ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေစမယ်လို့ NLD ထုတ်ပြန်

ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့ ဇူလိုင်၂ ရက်က စပြီး ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ကြေညာပါတယ်။

ဇူလိုင် ၂ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက အခုလိုဆုံးဖြတ်လိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေအနေနဲ့ ဇူလိုင် ၁ ရက်ကစလို့ ပါတီစည်းရုံးရေးနဲ့ မဲဆွယ်စည်းရုံးရေးတွေလုပ်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ ကြေညာချက်အမှတ် ၁၁၇ /၂၂၀ မှာတော့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေဟာ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နဲ့ ပုဒ်မ ၁၂၁ ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာလည်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲကြေညာတဲ့နေ့ကစလို့ ဥပဒေနဲ့အညီ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလတွေမှာလည်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ အစိုးရခရီးစဉ်တွေနဲ့ ပတ်သက်ပြီး မဲဆွယ်တယ်လို့ အငြင်းပွားမှုတချို့ရှိခဲ့တဲ့အတွက် ကော်မရှင် တာဝန်ရှိသူတွေက ထုတ်ပြန်ချက်တွေထုတ်ပြီး ဖြေရှင်းခဲ့ရပါတယ်။

ဒီတစ်ခေါက်မှာတော့ ရွေးကောက်ပွဲမတိုင်ခင် လေးလအလိုမှာ ဒီအချက်ကို ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်နဲ့အတူ တစ်ပြိုင်တည်း ကြေညာလာတာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတအပါအဝင် ရွေးကောက်ပွဲဝင်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေအားလုံး ပါတီလုပ်ငန်းတွေကို ဇူလိုင် ၁ ရက်ကစလို့ လုပ်ခွင့်ရှိပြီ ဖြစ်ပါတယ်။

ဒီခွင့်ပြုချက်က အဓိကပြသနာမဟုတ်ပေမဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေအနေနဲ့ ပါတီနဲ့နယ်မြေ စည်းရုံးရေးတွေလုပ်တဲ့အခါ နိုင်ငံပိုင်အဆောင်အယောင်တွေကို သုံးစွဲတာမျိုးကို ရှောင်ကြဉ် သတိထားသင့်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဘီဘီစီကို ပြောပါတယ်။

"ဥပမာ သူတို့စည်းရုံးရေးသွားတဲ့အခါ အစိုးရဘက်ဂျက်ကသုံးတာလား၊ ကိုယ်ပိုင်စားရိတ်က သုံးတာလား၊နိုင်ငံပိုင် အရင်းအမြစ်တွေကို ပါတီတစ်ခုအတွက် သုံးစွဲခွင့်မရှိဘူးဆိုပြီး ကျင့်ဝတ်မှာပြဋ္ဌာန်းထားတယ်၊ အဲဒါက ပိုအရေးကြီးတယ်လို့ထင်တယ်။ နိုင်ငံတော် နိုင်ငံတော်သမ္မတတို့ ဝန်ကြီးတို့ဆိုတာ ပါတီရဲ့အဆောင်အယောင် မဟုတ်တော့ဘူး။ ဒီတော့ စည်းရုံးရေးသွားတဲ့အခါ သူရဲ့အသုံးစရိတ်တွေကို အများပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိစွာ ပြမယ်ဆိုရင် ပြေလည်သွားမယ်"လို့လည်း သူက ပြောပါတယ်။

မဲဆွယ်ကာလတောင် မရောက်သေးဘဲ ခုလို ရွေးကောက်ပွဲအကြိုကာလမှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို ပါတီမှာ ကျန်ခဲ့တဲ့သူတွေကသာ လုပ်သင့်ပြီး အုပ်ချုပ်ရေးမှာ ပါဝင်နေတဲ့ ပါတီဝင်တွေက မလုပ်သင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်မတို့ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က ညွန်ကြားထားတာက ပါတီဝင်တွေ စည်းရုံးလို့ရတယ်၊ ပါတီနယ်မြေတွေ စည်းရုံးလို့ရတယ်၊ ရပ်ကျေးဆိုင်းဘုတ်တွေ ထောင်လို့ရတယ်။ အဲဒါကို နိုင်ငံတော်သမ္မတတို့ အုပ်ချုပ်ရေးပိုင်းတို့က လူတွေက ဝင်လုပ်နေရင် နိုင်ငံ့အရေးထက် ပါတီအရေးကို ဦးစားပေးရာ ရောက်တယ်"လို့လည်း သူက ပြောပါတယ်။

ရွေးကောက်ပွဲအတွက် စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်ကိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ထုတ်ပြန်ပေးမယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ကြေညာချက် ၁၁၇ /၂၂၀မှာပါတဲ့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေဟာ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နဲ့ ပုဒ်မ၁၂၁ ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခွင့်ရှိတယ်ဆိုတာဟာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ရာမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။

အခြေခံဥပဒေပုဒ်မ ၁၂၀ မှာ အသက်၂၅နှစ်ပြည့်ပြီးသူ နိုင်ငံသား မိဘနှစ်ပါးကမွေးပြီး နိုင်ငံသားဖြစ်သူ၊နိုင်ငံမှာ တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခဲ့သူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ပြည့်စုံသူတို့ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံနိုင်တယ်လို့ ဖော်ပြထားတာပါ။

အခြေခံဥပဒေပုဒ်မ ၁၂၁ ကတော့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခွင့်မရှိသူတွေအတွက် သတ်မှတ်ချက်ဖြစ်ပါတယ်။

အဲဒီထဲမှာ ပြစ်မှုတစ်ခုခု ကျူးလွန်ပြီး ထောင်ကျနေသူ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် အရည်အချင်းပျက်ယွင်းစေတဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံးက ကြေညာခံထားရသူ၊ နိုင်ငံခြားသား၊ သာသနာ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်း၊နိုင်ငံတော်ပိုင်ငွေကြေးနဲ့ မြေ၊အိမ်၊ယာဥ် အဆောက်အအုံတွေနဲ့ပတ်သက်ပြီး သုံးစွဲမှုရှိသူတွေနဲ့ပတ်သက် ပြီး ကန့်သတ်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် ၁၁၇ /၂၂၀ အရ အစိုးရအဖွဲ့ဝင်တစ်ဦးဦးဟာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနဲ့ နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့် တို့ဟာ ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာနဲ့ ပတ်သက်လို့တော့ ဇူလိုင်၂ ရက်နေ့ ဗဟိုအလုပ်မှုဆောင်အစည်းဝေးမှာ ဆွေးနွေးတာမရှိဘူးလို့ NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြငိ့မောင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။