) ဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်းပျက်စီးခြင်းနဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးတာ အပါအဝင် ဆီးချိုရောဂါအခံတွေကြောင့် စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ရေး ကော်မတီကနေ သိရပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ် အတည်ပြုလူနာဟာ အမှတ် ၁၂၃၆ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ခဲ့တာဖြစ်ပြီး သဃန်းကျွန်းမြို့နယ် စံပြ (၄) လမ်းလိပ်စာပေးထားပေမယ့် ကျိုက္ကဆံ ဘုရားဝင်းထဲ ဗေဒင် ဟောသူ လို့လည်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ရေးကော်မတီ ကပြောပါတယ် ။
ဘုရားက ပိတ်ထားတဲ့အတွက် ဟောခန်းလဲ ပိတ်ထားတာကြောင့် ထိစပ်သူတော့ များများစားစား မရှိနိုင်ဘူးလို့ ယူဆရကြောင်း သဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ဘီဘီစီကို ရှင်းပြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်းက သဃန်းကျွန်းမြို့နယ်ဟာ ကိုဗစ် ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ကူးစက်မှု ဒုတိယ အများဆုံး အခြေအနေမှာရှိနေပြီး စင်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၆၆ဦး တိုးပြီး ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ကတော့ ၁၁ ဦးအထိ တိုးလာတာဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က ကူးစက်မှု အများဆုံးဖြစ်တာကတော့ လူနာအမှတ် ၅၉၅ ဆီက ဖြစ်ပြီးတော့ အဲ့ဒီလူနာနဲ့ပတ်သက်ပြီး ကူးတာက ၃၀ ကျော်သွားပြီလို့လည်း ဒေါက်တာကျော်စွာဦးကပြောပါတယ်။
စက်တင်ဘာ၆ ရက်နေ့ ညက လူနာ ၁၀၀ ထပ်တိုးတဲ့စာရင်းမှာ သင်္ဃန်းကျွန်းကလည်း ပါဝင်တယ်လို့ သိရပြီးတော့ အသေးစိတ် လူနာစာရင်းထွက်မလာသေးတဲ့အတွက် ဘယ်နှစ်ဦးပါဝင်တယ်ဆိုတာ မသိရသေးကြောင်း သူက ပြောပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်း ကူးစက်မှုတွေများလာခဲ့တဲ့ မြင်းခြံမြို့မှာလည်း ဓါတ်ခွဲ အတည်ပြု လူနာ ၃၀ အထိ ရှိခဲ့သလို အဓိက အားလုံးဟာ ပြည်တွင်းကူးစက်မှုတွေပဲဖြစ်တယ်လို့ မြင်းခြံမြို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့က ဘီဘီစီကို ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးက ဓာတ်ခွဲနမူနာပေါင်း ၂၀၂၀ ခုကို စက်တင်ဘာလ ၆ ရက်နေ့က စစ်ဆေးခဲ့ ရာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ လည်း သတင်းထုတ်ပြန်ချက် ကဖော်ပြပါတယ်။
ဓာတ်ခွဲ နမူနာစစ်ဆေးခဲ့တဲ့ မြို့နယ်တွေထဲမှာ ရန်ကုန်၊ စစ်တွေ၊ မန္တလေး၊ ပုသိမ် ၊နေပြည်တော်၊ကျောက်ဖြူ နဲ့ လွိုင်ကော် တို့ပါဝင်ပါတယ်။
ဓာတ်ခွဲ စစ်ဆေးမှုများပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုလျက်ရှိရာ ပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။