သမ္မတနဲ့ အတိုင်ပင်ခံ ပါတီ စည်းရုံးရေး လုပ်သင့်လား

ရေးသားခဲ့သည်။

ဒီတစ်ပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကတော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်မယ် ဆိုတာနဲ့ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်မြေပြိုမှုသတင်းတွေ ဖြစ်ပါတယ်။

ပထမဆုံးတစ်ပုဒ်အနေနဲ့ သမ္မတနဲ့ အတိုင်ပင်ခံတို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေစတင်မယ်ဆိုတဲ့ NLD ထုတ်ပြန်ချက်က နိုင်ငံရေးအသိုင်းအဝိုင်းမှာ အတော်လေး လှုပ်ခတ်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေဟာ ဇူလိုင် ၁ ရက်ကစလို့ ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်ခွင့်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

နောက်တစ်ရက်မှာပဲ အာဏာရ NLD ပါတီက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ (၁) ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ကော်မရှင်ရဲ့ ကြေညာချက်အရ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ စလုပ်တော့မယ်လို့ ကြေညာချက်ထုတ်လာခဲ့ပါတယ်။

အဲဒီလို ကြေညာချက်တွေ ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့နောက် နိုင်ငံရေးပါတီတွေဘက်က ဒါဟာ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို မေးခွန်းထုတ်စရာရှိလာတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

အခြေခံဥပဒေမှာ ဘယ်လိုပြဌာန်းထားသလဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄၊ ၂၃၂ (ဋ) တို့မှာ သမ္မတ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေ့ကစလို့ ပါတီလုပ်ငန်းတွေမဆောင်ရွက်ရလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူတို့ရဲ့နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ရွေးကောက်ပွဲကြေညာတဲ့နေ့ကစလို့ ဥပဒေနဲ့အညီ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရတယ်လို့ ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပါပြဌာန်းချက်ကို ကိုးကားပြီး ဒီကြေညာချက်ကိုထုတ်ပြန်လာတာပါ။

ဒါကြောင့် ဒီကြေညာချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ပါတီတွေဘက်က ထောက်ပြလာပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတောင်မဟုတ်ဘဲ ရွေးကောက်ပွဲအကြိုကာလ လေးလလောက်လိုချိန်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို ပါတီလုပ်ငန်းတွေလုပ်ခွင့်ပြုတာဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရေး အားနည်းသွားစေတယ်လို့လည်း ငြင်းခုံမှုတွေ ရှိလာပါတယ်။

အထူးသဖြင့် အခုလို ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလ၊ လူစုလူဝေးမလုပ်ရ၊ လူငါးဦးနဲ့အထက် ပိုမစုဝေးရ စည်းကမ်းချက်တွေ အသက်ဝင်နေ သေးချိန် အစိုးရအကြီးအကဲနှစ်ဦးဖြစ်တဲ့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီစည်းရုံးရေးလုပ်ခွင့်ရခြင်းဟာ အခြားပါတီတွေကို အသာစီးယူတဲ့ လုပ်ရပ်လို့လည်း ပြင်းပြင်းထန်ထန်ပြောဆိုတာတွေ ရှိလာပါပြီ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခုထုတ်ပြန်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးထုတ်ပြန်တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။

"အာဏာရပါတီနဲ့အစိုးရနဲ့ နိုင်ငံတော်တာဝန်ရှိသူတွေဟာ ဇူလိုင် ၂ ရက်မှာစပြီး ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေ လုပ်မယ်ဆိုရင် နိုင်ငံတော်ရဲ့ကုန်ကျစရိတ်နဲ့ မဲဆွယ်နေတဲ့အခွင့်အရေးကို ရသွားနိုင်တယ်။

ကျွန်မတို့က ရွေးကောက်ပွဲဥပဒေမှာဆိုရင်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအသုံးစရိတ်တွေ ကန့်သတ်ထားတာရှိပါတယ်။

ဒီတော့ အာဏာရပါတီနဲ့ အစိုးရတာဝန်ရှိသူတွေက နိုင်ငံတော်စရိတ်နဲ့မဲဆွယ်နိုင်ပြီးတော့ ဒီဘက်က ကျန်တဲ့နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေကကျတော့ ဒီအခွင့်အရေးမရှိဘူး။

ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ အသုံးစရိတ်ဘောင်ထဲကပဲ သုံးရမှာဆိုတော့ ဒီအပေါ်မှာလည်း အာဏာရပါတီဘက်ကနေ နိုင်ငံရေးအသာစီးရမှု ရနိုင်ပါတယ်"

