ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲ-တစ်နိုင်ငံလုံးမှာ မဲစာရင်း မှားလို့ ကန့်ကွက်သူ လေးသိန်း ကျော်ရှိ
လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့် မဆုံးရှုံးစေရေး လိုအပ်ရင် မဲပေးဖို့အချိန်တွေကို ပိုတိုးပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ကျင်းပမယ့် အခြေအနေ ဖြစ်တာကြောင့် ရောဂါမကူးစက်ရေး စီမံဆောင်ရွက်မှုတွေကို သြဂုတ် ၅ ရက်က ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မဲရုံပြင်ပမှာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ တန်းစီဖို့ သတ်မှတ် ထားချက်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်တွေကြောင့် မဲပေးမယ့်သူ များမယ့် မဲရုံတွေမှာ အချိန်လုံလောက်မှုရှိမရှိ စီစဉ်ဆောင်ရွက်ထားမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံအရ မဲဆန္ဒရှင်ဦးရေများတဲ့ မဲရုံတချို့မှာ မဲပေးဖို့ အချိန် မလုံလောက်တာတွေ ရှိခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လူတစ်ဦး မဲပေးဖို့ကြာချိန် ၇ မိနစ် ရှိမယ်လို့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။
မဲရုံဖွင့်ချိန်မှာ မဲစပေးနိုင်ချိန် မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း လူ ၇၀၀ လောက်ပဲ မဲပေးဖို့ အဆင်ပြေမယ်လို့ ဦးမြင့်နိုင်က တွက်ပြပါတယ်။
လူများမယ့်မဲရုံတွေမှာ လူ ၆၀၀ စီနဲ့ ၂ဆိုင်းကနေ ၃ ဆိုင်းအထိ ခွဲပြီး စီစဉ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်ရင် အချိန်ပိုပေးဖို့နဲ့ နေရာကျဉ်းတဲ့မဲရုံတွေမှာ မဲပေးသူတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် စီစဉ်ဖို့ ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးအကြံပြုခဲ့ပါတယ်။
နိုးဗုတ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ
မဲမပေးဘဲ စနစ်ကို မကြိုက်ကြောင်းပြောခြင်းက အင်မတန်တာဝန်မဲ့ကြောင်းနဲ့ ငါးနှစ်မှာမှ တစ်ရက် အချိန်ပေးရတဲ့တာဝန်ကို ကျေပွန်အောင်လုပ်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
'ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူးတို့၊ ဟိုဟာ မကြိုက်ဘူးတို့၊ ဒီဟာမကြိုက်ဘူးတို့ပြောတာက အင်မတန် တာဝန်မဲ့တာပဲ။ ငါးနှစ်မှာမှ တစ်ရက် အချိန်ပေးရတဲ့တာဝန်ကို ကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးက လုပ်ဖို့လိုပါတယ်' လို့ သူက ပြောပါတယ်။
အများစုက မဲပေးချင်မယ်လို့ ယုံကြည်ကြောင်း အတိုင်ပင်ခံက ဆက်ပြောပါတယ်။
ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲပေးခွင့်မှာ အသက် ၁၈ နှစ်မှ ၈၀ အထိတွက်မယ် ဆိုရင် ၁၂ ကြိမ်သာမဲပေးခွင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကတွက်ပြခဲ့ပါတယ်။
'ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် တိုးတက်မှုအတွက် အသက် ၈၀ အထိ ၁၂ ရက်ပဲ ရွေးကောက်ပွဲ နည်းလမ်းအရ လုပ်ပိုင်ခွင့်ဟာ တစ်သက်မှာ ၁၂ ကြိမ်ပဲ။ ဒီ ၁၂ ကြိမ်လေးကို အကောင်းဆုံးဖြစ် အောင် အသုံးချစေချင်တယ်။ အကောင်းဆုံးအသုံးချနိုင်အောင်လည်း အစိုးရက ကူညီဖို့၊ စီစဉ်ပေးဖို့တာဝန်ရှိပါတယ်' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးရေးနဲ့မဲမပေးရေး နိုးဗုတ်နဲ့ ဂိုးဗုတ်လှုပ်ရှားမှုတွေရှိနေပြီး ဆွေးနွေးငြင်းခုန်မှုတွေ ကျယ်လောင်နေချိန်မှာ အတိုင်ပင်ခံက ခုလိုပြောကြားတာလည်း ဖြစ်ပါတယ်။
