ပြည်ပခရီးသွား ရာဇဝင်မရှိတဲ့ ရှမ်းက ကိုဗစ်-၁၉ ကူးစက်လူနာဟာ မြစ်ကြီးနားက ပြန်လာသူဖြစ်

ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူတွေနဲ့ ထိတွေ့မှုမရှိခဲ့သလို ပြည်ပ ခရီးသွားရာဇဝင်လည်း မရှိတဲ့ ရှမ်းပြည်နယ်က လူနာဟာ မြစ်ကြီးနားက ကျောက်ထုတ်ရေးလုပ်ငန်းခွင်မှာ လမ်းလုပ်သားအဖြစ် လုပ်ကိုင်ပြီး ပြန်လာသူတစ်ဦးဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပါတယ်။

အသက် ၃၀ အရွယ် လူနာဟာ ကချင်ပြည်နယ် မြစ်ကြီးနား (မြစ်ဆုံ) ကနေ ပခုက္ကူ-တောင်သာ-မိတ္ထီလာ-တောင်ကြီး လမ်းကြောင်းအတိုင်း အငှားယာဉ်နဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါက်ကျေးရွာကို ပြန်လာတာဖြစ်ပါတယ်။

သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဇွန်လ ၆ ရက်နေ့မှာ စစ်ဆေးဖို့ ပေးခဲ့တာဖြစ်ပြီး ရောဂါပိုး ကူးစက်တာကို တွေ့ခဲ့ရတာလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လောလောဆယ်မှာ သူ့ကို တောင်ကြီးက စဝ်စံထွန်းဆေးရုံမှာ ပို့ဆောင်ကုသဖို့ စီစဉ်နေပြီး သူ့ရဲ့ ဇနီးနဲ့ သားသမီး ၃ ဦး အတူနေ မိသားစု ၅ ဦးကို သီးခြားစောင့်ကြပ် ကွာရန်တိုင်း ထားထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု ရှိမရှိ သူတို့ရဲ့ နှာခေါင်း တို့ဖတ် ဓာတ်ခွဲနမူနာယူ စစ်ဆေးမယ်လို့လည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် လူနာရဲ့ ခရီးသွားရာဇဝင်တွေ၊ ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးစစ်ချက်တွေအရ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ထဲမှာ အတည်ပြုလူနာသစ် ၂ ဦး တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၀၇၀ ကို စစ်ဆေးရာမှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်က လူနာနဲ့ အိန္ဒိယက ပြန်လာတဲ့ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သူ့ကိုတော့ လှိုင်မှာ အသွားအလာ စောင့်ကြပ်ကြည့်ရှုထားပါတယ်။

ဇွန်လ ၉ ရက်နေ့ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၈၄ ခုကို စစ်ဆေးရာမှာတော့ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ဇွန်လ ၁၀ ရက်နေ့ မနက် ၈ နာရီမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၆ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိနေပါတယ်။ ရောဂါကင်းစင်သူကတော့ ၁၅၉ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ပြုသူက ၁၄၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။