ဝန်းသိုကုမ္ပဏီ သတ္တုရှာမယ့်နေရာမှာ မြေရှားသတ္တု မရှိဘူးလို့ အစိုးရရှင်း

ဓာတ်ပုံ ရင်းမြစ်, BBC
တရုတ်နိုင်ငံ နဲ့ ဖက်စပ်လုပ်ကိုင်ပြီး သတ္တု ရှာဖွေရေးလုပ်ဖို့ခွင့်ပြုတဲ့ ဝန်းသို ကုမ္ပဏီက သတ္တုရှာမယ့်နေရာမှာ မြေရှားသတ္တု မရှိဘူးလို့ မြန်မာနိုင်ငံဘူမိဗေဒ နဲ့ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းက ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သက်တင်ညွန့်က ပြောပါတယ် ။
ဝန်းသိုဒေသက မြေဧရိယာ နှစ်သိန်းနီးပါးမှာ မြန်မာနိုင်ငံက ကုမ္ပဏီကို ကြေးနီနဲ့ရွှေသတ္တု စမ်းသပ်ရှာဖွေဖို့ ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ ရွှေနဲ့ကြေးနီသာ အဓိကတွေ့ရကြောင်း ဇွန် လ ၁၇ ရက်မှာ ကျင်းပတဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ သက်တင်ညွန့်က သတင်းထောက်တွေကို ပြောပါတယ်။
အစိုးရအနေနဲ့ စစ်ကိုင်းတိုင်း ဝန်းသိုဒေသက မြေဧရိယာ တစ်သိန်းရှစ်သောင်းကျော်မှာ ရွှေနဲ့ကြေးနီ သတ္တုရှာဖွေ စမ်းသပ်လေ့လာမှုတွေ လုပ်ဖို့ ခွင့်ပြုပေးခဲ့တာသာဖြစ်ပြီး ရှာဖွေမှုတွေလုပ်ရင်း ဖြစ်ထွန်းမှုနည်းတဲ့ ဧရိယာတွကို နှစ်စဥ်လျှော့ချသွားမှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
တကယ်တမ်း ထုတ်လုပ်မှုတွေလုပ်ရင် သီးခြားစာချုပ် ချုပ်ရမှာ ဖြစ်ပြီး အခုခွင့်ပြုဧရိယာရဲ့ ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းခန့် ဧရိယာသာ ထုတ်လုပ် တူးဖော်ရန် ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာ သက်တင်ညွန့်က ပြောပါတယ်။

ဒီဧရိယာဟာ ၁၉၇၄ ကနေ ၁၉၇၈ အထိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် ယူအန်ဒီပီနဲ့ ဘဓရ(ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန)တို့ ပူးပေါင်းပြီး ဘူမိဗေဒမြေပုံရေးဆွဲခြင်းနဲ့ ဓာတ်သတ္တု ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ဒေသ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အခု ဝန်းသိုကုမ္ပဏီကို ချထားပေးတဲ့ ဧရိယာဟာ ကနေဒါနိုင်ငံနဲ့ ဘဓရ တို့ပူးပေါင်းပြီး ၁၉၉၅ ခုနှစ် ကနေ ၂၀၀၄ အထိဆောင်ရွက်ခဲ့တဲ့ ဒေသဖြစ်ပြီး ယခင်တိုင်းတာမှု အချက်အလက်တွေအရ မြေရှားသတ္တု ဖြစ်ထွန်းမှုမရှိဘဲ ရွှေနဲ့ ကြေးနီသာ ထွက်ရှိတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
အခုခွင့်ပြုတဲ့အဆင့်ဟာလည်း သတ္တု ရှာဖွေစမ်းသပ်မှု ဖြစ်မြောက်နိုင်စွမ်းလေ့လာတဲ့ အဆင့်ဖြစ်ပြီးတော့ ဘာ သတ္တု ဖြစ်ထွန်းမှု ရှိသေးလဲဆိုတာကို လေ့လာတဲ့အဆင့် ဖြစ်တယ်လို့လည်း ဆက်လက် ရှင်းပြခဲ့ပါတယ်။
ဒီကာလမှာ မြေသားနမူနာ ကောက်ယူမယ်၊ ကျောက်သားနမူနာ ကောက်ယူမယ် စတဲ့အဆင့် သာဖြစ်ပြီး သတ္တု တူးဖော်ဖို့ခွင့်ပြုထားတာ မရှိဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေရှားသတ္တု Rare Earth ကို ပမာဏ အများဆုံး ထုတ်ခဲ့တဲ့ နိုင်ငံတွေထဲ မြန်မာဟာ တရုတ်၊ အမေရိကန်နဲ့ ဩစတြေးလျတို့နောက် စတုတ္ထမြောက် ရှိနေတယ်လို့ အမေရိကန် အစိုးရရဲ့ ဘူမိလေ့လာရေး အသင်း USGS က ဆိုပါတယ်။
၂ဝ၁၈ ထဲမှာဆိုရင် မြန်မာနိုင်ငံဟာ မြေရှားသတ္တု တန် ငါးထောင် ထုတ်ခဲ့တယ်လို့ USGS ရဲ့ စာရင်းဇယားတွေက ဖော်ပြ ခဲ့ပါတယ်။