လဝက ဝန်ကြီး မိသားစုတောင် မဲစာရင်းမမှန်
တစ်နိုင်ငံလုံးမှာ မဲစာရင်းတွေ တော်တော်မှားတဲ့အကြောင်း၊ မပြည့်စုံတဲ့အကြောင်း ဖြစ်ပေါ်နေတာတွေဟာ ဘာကြောင့်လဲလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေကို အတိုင်ပင်ခံက မေးခွန်းထုတ်ပါတယ်။
ဝန်ကြီး ဦးသိန်းဆွေက သူ့မိသားစုမှာတောင် မဲစာရင်းမှားယွင်းတာတွေ ဖြစ်ပေါ်တယ်လို့ အတိုင်ပင်ခံကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
"ဥပမာအားဖြင့် ကျွန်တော့်သားရဲ့မိခင်နာမည် လွဲပါတယ်။ ကျွန်တော့် ချွေးမရဲ့ ဆုံးသွားတဲ့အဘွားရဲ့နာမည် ပြန်ပါနေပါတယ်။ မွေးသက္ကရာဇ်တောင်အသက်ပြန်ငယ်နေပါသေးတယ်" လို့ ဝန်ကြီးက ပြောပါတယ်။
တစ်နိုင်ငံလုံးရဲ့မဲစာရင်းတွေပြုစုရာမှာ အဓိကကျတဲ့ အခြေခံလူဦးရေစာရင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက တာဝန်ယူဆောင်ရွက်ရတာ ဖြစ်ပါတယ်။
အခုတော့ ဒီဌာနရဲ့အကြီးအကဲ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေရဲ့ မိသားစုတောင် မဲစာရင်း မမှန်ကန်မှုတွေ ကြုံနေရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလိုမှားယွင်းတာတွေဟာ မြေပြင်စာရင်း ကောက်ယူမှု၊ ဖြည့်သွင်းမှုနဲ့ ပြန်လည်စိစစ်မှု အားနည်းတာတွေကြောင့်ဖြစ်ပြီး အောက်တိုဘာမှာ ပြန်လည် ထုတ်ပြန်ဖို့ရှိတဲ့ ဒုတိယအကြိမ် မဲစာရင် မှာတော့ အမှားနည်းအောင်လုပ်မယ်လို့ ဝန်ကြီးက ပြောပါတယ်။
မဲစာရင်း မှားလို့ ကန့်ကွက်သူ ၄ သိန်း ကျော်ရှိ
တစ်နိုင်ငံလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်း ၅ သိန်းကျော် ရှိတဲ့အနက် မဲစာရင်းလာကြည့်သူ ၆ သန်း ၆ သိန်းကျော် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အတိုင်ပင်ခံကိုတင်ပြခဲ့ပါတယ်။
ဦးမြင့်နိုင်ရဲ့ တင်ပြချက်အရ မဲစာရင်းမှားယွင်းလို့ ကန့်ကွက်သူဦးရေဟာ သြဂုတ်လ ၄ ရက်အထိ ၄ သိန်းနှစ်သောင်းကျော် ရှိနေပါတယ်။
မဲစာရင်းမှာ နာမည် မပါလာလို့ ပြန်လျှောက်သူ ၂ သိန်းတစ်သောင်းကျော် ရှိပြီး အချက်အလက်တွေမှားလို့ ကန့်ကွက်သူက တစ်သိန်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။
မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေမှု (ဥပမာ သေဆုံးသူပါဝင်နေမှု) ၆သောင်း ၆ထောင်ကျော် ရှိပါတယ်။ အဲဒီလိုမှားယွင်းမှုတွေနဲ့ပတ်သက်လို့ ဦးမြင့်နိုင်က
"မဲစာရင်းမှားတာတွေရှိပေမဲ့ ကျွန်တော်တို့လုပ်တာ အားရတယ်။ အမှန်နဲ့ နီးနီးစပ်စပ် ဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ပြောပါတယ်။
လက်ရှိ မှားယွင်းမှုတွေကို ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း မဲစာရင်းမိတ္တူတွေ ဖြန့်ဝေပေးဖို့ စီစဉ်ထားတယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို သြဂုတ်လ ၇ ရက်နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပြီး မဲပေးခွင့်ရှိသူတွေရဲ့ မဲစာရင်းတွေကို သြဂုတ် ၁၄ ရက်အထိ ကပ်ထားကြေညာထားပါတယ်။