ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ် ဂျပန်ရောက်မြန်မာတွေ ကိုဗစ်အတွက်ငွေလှူ၊ စစ်မဲ့ဇုန်ကို စစ်တပ်လွှတ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်၊ ဘေဂျင်းကဈေးမှာ ငါးခုတ်တဲ့စဉ်းတီတုံးမှာကိုဗစ်ပိုးတွေ့
(၁)ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ် ဂျပန်ရောက်မြန်မာတွေက ကိုဗစ်အတွက် ကျပ်သိန်း ၅၀ ခန့်လှူ
ဂျပန်ရောက်မြန်မာနိုင်ငံသားတချို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်ရောဂါတုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ကျပ်သိန်းငါးဆယ်ခန့်ကို လှူဒါန်းခဲ့ပါတယ်။
ဇွန် ၁၉ ရက်မှာကျရောက်မယ့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် အခုလိုလှူဒါန်းတာဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ဇွန် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဂျပန်ယန်းငွေ သုံးသိန်းခြောက်သောင်းကျော်(မြန်မာငွေကျပ် သိန်းငါးဆယ်ခန့်) ကို မြန်မာသံအမတ်ကြီးကတစ်ဆင့် ခုလိုပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို အစိုးရတာဝန်ယူပြီးတဲ့နောက်ပိုင်း အခမ်းအနားနဲ့ ကျင်းပခဲ့တာမျိုးရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် လာမယ့် ၇၅ နှစ်မြောက်မွေးနေ့ပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆိုတာတော့ မသိရသေးဘူးလို့ ပါတီနဲ့ နီးစပ်သူတချို့ကပြောပါတယ်။
(၂) စစ်မဲ့ဇုန်ကို စစ်တပ်လွှတ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်
တောင်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်သတ်မှတ်ထားတဲ့နေရာကို မြောက်ကိုရီးယားဘက်က စစ်တပ်တွေ ဝင်ဖို့ အသင့်ပြင်ထားတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တောင်ကိုးရီးးယားဘက်က မြောက်ကိုရီးယားကို ဝါဒဖြန့်စာတွေပေးပို့တယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးတဲ့နောက် ခုလို အခြေအနေတွေဖြစ်လာတာပါ။
နှစ်နိုင်ငံကြားမှာ နယ်စပ်ဖြတ်ကျော်ပြီး ဝါဒဖြန့်မှုတွေကြောင့် တင်းမာမှုတွေက မြင့်တက်နေပါတယ်။
ဒီသတင်းပတ်ကုန်ပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမ ကင်ရိဂျုံက စစ်တပ်ကို ဒီကိစ္စအတွက် အဆင်သင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။
စစ်တပ်အနေနဲ့ ရှေ့တန်းကို သူတို့ရဲ့ ခံတပ်အဖြစ် အသွင်းပြောင်းဖို့ အသင့်ဖြစ်နေသလို သတိဝိရိယရှိရှိနဲ့ နိုးနိုးကြားကြားဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း တာင်မြောက်နိုင်ငံအဖြစ် ခွဲခြားထားတဲ့ နယ်စပ်မျဉ်းတစ်လျှောက် ကြားခံဒေသတစ်ခုကို စစ်မဲ့ဇုန်လို့ သတ်မှတ်ခဲ့တာပါ။
တောင်ကိုးယားစစ်တပ်ကလည်း ပြီးခဲ့တဲ့အင်္ဂါနေ့က စစ်အင်အားလျှော့ချထားတဲ့ ဒေသတွေကို စစ်တပ်စေလွှတ်ဖို့ လုပ်ငန်းစဉ်အတွက် လေ့လာနေတယ်လို့ ပြောကြားထားပါတယ်။
အစိုးရက ညွှန်ကြားချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ စစ်တပ်အနေနဲ့ အသင့်ပြင်ထားတယ်လို့လည်း ဆိုပါတယ်။
(၃) ဘေဂျင်းကဈေးအတွင်း ငါးခုတ်တဲ့စဉ်းတီတုံးမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့တယ်လို့ဆို
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က ဈေးတစ်ခုအတွင်းမှာ ပြည်ပကလာတဲ့ ဆော်လမွန်ငါးကို ခုတ်ရာမှာ သုံးတဲ့ စဉ်းတီတုံးမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရတယ်လို့ တရုတ်အစိုးရသတင်းဌာနက ဖော်ပြပါတယ်။
ဒီဗိုင်းရပ်စ်ကိုနှိမ်နင်းနိုင်တဲ့တိုင်းပြည်တွေမှာတောင် ရောဂါပိုးပြန်ခေါင်းထောင်လာနိုင်တဲ့ကူးစက်မှုရန်က ခြောက်လှန့်နေဆဲဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်တိုင်း သတိထားဖို့လိုကြောင်းနဲ့ ပြီးခဲ့တဲ့သီတင်းတုန်းက ဘီဂျင်းမှာ အစုလိုက်ကူးစက်မှုတွေဖြစ်ခဲ့ပြီး လူတစ်ရာကျော်မှာ ပိုးတွေ့ခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောပါတယ်။
အဲဒီလူတွေဟာ ဘယ်ကစကူးပြီး ဘယ်နှယောက်လောက် ကူးစက်ခဲ့ပြီလဲဆိုတာကိုတော့ စုံစမ်းဖော်ထုတ်နေဆဲလို့လည်း သူက ဆက်ပြောပါတယ်။
ဘေဂျင်းမှာ အခုလို ကူးစက်မှုတွေရှိလာတာကြောင့် တချို့နေရာတွေကိုအသွားအလာပြန်ကန့်သတ်ထားပါတယ်။