ဂျပန်ရန်ကို မကြောက်ဘဲ ရှေ့တန်းမှာသီချင်းဆိုခဲ့သူ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
ဇွန်လ ၁၈ ရက်က အသက် ၁ဝ၃ နှစ်မှာ ကွယ်လွန်သွားတဲ့ ဗြိတိသျှအဆိုတော် ဗီရာလင်းဟာ မြန်မာပြည် စစ်မျက်နှာကို ဒုတိယကမ္ဘာစစ်အတွင်းက ရောက်ရှိခဲ့ပါတယ်။
တို့ပြန်တွေ့ကြမယ်၊ ဒိုဗာကမ်းပါးဖြူများ စတဲ့သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ ဗီရာလင်းဟာ စစ်အတွင်း ရှေ့တန်းစစ်မျက်နှာရောက် မဟာမိတ်တပ်သားတွေကို ဖျော်ဖြေဖို့ အာရှကို ခရီးထွက်ရင်း ရောက်လာတာ ဖြစ်ပါတယ်။
၁၉၄၄ မှာ အီဂျစ်နဲ့ အိန္ဒိယကနေတဆင့် အာသံနဲ့ ရခိုင်စစ်မျက်နှာပြင်မှာ တိုက်ခိုက်နေတဲ့ စစ်သားတွေကို အားပေးဖို့ စန္ဒရားအိုလေးတလုံးနဲ့ ရေယာဉ်ပျံစီးပြီး သူလာခဲ့တာပါ။ ၁၉၄၄ မတ်လမှာ ဘင်္ဂလားနယ်က ရှမ်ရှာနဂါ လေယာဉ်ကွင်းကနေ အာသံနယ်က ကိုဟီးမားတိုက်ပွဲကြီးမှာ ဂျပန်နဲ့ ရင်ဆိုင်နေရတဲ့ တပ်တွေကို သွားရောက် ဖျော်ဖြေခဲ့ပါတယ်။ နောက် ဘင်္ဂလားနယ်ထဲက ရခိုင်နဲ့ စပ်နေတဲ့ ဘော်လီဘဇားလို စခန်းတွေကိုလည်း သွားပြီး သီဆိုပေးခဲ့ပါတယ်။
ဒီလို စွန့်စွန့်စားစား သွားရောက်ဖျော်ဖြေခဲ့တဲ့အတွက် ၁၉၈၅ မှာ ဗြိတိသျှအစိုးရက ဗီရာလင်းကို ဘားမားစတားဘွဲ့နဲ့ ဂုဏ်ပြုခဲ့ပါတယ်။

ငရဲလိုပဲ
စစ်အတွင်းမှာ သူကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်စစ်မျက်နှာဟာ ငရဲလိုပဲလို့ ဗီရာလင်းက ပြောခဲ့ကြောင်းလည်း လန်ဒန်ထုတ် ကြေးမုံ သတင်းစာက ဖော်ပြပါတယ်။
ပူပြင်းစိုစွတ်တဲ့ မုတ်သုန်တောကြီးမျက်မည်းထဲမှာ ဂျပန်တပ်တွေကို ရင်ဆိုင် တိုက်ခိုက်ရတဲ့အပြင် တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်နဲ့ ရောဂါဘယတွေကိုလည်း ဒီစစ်သားတွေ ရင်ဆိုင်ခဲ့ရပါတယ်။
နွားချေးပိုးနဲ့ ခြင်တွေ၊ ကျားသစ်အရေခွံတွေ ဆင်တွေ ပေါသလို ရွှံ့၊ မော်တာကျည်ဆန်နဲ့ ငှက်ဖျားရောဂါ၊ ဝီစကီအရက်တွေလည်း ပေါတယ်လို့ ရှေ့တန်းစစ်မျက်နှာအခြေအနေကို ဗီရာလင်းက ပြန်ပြောင်းရေးပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတုန်းက ၂၇ နှစ်သာ ရှိသေးတဲ့ ဗီရာလင်းဟာ ကာကီဘောင်းဘီတိုနဲ့ ကိုဟီးမားကို ရောက်လာတဲ့အတွက် ရှေ့တန်းမှာ အမိနိုင်ငံနဲ့ မိုင်ထောင်ချီဝေးနေတဲ့ စစ်သားတွေအတွက် အားဆေးသဖွယ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီအချိန်က ရှေ့တန်းက မဟာမိတ်တပ်တွေကို သွားဖျော်ဖြေတာတွေ ရှိခဲ့ပေမယ့် ဗီရာလင်းကတော့ သူများတွေ သွားနိုင်တာထက် ပိုပြီးရောက်အောင်သွားမယ်ဆိုပြီး အဝေးဆုံး အာသံနယ်အထိ ရောက်အောင်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က သူလက်ထပ်ပြီးစ နှစ်ပိုင်းပဲ ရှိပါသေးတယ်။ အန္တရာယ်ရှိတဲ့နေရာတွေကို မသွားဖို့ စစ်ဘက်အာဏာပိုင်တွေက သတိပေးပေမယ့် ရှေ့တန်းက လူငယ်စစ်သားတွေအတွက် စိတ်ဓာတ်တက်ကြွအောင် အားပေးချင်တဲ့အတွက် ဖြစ်အောင်သွားခဲ့တာပါ။
ဒီလိုထွက်မလာခင်မှာ ခင်ပွန်း ဟယ်ရီလီးဝစ်ကိုလည်း မတိုင်ပင်မိခဲ့ဘူးလို့ ဗီရာလင်းက ပြန်ပြောင်းရေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ယောက်ျားတွေကြားမှာ သူ့မိန်းမတယောက်တည်း ဖြစ်နေမှာကို ယောက်ျားက စိတ်ပူနေမလားလည်း မမေးခဲ့မိဘူးလို့ ဆိုပါတယ်။ သူ့ယောက်ျားကို မေးခဲ့မိရင်လည်း တားမှာ မဟုတ်ပါဘူးလို့ ဗီရာလင်းက ရေးပါတယ်။
တောင်ပေါ်မှာ တိုက်ပွဲဖြစ်နေချိန်မှာ တောင်ခြေကို သူရောက်ခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်လို့လည်း ဗီရာလင်းက လန်ဒန်က ကြေးမုံသတင်းစာကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ မြန်မာပြည် နယ်စပ်တွေမှာ သူ လေးလနေခဲ့ပါတယ်။
ကျည်ဆန်လက်ဆောင်
နောက် ဆေးရုံရောက်နေတဲ့ လူနာတွေကိုလည်း သူအားပေးခဲ့ပါတယ်။ အနာတွေရင်းပြီး ပုပ်စော်တထောင်းထောင်းထနေတဲ့ ကုတင်တွေကို လှည့်ပတ်ပြီး ထောင်နဲ့ချီတဲ့ တပ်သား လူနာတွေကို သူအားပေးခဲ့ပါတယ်။ ရောက်ရာနေရာတိုင်းက ဆေးရုံတိုင်းက လူနာဆောင်တိုင်း၊ ကုတင်တိုင်းကို ရောက်အောင် သွားအားပေးစကားပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီခရီးမှာ သူ့ကိုဆုံခဲ့ကြတဲ့ တပ်သားတွေက ရည်းစားဇနီးကို ခင်တွယ်စိတ်မျိုးထက် နှမကို သူငယ်ချင်းကို ခင်တဲ့စိတ်မျိုးနဲ့ သူ့ကို ချစ်ခင်အားပေးခဲ့ကြ တာလို့လည်း ဒေးလီးမေသတင်းစာက ရေးပါတယ်။
ရွက်ဖျင်တဲတွေနဲ့ လူနာထားတဲ့နေရာတွေမှာလည်း သန့်ရှင်းရေးက ဘာမှမရှိပါဘူး။ လူနာတွေကို ကြည့်ရတဲ့ ဆရာဝန်တွေကလည်း အတွေ့အကြုံနုတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။