ဒါ့အပြင် လက်ရှိကိုဗစ်ကာလဖြစ်ပြီး ကပ်ရောဂါအခြေအနေက တိုးလာမလား လျော့သွားမလား မခန့်မှန်းနိုင်သေးတဲ့အတွက် ဒီအပေါ်မှာ ကန့်သတ်တားမြစ်ချက်တွေ ရှိထားတာကြောင့် နိုင်ငံရေးပါတီတွေမှာ ရွေးကောက်ပွဲဆိုင်ရာစိန်ခေါ်မှုတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

"ထုတ်ပြန်ချက်အရဆို အာဏာရပါတီနဲ့ အစိုးရဘက်က လူတွေက ရက်ပေါင်း ၁၂၀ ကြိုပြီးစည်းရုံးခွင့်ရပြီးတော့ နိုင်ငံရေးပါတီတွေအနေနဲ့ကျတော့ ရက်ပေါင်း ၆၀ ပဲ ဒီမဲဆွယ်ကာလကိုရမယ်ဆိုတဲ့အပေါ်မှာလည်း ဒီအချိန်သတ်မှတ်ချက်က အာဏာရပါတီဘက်က အသာစီးရသွားတယ်ဆိုတာထောက်ပြလိုတယ်" လို့ ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပါတီအနေနဲ့တော့ စိုးရိမ်စရာမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီက ခန့်အပ်ရမယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ပြင်ဆင်သင့်တယ်လို့ သူက ခုလိုပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုတာက နိုင်ငံရေးပါတီတွေကြားမှာ အထွေထွေရွေးကောက်ပွဲကျင်းပပေးခြင်းအားဖြင့် ပြိုင်ဆိုင်မှုကို ကြီးကြပ်ရတဲ့ ဒိုင်လူကြီးနေရာမှာနေရတာဖြစ်ပါတယ်။

သို့သော်လည်း ဒီလိုမျိုးကော်မရှင်ကို အာဏာရပါတီက ခန့်အပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အာဏာရပါတီသြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေပြီး လို့ရှိရင် သူတို့ကိုယ်တိုင်လည်း အာဏာရပါတီရဲ့လိုလားချက်ကိုလိုက်လုပ်ပေးတဲ့ကော်မရှင် ဖြစ်နေတယ်ပေါ့နော်။

အဲဒါက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကို မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

အခြေခံဥပဒေခုံရုံးက ဖြေရှင်းဖို့ လိုမလား

တကယ်တော့ ဒီအငြင်းပွားမှုဟာ ပြဿနာအသစ်တော့မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရခရီးစဉ်တချို့မှာ ပါတီလုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး အဲဒီတုန်းက အတိုက်အခံ အန်အယ်လ်ဒီပါတီဘက်က ရွေးကောက်ပွဲကော်မရှင်အထိ တိုင်ကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ၂၀၁၅အောက်တိုဘာတွင်း စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီဒေသခရီးစဉ်တွေအတွင်း ပါတီလုပ်ငန်းတွေ လုပ်ခဲ့တာကြောင့် ဥပဒေကိုချိုးဖောက်တာဖြစ်လို့ လိုအပ်သလို ဆောင်ရွက်ပေးဖို့ ဆိုပြီး NLD ရဲ့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

အဲဒီတုန်းကတော့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ပိုင်ပစ္စည်းတွေနဲ့ အဆောင်အယောင်တွေ ယူမသုံးရင် ပါတီလုပ်ငန်းတွေ လုပ်ကိုင်နိုင်ကြောင်း နောက်ဆက်တွဲ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ဖြေရှင်းခဲ့တာ ရှိခဲ့ပါတယ်။

အဲဒီနောက် NLD အစိုးရ တက်လာချိန် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲမပေးခင်တစ်ရက်အလို Silent Day မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားတဲ့အပေါ် အတိုက်အခံ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ကော်မရှင်ထံ တိုင်တန်းတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ အစိုးရဖြစ်နေတဲ့ အန်အယ်လ်ဒီပါတီ ဟာ အတိုက်အခံတုန်းက ကန့်ကွက်ခဲ့တဲ့ကိစ္စကို ကိုယ်တိုင်အစိုးရ ဖြစ်လာတဲ့အခါ ပြင်ဆင်ဖို့မကြိုးစားဘဲ ဒီတိုင်းလိုက်လုပ်တယ်ဆိုပြီး ဝေဖန်တာတွေလည်း ရှိလာနေပါတယ်။

ဒီအပေါ်မှာ NLD သဘောထားသိရဖို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်၊ ဒါအပြင် ပါတီဗဟိုအမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်မရရှိခဲ့ပါဘူး။ ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကတော့ ခုလိုပြောပါတယ်။

