ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ဝင်ရောက်လာသူ တစ်ဦးနဲ့ အိန္ဒိယပြန် ၁၀ ဦးမှာ ကူးစက်မှု ထပ်တွေ့

ဓာတ်ပုံ ရင်းမြစ်, KAUNG MRAT NAING
ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်လာသူ တစ်ဦးနဲ့ အိန္ဒိယက ပြန်လာသူ ၁၀ ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဇွန်လ ၁၁ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘူးသီးတောင်မှာ တွေ့ရတဲ့ ကူးစက်ခံရသူဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာသူ ဖြစ်တယ်လို့ ဘူးသီးတောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။
သူဟာ အသက် ၂၆ နှစ်အရွယ် လူနာအမှတ်စဥ် ၂၅၀ ဖြစ်ပါတယ်။
သူနဲ့ အတူ ဝင်လာသူတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရှာဖွေတွေ့ရှိခဲ့လို့ ဗလီတစ်ခုမှာ ထားရှိထားပြီး သူတို့ကို စစ်ဆေးခဲ့ရာက အခုလို ပိုးတွေခဲ့တာ ဖြစ်တယ်လို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။
သူ့ကို ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသခံစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ ရောဂါအခံမရှိဘဲ အခုလို ဝင်ရောက်လာသူဆီကနေ ပိုးတွေ့ရတာ ဖြစ်တယ်လို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။
အခုလို တရားမဝင်ဝင်ရောက် လာသူတွေထဲက ရောဂါပိုးတွေ့ရှိသူတွေ ရှိလာတဲ့နောက်ပိုင်းမှာတော့ အစိုးရက ကိုဗစ်ကာလအတွင်း တရားဝင် လက်ခံရေးစခန်းမရှိတဲ့ စခန်းတွေက ဝင်လာတဲ့ အတွက် ရောဂါ ပြန့်ပွားမှုဖြစ်နိုင်သလို ရောဂါထိန်းချုပ်ရေးကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် ခိုးဝင်လာသူတွေကို လက်ခံထားရင် ဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီလို ဝင်ရောက်လာသူတွေကို ထိန်းနိုင်တဲ့ အခြေအနေမရှိဘဲ ဖြစ်နေတယ်လို့ ဦးမောင်ကျော်ဇံက ဆိုပါတယ်။
အရင်က တရားမဝင် ဝင်ရောက်လာသူတွေကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူပေမဲ့ အခုအခါမှာ အရေးမယူတော့ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဒီလို ပြန်ဝင်လာသူတွေထဲက ပိုးတွေ့ရာမှာ မောင်တောမြို့မှာလည်း လေးဦးရှိထားပြီး ဖြစ်ပါတယ်။
အိန္ဒိယက ပြန်လာသူတွေမှာတော့ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၂ ဦးမှာ ကူးစက်ခံရတာကို တွေ့ရှိခဲ့ရပြီး သူတို့တွေဟာ အသက် အငယ်ဆုံး ၁၀ နှစ်ကနေ အကြီးဆုံး အသက် ၇၀ နှစ်အရွယ်ထိ ဖြစ်ပါတယ်။
သူတို့တွေဟာ တောင်ဒဂုံနဲ့ ဗိုလ်တထောင်မြို့နယ်တို့မှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး သူတို့ကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသမှု ခံယူစေမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၁၁ ရက် အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၀ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပါတယ်။