မြန်မာပြည် မြေအောက်ထဲ မြေရှားသတ္တု ဘယ်လောက် ပမာဏ ရှိနေနိုင်တယ် ဆိုတာကိုတော့ USGS က တိတိကျကျ မပြောဆိုနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂ဝ၁၉ မေလလယ်မှာ တရုတ်က မူဝါဒပြောင်းပြီး သူတို့ နိုင်ငံထဲ မြန်မာဘက်က မြေရှားသတ္တု သွင်းတာကို ပိတ်ပင်လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ မြေရှားသတ္တု အရန်ပမာဏ အများဆုံး ရှိတဲ့ နိုင်ငံ၊ ထုတ်လုပ်မှု ပမာဏ အများဆုံး နိုင်ငံ ဖြစ်သလို ပြည်ပကို အတင်ပို့ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ အဲ့ဒီ သတ္တုလုပ်ကွက်တွေကို ပြည်ထောင်စု အစိုးရက နေရာနဲ့လုပ်ကွက် သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုး ရကို သဘောထားမှတ်ချက် တောင်းခံရတာလည်းဖြစ်ပါတယ်။
တိုင်းဒေသကြီး အစိုးရ က ဝန်းသိုကုမ္ပဏီ ရဲ့လုပ်ကွက်ကို ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက်ပေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို လည်းတင်ပြခဲ့တယ်လို့ လည်းရှင်းသွားခဲ့ပါတယ်။
အဲဒီ့ကုမ္ပဏီဟာ ဝန်းသိုဒေသမှာ တုန်ကျောင်း၊ တောင်ကုန်း၊ နောင်ဖက် စတဲ့လုပ်ကွက်သုံးခုမှာ စမ်းသပ်ရှာဖွေရေးလိုင်စင်ရရှိခဲ့ တာလည်းဖြစ်ပါတယ်
တရုတ်နိုင်ငံပိုင်လုပ်ငန်း PanAust ဟာ ဒီစီမံကိန်းကို လုပ်ကိုင် ဖို့အတွက် Wuntho Resources Company Limited (WRCL) အမည်ရှိ တဲ့ဖက်စပ်လုပ်ငန်းတခုကို Myanmar Energy Resources Group International Company Ltd (MERG) နဲ့ ပူးပေါင်းထူထောင်ခဲ့ပြီး PanAust ဟာ WRCL ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး MERG က ကျန် ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် တယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kachin Regional Goverment
ဒီကုမ္ပဏီကို တင်ဒါ မခေါ်ဘဲခွင့်ပြုတာဟာလည်း နိုင်ငံတကာမှာ ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ခွင့်ပြုခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့စိတ်ဝင်စားလျှောက်ထားမှုအပေါ်မှာ ခွင့်ပြုခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ ဆက်စပ်တဲ့ အစိုးရ ဝန်ကြီးဌာနတွေကိုလည်း သဘောထားမှတ်ချက်တောင်းခဲ့တယ်လို့လည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ကို တင်ပြခဲ့ခြင်းမရှိတာနဲ့ ပတ်သက်လို့လည်း လုပ်ထုံးလုပ်နည်းအရ တင်ပြဖို့ မလိုလို့ ဖြစ်ပြီး စာချုပ်ကိုတော့ တင်ပြခဲ့တယ် အမြဲတန်း အတွင်းဝန် (သတ္တုရေးရာ )ဦးမင်းမင်းဦး ကပြောပါတယ်။
ဝန်းသို ကုမ္ပဏီကို အန်အယ်ဒီ နာယက ဦးဝင်းထိန် ရဲ့ သမက် ပါ၀င်ပတ်သက်မှုရှိတယ်ဆိုတာ နဲ့ ပတ်သက် လို့လည်း အစိုးရ ရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန DICA က အတည်ပြုတဲ့ ဒါရိုက်တာ စာရင်းနဲ့ စိစစ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကုမ္ပဏီရဲ့ လုပ်ငန်းနဲ့ပတ်သက်လို့ အာဏာရ ပါတီဘက်က ဖိအားပေးတာ မရှိကြောင်းနဲ့ ဝန်ကြီးဌာနကို လာပြီး ဆက်သွယ်ပြောဆိုတာ၊ ဦးစားပေး လုပ်ဖို့ပြောဆိုတာတွေ မရှိကြောင်း အောက်ခြေလုပ်ငန်း ရှာဖွေရေးတွေမှာလည်း ပါဝင်ပတ်သက်တာ မရှိကြောင်းလည်း ပြောသွားခဲ့ပါတယ်။