"ကျွန်တော်တို့တိုင်ကြားတုန်းကလည်း တကယ်တမ်းကတော့ ကော်မရှင်က ဒီလိုပါပဲ။ ပြီးပြီးပျောက်ပျောက်ဖြစ်သွားတာပါပဲ။ ဘာမှ ပြဿနာရှာခဲ့တာမရှိပါဘူး။

အခု ၂၀၁၅ နဲ့ ၂၀၂၀ အနေအထားကတော့ နည်းနည်းတော့ ကွာခြားတယ်လို့ ကျွန်တော်ထင်တယ်လေ။

နောက်ပြီးတော့လည်း အခုလို ကော်မရှင်က ပြောလိုက်တဲ့ကိစ္စဟာ တကယ်တမ်းက ကော်မရှင်က ဘက်လိုက်တာတော့မဟုတ်ပါဘူး။

ဒါ သူ့ရဲ့လမ်းကြောင်းအရ ကြေညာပေးလို့ ကျွန်တော်တို့လည်း အဖွဲ့ချုပ်က ထပ်ဆင့်ကြေညာချက်ထုတ်ပြီး တိုင်းပြည်ကို အသိပေးတဲ့သဘောပါပဲ"လို့ ပါတီဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင်မုံရွာအောင်ရှင်ကပြောပါတယ်။

ဝေဖန်မှုတွေနဲ့ပတ်သက်လို့တော့ လောလောဆယ် ဘာမှတုံ့ပြန်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒီတော့ ရွေးကောက်ပွဲတစ်ခါလာတိုင်း ပင်မ ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကွဲလွဲနေတဲ့ ပြည်ထောင်စုအစိုးရဥပဒေပါ ဒီပြဌာန်းချက်နဲ့ပတ်သက်လို့ ကော်မရှင်က ဘယ်လိုတည့်မတ်ထိန်းကျောင်းဆောင်ရွက်သင့်ပါသလဲ။

နောက်ထပ် ဒီလို အငြင်းပွားမှုတွေမဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက တည့်မတ်ဆုံးဖြတ်ပေးသင့်ပါသလား။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်ကို မေးကြည့်ထားပါတယ်။

"လက်ရှိရှိနေတဲ့အခြေခံဥပဒေဆိုင်ရာပြဌာန်းချက်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပါ အချက်ဟာ ရှေ့နောက်ညီညွတ်မှုရှိမရှိ၊ ကြောင်းကျိုးခိုင်လုံလား သင့်တင့်မျှတလားဆိုတာ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ပေးရမယ်ဆိုတာ ပြောစရာမရှိပါဘူး။

ဒါပေမဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းပုံကိုက အာဏာရပါတီဘက်ကိုအမြဲတမ်းအားသာတာကိုး။

(ခုံရုံးကို) လွှတ်တော်ဘက်က ခန့်အပ်တယ်။ အာဏာရပါတီဘက်က ခန့်အပ်တာဆိုတော့ အခြေခံဥပဒေခုံရုံးကိုရောက်ပါစေဦးတော့ ဒီပြဿနာက ပြေလည်စရာမရှိဘူး။

ဒါက နိုင်ငံရေးဆိုင်ရာပြဿနာဖြစ်လို့ နိုင်ငံရေးအရ သဘောတူညီချက် ရှာဖွေဖို့လိုတယ်လို့မြင်ပါတယ်" လို့ ကိုစိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။

ဒါ့အပြင် ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို ကော်မရှင်အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။

"ဇူလိုင် ၂ ရက်နောက်ပိုင်း ကိုဗစ်ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့အခါမှာ အစိုးရ သတင်းဌာနစာမျက်နှာတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဖေ့်ဘွတ်စ်စာမျက်နှာကဖြစ်ဖြစ် ဖော်ပြတာမျိုးမလုပ်ဘဲ အောင်ဆန်းစုကြည် ဆိုတဲ့ တရားဝင်ဖေ့စ်ဘွတ်ကနေပဲ ဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖေ့စ်ဘွတ်စာမျက်နှာတွေက လွှင့်တာက ပိုပြီးကောင်းတယ်လို့ မြင်ပါတယ်" လို့ သူက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနှစ်ခုလုံးကိုလည်း နိုဝင်ဘာလမှာ ကျင်းပထားတာ ဖြစ်ပါတယ်။

