ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ အင်တာနက်ဖွင့်ပေးဖို့တောင်းဆိုတဲ့ လူငယ်တွေ ပုဒ်မ ၁၉ နဲ့အမှုဖွင့်ခံရ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ဇွန်လ ၂၁ ရက်နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေကို ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ လူငယ်တွေထဲက ဦးဆောင်သူ ကိုမျိုးမင်းထွန်းဟာ မနေ့ကညနေပိုင်း မှာပဲ ပုဒ်မ ၁၉ နဲ့အမှုဖွင့်ခံလိုက်ရတယ်လို့ ကာယကံရှင်ကိုယ်တိုင်က ဘီဘီစီကို ပြောပါတယ်။
အမှုဖွင့်ခံထားရသူ ကိုမျိုးမင်းထွန်းအပါအဝင် တောင်းဆိုမှုပြုလုပ်ခဲ့ကြတဲ့ လူငယ် ၈ ဦးတို့ဟာ ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသ ရမ်းဗြဲမြို့ လူငယ်ကွန်ရက် အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။
အဲ့ဒီ လူငယ်တွေစုပေါင်းပြီး 365-Days No Internet/ Stop Internet Shutdown ဆိုတဲ့ စာတမ်းပါဆိုင်းဘုတ်တွေနဲ့ ရမ်းဗြဲမြို့ပေါ်မှာ ဓါတ်ပုံရိုက်ပြီးတော့ သူတို့အဖွဲ့ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတစ်ဆင့် တောင်းဆို ခဲ့ကြတာဖြစ်ပါတယ်။
အင်တာနက်ဖွင့်ပေးဖို့အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတဲ့ လူငယ်တွေဟာ ခွင့်ပြုချက်မရှိဘဲ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အင်္ကျီတွေကိုဝတ်ပြီး ဓာတ်ပုံရိုက်ဆန္ဒပြခဲ့ကြတဲ့အတွက် အမှုဖွင့်ရတာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့မြို့နယ် ၇ မြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ အစိုးရက အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားခဲ့တာ ကတစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုနဲ့ ရန်ကုန်မြို့တို့မှာလည်း တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စစ်တွေမြို့ပေါ်မှာတော့ လူငယ်တွေစုပေါင်းပြီးတော့ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ အင်တာနက်ဖြတ်တောက်မှုတွေကို ပြန်လည်ဖွင့်ပေးဖို့နဲ့ အင်တာနက်ဖြတ်တောက်ခံထားရချိန်တွေအတွင်း စစ်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအများအပြားရှိနေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ရမ်းဗြဲမြို့မှာတော့ အင်တာနက်ပြန်ဖွင့်ပေးဖို့တောင်းဆိုတာနဲ့ပတ်သက်လို့ လူငယ်တွေအမှုဖွင့်ခံထားရပေမဲ့ လောလောဆယ်မှာတော့ ဖမ်းဆီးထားတာမျိုးတော့မရှိဘူးလို့ သိရပါတယ်။
တောင်းဆိုမှုပြုလုပ်ပြီးညနေပိုင်းမှာ လာခေါ်တဲ့အတွက် မြို့နယ်ထွေအုပ်ရုံးကိုရောက်သွားချိန်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အတူ ရဲအရာရှိတွေရှိနေပြီး လူမှုကွန်ရက်ပေါ်မှာ အင်တာနက်ဖွင့်ပေးဖို့ တောင်းဆိုတဲ့ပုံတွေကိုတင်ထားတာဟာ ခွင့်ပြုချက်မဲ့ပြုလုပ်တာဖြစ်ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ငြိစွန်းတဲ့အတွက် တရားစွဲဆိုရမှာဖြစ်တယ်လို့ အသိပေးပြောဆိုခဲ့ကြောင်း ကိုမျိုးမင်းထွန်းက ပြောပါတယ်။
"ကျွန်တော်တို့ လူငယ် ၈ ယောက်က မနေ့က ဆိုင်းဘုတ်နှစ်ခုနဲ့ ဓါတ်ပုံတွေရိုက်တယ်။ ပြီးတော့ အဖွဲ့ရဲ့အကောင့်ကနေ တင်ခဲ့တာပါ။ အင်တာနက်ပြန်ဖွင့်ပေးဖို့အတွက် တောင်းဆိုတာပါ။ ညနေပိုင်းမှာတော့ ကျွန်တော်တို့အားလုံးကို ရဲကလာခေါ်တယ်။ ထွေအုပ်ရုံးကိုခေါ်တာပါ။ အဲ့ဒီမှာ ကျွန်တော်တို့က ခွင့်ပြုချက်မဲ့လုပ်တယ် ငြိမ်းစုစီဥပဒေနဲ့ငြိတဲ့အတွက် ပုဒ်မ ၁၉နဲ့ တရားစွဲမယ်ဆိုပြီးပြောပါတယ်။"လို့ ကိုမျိုးမင်းထွန်းက ပြောပါတယ်။
ဇွန်လ ၂၂ ရက် မနက်ပိုင်းမှာတော့ ဦးဆောင်သူ ကိုမျိုးမင်းထွန်းအပြင် ကျန်တဲ့ ၇ ဦးတို့ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူခဲ့တဲ့ အတွက် သွားရောက်စစ်ဆေးမှုတွေခံယူခဲ့ရတယ်လို့ သူကပြောပါတယ်။
အဲ့ဒီအဖွဲ့ကို ကိုမျိုးမင်းထွန်းက ခေါင်းဆောင်ပြီး လူငယ်၈ဦးတို့က ရမ်းဗြဲမြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အင်္ကျီတွေကိုဝတ်ဆင်ပြီး ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်ဝင်းကပြောပါတယ်။
"ကိုမျိုးမင်းထွန်းအပါအဝင် ၈ ဦးပေါ့။ ရမ်းဗြဲမြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ ဆိုင်းဘုတ်တွေကိုင်ပြီးတော့ ဆန္ဒပြကြတယ်ပေါ့။ အဲ့ဒါကို သူတို့ကခွင့်ပြုချက်မတောင်းခဲ့လို့ ခေါင်းဆောင်ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာပေါ့။"လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ရမ်းဗြဲမြို့နယ် တရားရုံးမှာ ဇွန်လ ၂၃ ရက် ဒါမှမဟုတ် ၂၄ ရက်နေ့တွေမှာ အမှုရင်ဆိုင်ရနိုင်ခြေ ရှိတယ်လို့ ကိုမျိုးမင်းထွန်းက ပြောပါတယ်။
အဲ့ဒီတောင်းဆိုမှုကို မနေ့ကတစ်ရက်တည်းမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်ပေါင်းစုံက လူငယ်အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတာ့ ၁၇ မြို့နယ်စလုံးမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒီတောင်းဆိုမှုဟာ အများပြည်သူကိုထိခိုက်မှုမရှိသလို အင်တာနက်တွေကို ပြန်လည်ဖွင့်ပေးစေချင်တဲ့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းပြီး အဖွဲ့ပေါင်း ၇၀ ကျော်တို့က ရခိုင်ပြည်နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ် တွေမှာ တစ်နှစ်အကြာအင်တာနက် ဖြတ်တောက်ထားမှုကို ပြန်လည်ဖွင့်ပေးဖို့အတွက် နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီကို အိပ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြပါတယ်။