ကိုဗစ်ကြောင့် အသွားအလာဖြတ်ထားလို့ ရခိုင်စစ်ရှောင်စခန်းတွေ ရိက္ခာပြတ်

ရသေ့တောင်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု ပိုများလာနေလို့ ပြည်နယ်တွင်း မြို့နယ်အားလုံးမှာ နေအိမ်အပြင်မထွက်ဖို့နဲ့ မြို့နယ်ချင်း သွားလာမှုတွေ မလုပ်ကြဖို့ ကန့်သတ်ထားတဲ့အတွက် စစ်တွေမြို့အပါအဝင် ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာထောက်ပံ့မှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်စစန်းတွေကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP တို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေက ရိက္ခာထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေ မရရှိတဲ့အတွက် ရိက္ခာပြတ်လပ်နေတယ်လို့ ရသေ့တောင်မြို့နယ် ပြားချောင်းကြီးဒုက္ခသည်စခန်းကော်မတီ ဦးမျိုးညွန့်က ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း ကိုဗစ် ကူးစက်ခံရမှု မြင့်မားလာနေတာကို ထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် UN,INGO,NGO အဖွဲ့အားလုံးကို လုပ်ငန်းတွေရပ်တန့်ထားကြဖို့ သြဂုတ် ၂၁ ရက်မှာ ပြည်နယ် အစိုးရအဖွဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကနေ အမိန့်စာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအဖွဲ့တွေအနေနဲ့ ဒေသတွင်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေနဲ့ စခန်းတွေမှာ ရိက္ခာ၊ ကိုဗစ်ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးတွေကို ထောက်ပံ့တဲ့အခါမှာလည်း ကာယကံရှင်တွေကို တိုက်ရိုက်ထောက်ပံ့တာမျိုး မလုပ်ဘဲ စခန်းတာဝန်ရှိသူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကနေ တစ်ဆင့်ထောက်ပံ့ရမှာဖြစ်ပြီး ကျန်လုပ်ငန်းစဉ်တွေကိုတော့ ရောဂါကူးစက်မှု ထိရောက်စွာ မထိန်းချုပ်နိုင်သေးတဲ့ကာလအတွင်း လုံးဝဆောင်ရွက်ခြင်းမပြုကြောင်း အဲ့ဒီအမိန့်စာမှာ ရေးသားထားပါတယ်။

သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက အခုလို ရိက္ခာထောက်ပံ့မှုတွေ ပြတ်တောက်သွားတဲ့အတွက် စခန်းကော်မတီမှာလည်း ရိက္ခာလက်ကျန်တွေ မရှိတော့သလို စစ်ရှောင်တွေအချင်းချင်း ချေးငှားပြီး စားသုံးနေကြရတဲ့အပြင် ဆီ၊ ဆား၊ ပဲ စတာတွေလည်း မရှိတော့ဘူးလို့ စစ်ရှောင်စခန်းတချို့ထံက သိရပါတယ်။

ကန့်သတ်မှုတွေကြောင့် စခန်း အပြင်မထွက်နိုင်တဲ့အတွက် အလုပ်အကိုင် လုပ်ခွင့်မရသလို၊ အပြင်ထွက်ပြီး ဟင်းသီးဟင်းရွက် ရှာမရတဲ့အတွက် စားသောက်ရေး ခက်ခဲနေတယ်လို့ ရသေ့တောင်က ပြားချောင်းကြီးစခန်းတာဝန်ခံ ဦးမျိုးညွန့်က ပြောပါတယ်။

စစ်ရှောင်စခန်းတွေ ရိက္ခာပြတ်တောက်မှု နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရသေ့တောင်မြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ ICRC ထံက ထောက်ပံ့မှုမရတာကြာနေပြီ ဖြစ်ပြီး အစိုးရရဲ့ ထောက်ပံ့မှုတွေလည်း ပြီးခဲ့တဲ့ ဇွန်လကတည်းက ရပ်တန့်နေတာဖြစ်တယ်လို့ ဦးမျိုးညွန့်က ဘီဘီစီကို‌ ပြောပါတယ်။

ရသေ့တောင်မြို့ပေါ်မှာ အခုလိုမျိုး ရိက္ခာပြတ်တောက်နေတဲ့ စခန်းပေါင်း အနည်းဆုံး ငါးခုခန့်ရှိနေပြီး မကြာခင်ရက်ပိုင်းတွေအတွင်း ရိက္ခာထောက်ပံ့မှုမရှိရင် အခက်အခဲတွေနဲ့ကြုံရနိုင်တယ်လို့ ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ကိုကျော်မင်းခိုင်က ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးနဲ့ တခြားမြို့နယ်တွေက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာလည်း အခုလို ပြဿနာတွေဖြစ်ပွားနေပြီး တချို့စခန်းတွေကတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေဆီကနေ ပေးပို့ကြတဲ့ ငွေကြေးနဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းနေကြရတယ်လို့ သိရပါတယ်။

စစ်တွေမြို့ပေါ်မှာလည်း ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ အတွက် ဘုန်းတော်ကြီးကျောင်းတွေဆီက အကူအညီနဲ့ ဖြေရှင်းနေရတယ်လို့ ရွှေပြည်သာ ဒုက္ခသည်စခန်းက ကိုနေမျိုးထွန်းက ပြောပါတယ်။

စစ်တွေမြို့ပေါ်က စခန်းတွေမှာ အခုချိန်မှာ ထောက်ပံ့ကူညီပေးမှုတွေ လုံးဝရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဖြစ်ပွားနေခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂ သိန်းနီးပါး ရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၁၆ ရက်ကစပြီး ကူးစက်မှု ရုတ်တရက်များပြားလာတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ နှစ်ပတ်အတွင်း မြို့နယ်ပေါင်း ၁၄ ခုအထိ ကူးစက်ပျံ့နှံ့ခဲ့ပြီး တစ်ပြည်နယ်လုံးက ဒေသခံတွေကို အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားသလို ကူးစက်မှုအများဆုံးဖြစ်တဲ့ စစ်တွေမြို့ပေါ်မှာတော့ ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ သြဂုတ် ၂၉ ရက် ဒီကနေ့ မနက်ပိုင်းအထိ စစ်တွေမြို့နယ်အတွင်း ကူးစက်ခံရသူပေါင်း ၁၄၀ ဦးနဲ့ တစ်ပြည်နယ်လုံးမှာ ၂၃၈ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ကူးစက်သူကတော့ ၆၅၆ ဦး ရှိပါတယ်။