သယံဇာတကျိန်စာသင့်လာနေတဲ့ ဖားကန့်ဒေသ

နောက်သတင်းတစ်ပုဒ်ကတော့ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဝှေ့ခါကျောက်စိမ်းလုပ်ကွက်တွေအတွင်း ဇူလိုင် ၂ ရက်က မြေပြိုမှုကြောင့် သေဆုံးသူ ၁၇၀ ကျော် ရှိခဲ့တာပါ။

ဖားကန့်မှာ ခုနောက်ပိုင်း မြေစာပုံပြိုကျပြီး လူအစုလိုက်အပြုံလိုက်သေဆုံးတာတွေက မကြာခဏ ဆိုသလို ကြားနေရတဲ့သတင်းဆိုးတွေ ဖြစ်လာနေတာပါ။

ဒီတစ်ခေါက်မြေပြိုမှုကတော့ သေဆုံးသူအလောင်းတွေအများဆုံး ပြန်လည်ရရှိတဲ့ဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါတယ်။

မိုးတွင်းမှာ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊မော်လူးနဲ့ မော်ဟန်နယ်မြေတွေမှာ ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုတွေ ယာယီရပ်နားဖို့ အစိုးရက ဇူလိုင် ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်မှာ ဒီ ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

သဘာဝသယံဇာတ ကျိန်စာသင့်နေသလိုဖြစ်လာတဲ့ ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်တွေနဲ့ အာဏာပိုင်တွေရဲ့ ကြီးကြပ်မှုအားနည်းချက်တွေကြောင့် ဒီဖြစ်စဉ်တွေဟာ ဆက်ဖြစ်နေဦးမှာပဲလို့ သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာမူဝါဒရေးရာအဖွဲ့ရဲ့ အကြံပေး ကိုမော်ထွန်းအောင်က ပြောပါတယ်။

အခု လူရာနဲ့ချီသေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအပါအဝင် နိုင်ငံတကာအဖွဲ့တချို့နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က အသီးသီးထုတ်ပြန်ထားပါတယ်။

ဖားကန့်က ဒီအဖြစ်ဆိုးတွေထပ်မဖြစ်ဖို့ ဘာတွေ လိုအပ်နေပါသလဲ။ ကိုမော်ထွန်းအောင်က ခုလိုပြောပါတယ်။

"ဒီကျောက်မျက်တွင်းတွေမှန်သမျှ မိုင်းဒီဇိုင်းလည်းမရှိပါဘူး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီမံတွေလည်းမရှိပါဘူး။

မိုင်းတူးတဲ့နေရာမှာတောင် ဘယ်လိုပုံစံတူးမလဲဆိုတာတောင်မရှိဘဲ အဆင်ပြေသလို မှန်းပြီး လုပ်နေကြတာဆိုတော့ ဒါမျိုးက ထပ်ဖြစ်ဦးမှာပဲ။

သူများနိုင်ငံတွေမှာဆို စွန့်ပစ်မြေစာတွေကို ဘယ်လိုပစ်ရမလဲဆိုတဲ့ သီးသန့် ဥပဒေတွေ သီးသန့်ကြပ်မတ်တဲ့ ကော်မတီတွေရှိတယ်။

မနှစ်ကလည်း ဒါကို ကျွန်တော်တို့ ပြောတယ်။ ဒီကြပ်မတ်တဲ့ယန္တရားမရှိဘူးဆိုတာပေါ့။

သက်ဆိုင်ရာ ပြည်ထောင်စုရော၊ပြည်နယ်အစိုးရရောက ဒါကို မတည်ဆောက်နိုင်ခဲ့ဘူး။ ဘယ်မြေစာပုံကတော့ အန္တရာယ်ရှိနေတယ်။ ဘယ်နေရာမှာတော့ မြေစာပုံ မပုံသင့်ဘူးဆိုတာလည်းမထုတ်ပြန်ခဲ့ဘူး။

ရှိပြီးသား မြေစာပုံတွေကိုလည်း ဘေးအန္တရာယ်လျှော့ချတာ မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့်မနှစ်ကလည်း ဒီလိုအဖြစ်ဖြစ်တယ်။ ဖြစ်ပြီး တစ်နှစ်အကြာမှာ ပိုပြီးဆိုးတဲ့ လူ အယောက် ၂၀၀ နီးပါးတစ်ရက်တည်း အသက်ဆုံးရှုံးရတဲ့ဟာဖြစ်တယ်။ ဒါသည် မူဝါဒပိုင်းနဲ့လုပ်ထုံးလုပ်နည်းပိုင်း ပျက်ကွက်မှုတွေရှိနေတာ ထင်ရှားတယ်။ ဒါကို အစိုးရက အလေးအနက်ထားပြီးတုံ့ပြန်ဖို့လိုပါတယ်။"