အိန္ဒိယစစ်သားတယောက်ရဲ့ လက်မောင်းက ထုတ်ယူရတဲ့ ကျည်ဆန်တတောင့်ကိုလည်း ဗီရာလင်းအတွက် စစ်သားက လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီကျည်ဆန်ကို သူသိမ်းထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IWM/Getty Images
ရေပုံးတပုံး၊ အိမ်သာသွားဖို့ပုံးလွတ်တပုံးပေးထားတဲ့ တဲပုတ်လိုမျိုးထဲမှာ ရက်သတ္တပတ် တွေ နဲ့ချီပြီး သူနေခဲ့ရပါတယ်။ ချိုးစရာရေလည်း မရှိပါဘူး။
ဒီခရီးမှာ အာဏာပိုင်တွေက စစ်ဘက်လုံခြုံရေးအတွက် တားမြစ်ထားတဲ့ကြားက လျှို့ဝှက်မှတ်တမ်းရေးခဲ့ပါတယ်။ ဒီမှတ်တမ်းတွေနဲ့ ဓာတ်ပုံတွေကို စုစည်းပြီး သူအသက်တရာပြည့်တဲ့ ၂ဝ၁၇ မှာ ပြုံးလျက်သာနေမယ်၊ ကျွန်မရဲ့ စစ်အတွင်း မြန်မာပြည်ပုံပြင် ဆိုပြီး စာအုပ်တအုပ် ထုတ်ဝေခဲ့ပါတယ်။
အဝေးဆုံးဆိုလို့ နယ်သာလန်လောက် ရောက်ဖူးပြီး လေယာဉ်လည်း မစီးဖူးတဲ့ ဗီရာလင်းအဖို့ အဲဒီခရီးဟာ ဘဝကိုပြောင်းသွားစေတဲ့ခရီးဖြစ်ပါတယ်။ ခြောက်ထောင်လောက်ရှိတဲ့ တပ်သားတွေရှေ့မှာ သူသီချင်းဆိုခဲ့သလို ဆေးရုံကုတင်ပေါ်က မထနိုင်တဲ့ တပ်သားနှစ်ယောက်ကိုလည်း သူဆိုပြခဲ့ရပါတယ်။
အဲဒီတပ်သားတွေ တောင်းဆိုတဲ့ တို့ပြန်တွေ့ကြမယ် သီချင်းကို ဆိုပေးရတဲ့အချိန်မှာ သူတို့စိတ်ထဲ ဘယ်လိုရှိနေမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်လို့ ဗီရာလင်းက ဆိုပါတယ်။
မိုးကျနတ်မယ်
အဲဒီတုန်းက သူ့ဖျော်ဖြေမှုတွေကို မြင်ခဲ့ကြားခဲ့သူတွေကလည်း နတ်မိမယ်တပါးကလာပြီး ဖျော်ဖြေသလို ခံစားခဲ့ရကြောင်း ပြန်ပြောင်းပြောကြပါတယ်။ သူသီဆိုပေးခဲ့တဲ့ စစ်သားတချို့ဟာ မိသားစုနဲ့ ဝေးနေတာ စစ်စဖြစ်တဲ့ ၁၉၃၉ ကစရင် ငါးနှစ်လောက် ရှိနေတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အတွက် ဒီလို တကူးတကလာပြီး စွန့်စားသီဆိုပေးတာကို ရူးမတတ် ပျော်ရွှင်မိကြောင်း ရေးသားခဲ့ကြပါတယ်။ ဒီလိုအားပေးကြတဲ့အတွက်လည်း ဗီရာလင်းကိုယ်တိုင် ဆယ်မိနစ်လောက် သီချင်းဆက်မဆိုနိုင်ဘဲ ငိုကြွေးခဲ့ရကြောင်းလည်း အင်ဒီပင်းဒင့်သတင်းစာမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိုက်စပ်ပူလောင်နေတဲ့ မြန်မာပြည်တောကြီးထဲမှာ ဗီရာလင်း တကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေပြီး အသံပြာလာတဲ့အထိ သီဆိုပေးခဲ့တာလို့လည်း အသက် ၉ဝ ကျော် စစ်သားဟောင်းကြီးတွေက ပြန်ပြောင်းပြောပြကြပါတယ်။ သူသီချင်းသုံးလေးပုဒ် ဆိုပြီးတဲ့အထိ အောက်က စစ်သားတွေက ဆက်အားပေးနေကြတဲ့အတွက် မရပ်ဘဲ ဆက်ဆိုပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
နောက် ဗီရာလင်းကိုယ်တိုင် စစ်အတွင်းမှာ ဗြိတိန်ပြည်အနှံ့သွားခဲ့ထားသူဖြစ်လို့ ဒီစစ်သားတွေရဲ့ မြို့ရွာအခြေအနေတွေကို သူကပြန်ပြောပြပြီး စစ်သားတွေကို အားပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည် စစ်မျက်နှာကို အုပ်ချုပ်တဲ့ ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းကလည်း သူ့တပ်သားတွေ လိုတာ ကျည်ဆန်နဲ့ အမဲသားဘူးတွေအပြင် စိတ်ဓာတ်ပိုင်းအားပေးမှုပါ လိုတာကို သိတဲ့သူဖြစ်ပါတယ်။
နောက်အဲဒီခေတ်က ဗြိတိန်မှာ ဗီရာလင်းကို နိုင်ငံရဲ့ ရေဒီယိုအချစ်တော်လို သဘောထားကြပြီး စစ်အတွင်း ပူပင်သောကရောက်ရတဲ့ဘဝတွေကို သူ့သီချင်းတွေနဲ့ ဖြေသိမ့်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
တွမ်မိုးနဲ့ ဗီရာလင်း
ဒီသီချင်းတွေကိုပဲ ကိုဗစ်-၁၉ ကပ်ဘေးအတွင်းမှာ ပြန်ဖော်ထုတ်လာကြပြီး တို့ပြန်တွေ့ကြမယ် သီချင်းနဲ့ မျှော်လင့်ချက်ရောင်ခြည်ကို စောင့်ခဲ့ကြပြန်ပါတယ်။ ဒီလိုအချိန်မှာ ဗီရာလင်းကွယ်လွန်ခဲ့တဲ့အတွက် နှမြောတသဖြစ်ရကြောင်း ပန်းခြံထဲအခေါက်တရာလျှောက်ပြပြီး ဗြိတိသျှကျန်းမာရေးဌာနအတွက် ပေါင် ၃၃ သန်းအလှူခံပေးခဲ့တဲ့ မြန်မာပြည်စစ်ပြန် ဗိုလ်ကြီးဟောင်း တွမ်မိုးက ပြောပြခဲ့ပါတယ်။
ဗီရာလင်း ဒီထက် အသက်ပိုပို ရှည်နေလိမ့်ဦးမယ်လို့ မျှော်လင့်ခဲ့ကြောင်းလည်း တွမ်မိုးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ သူတို့နှစ်ဦး မြန်မာပြည်စစ်မျက်နှာပြင်မှာ လွန်ခဲ့တဲ့ ၇၆ နှစ်က တွေ့ဆုံခဲ့ကြဖူးတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဗီရာ သီချင်းဆိုပြတာကို မြင်ခဲ့ရတဲ့အတွက် သူ့ဘဝမှာ အမြဲတမ်းအမှတ်တရဖြစ်နေခဲ့တယ်လို့လည်း တွမ်မိုးက ဆိုပါတယ်။








