၂၀၂၀ ရွေးကောက်ပွဲ-ကိုယ်စားလှယ်လောင်းစာရင်းထုတ်ဖို့ NLD ပါတီ ဘာတွေစိုးရိမ်နေသလဲ

ရေးသားခဲ့သည်။

NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အပြီးသတ်ထုတ်ပြန်ဖို့ နိုင်ငံရေးအခြေအနေကို တွက်ဆနေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ပါတီဟာ ဇွန်လကုန်မှာ ကိုယ်စားလှယ်လောင်းစာရင်းအပြီးသတ်ရွေးချယ်မယ်လို့ မူလက ပြောကြားထားတာပါ။

အခု တိုင်းနဲ့ ပြည်နယ်အဆင့်က ပေးပို့တဲ့စာရင်းတွေ ဗဟိုကိုရောက်လာပြီဖြစ်လို့ စတင်စိစစ်နေပြီးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်လောင်းတွေကို ထုတ်ပြန်ဖို့ရက်ကိုတော့ မပြောနိုင်သေးကြောင်းနဲ့ နိုင်ငံရေးအခြေအနေကို ထောက်ဆရတာကြောင့် ဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ခုလိုပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအခြေအနေဆိုတာ ဘာကိုဆိုလိုပါသလဲလို့ ဘီဘီစီကမေးတဲ့အခါ ဒေါက်တာမျိုးညွန့်က

"ကျွန်တော်တို့အဖွဲ့ရဲ့ ယှဉ်ပြိုင်မယ့်သူကို သိသွားတဲ့အခါမှာ ကန့်ကွက်ချက်တွေ၊ ဒါတွေဖြစ်လာမယ်။ နောက်တစ်ခါ မိမိတို့အဖွဲ့တွင်းမှာပေါ့။ ကိုယ်စားလှယ်နေရာလုတဲ့သဘောလေးတွေရှိလာတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့တင်ထားတဲ့လူနဲ့ ယှဉ်ပြိုင်နိုင်မယ့်လူကို ပြိုင်ဘက်ပါတီတွေက ရွေးချယ်ဖို့အတွက် အခွင့်အလမ်းပိုပြီးတော့ ကောင်းသွားစေပါလိမ့်မယ်။ ယှဉ်ပြိုင်ဘက်ကို ပိုပြီးတော့ အားသာအောင်ရွေးချယ်မယ့်အခွင့်အရေး ရသွားပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ဒါတွေကိုချင့်ချိန်ပြီးမှ ထုတ်ပြန်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

ပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကို တိုင်းနဲ့ပြည်နယ်ကနေ ရွေးရာမှာ မြို့မိမြို့ဖတွေနဲ့ ပါတီအမှုဆောင်တွေဦးဆောင်ပြီး မဲပေးရွေးချယ်ရတာဖြစ်ပါတယ်။ အခု တိုင်းနဲ့ပြည်နယ်ကနေ တင်လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လက်ရှိ ဝန်ကြီးချုပ်အများစု ပါလာပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါဝင်ခြင်းမရှိသေးဘူးလို့ ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကပြောကြားထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို အောက်ခြေကနေ မဲစနစ်နဲ့ ရွေးချယ်ပြီး ဗဟိုအဆင့်ကိုရောက်လာတဲ့အခါမှာ ဗဟိုက ဒီအပေါ်မှာစဉ်းစားမှာဖြစ်သလို ပါတီဗဟိုရဲ့ နောက်ဆုံးဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ဒီအပေါ်မှာစိတ်ဝမ်းမကွဲကြဖို့နဲ့ ဆန္ဒမပြကြဖို့ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားပါတယ်။

ဒါကြောင့် ဗဟိုကနေ ကိုယ်စားလှယ်လောင်းစာရင်းအပြီးသတ်ရွေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုကနေ တိုက်ရိုက်ရွေးချယ်ထည့်သွင်းတာမျိုး ရှိလာနိုင်သလားလို့ မေးတဲ့အခါ ဒေါက်တာမျိုးညွန့်က

"ဒါအတွက်တော့ ကျွန်တော်မှတ်ချက်မပေးပါဘူး။ ကျွန်တော်ပြောပြီးပါပြီ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ရင် လုံး၀ ဆုံးဖြတ်ပိုင်ခွင့်ရထားပြီးသားဖြစ်ပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပေါ်မှာပဲ တည်ပါတယ်ခင်ဗျ။ အဲဒီတော့ အားလုံးဖြစ်နိုင်တယ်လို့ပဲပြောနိုင်ပါတယ်" လို့ ပြောပါတယ်။

ခုလို ဗဟိုအဆင့်က ဆုံးဖြတ်တာကပဲ အတည်ဖြစ်တယ်လို့ မူလက သတ်မှတ်ထားတယ်ဆိုရင် အောက်ခြေမှာ မြို့မိမြို့ဖတွေပါဝင်ပြီး ကိုယ်စားလှယ်လောင်းတွေရွေးခိုင်းတာက မဖြစ်သင့်ဘူးလို့ ဝေဖန်တာတွေလည်းရှိလာပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွန့်က

"အားလုံး သူတို့ရွေးတဲ့အတိုင်း ဖြစ်ရမယ်ဆိုတာကတော့ လက်တွေ့မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီသက်တမ်းကြာတဲ့နိုင်ငံတွေမှာလည်း ဒီဟာမဖြစ်ပါဘူး"လို့ ပြောပါတယ်။

အခုလို နိုင်ငံရေးအခြေအနေတွေကို တွက်ဆပြီး ပါတီကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်ဖို့စဉ်းစားထားတဲ့အတွက် ဘယ်ရက်လောက်နောက်ဆုံးထားပြီး ထုတ်ပြန်နိုင်မလဲလို့ ထပ်မေးရာမှာတော့ ဒါကို မှတ်ချက်မပေးပါဘူးလို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူ၊ အမျိုးသား၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အသီးသီးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာမဲဆန္ဒနယ်သတ်မှတ်မှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။

မကြာမီရက်တွေအတွင်းမှာ ကော်မရှင်ဟာ လွှတ်တော်အသီးသီးအလိုက်မဲဆန္ဒနယ်တွေ သတ်မှတ်ကြေညာတာ၊ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တွေကို ထုတ်ပြန်ဖို့ရှိနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပဖို့ရှိပြီး ကိုဗစ်ကပ်ရောဂါစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲရုံတွေမှာမဲပေးနိုင်ရေးနဲ့ မဲစာရင်းတွေကိုအွန်လိုင်းကနေ ကြည့်ရှုနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။