ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ်ပြန် နောက်တစ်ဦးမှာ ပိုးထပ်တွေ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာသူ နောက်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သူဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။
အဲဒီ အသက်၂၅ နှစ် အရွယ် အမျိုးသားလူနာဟာ လှဖိုးခေါင်စခန်းမှာ ကွာရန်တင်းဝင်နေသူ ဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာ နုကေသီစံက ဘီဘီစီကို ပြောပါတယ်။
သူ့ကို မောင်တောဆေးရုံမှာ ဆေးကုသမှုခံဖို့အတွက် ခေါ်ယူမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
မောင်တောမှာ ဇွန်လ ၄ ရက်နေ့က ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့သူဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မိမိသဘောနဲ့ ပြန်ဝင်လာသူ ဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ဘီဘီစီကိုပြောခဲ့ပါတယ်။
အဲဒီလူဟာ အသက် ၃၈ နှစ်အရွယ် မွတ်ဆလင်အမျိုးသားဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောခဲ့ပါတယ်။
အခုဇွန်လ ၈ ရက် မောင်တောက ထပ်တိုး လူနာ အမှတ်၂၄၄ ရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့ ဒေါက်တာနုကေသီစံ ကပြောပါတယ် ။
အခုပိုးတွေ့တဲ့ လူနာ က ဟိန္ဒူဘာသာဝင်ဖြစ်တယ်လို့ ဒေါက်တာနုကေသီစံက ပြောပြပါတယ်။
မောင်တောမှာ တို့ဖတ်နမူနာတွေကို စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ ခြင်းရှိမရှိ ဆေးစစ်ချက် အဖြေစောင့်နေသူ ၅ ဦးခန့်ရှိတယ်လို့ လည်း မောင်တောဆေးရုံကနေ သိရပါတယ်။
တစ်ဖက်နိုင်ငံကို ထွက်ပြေးရောက်ရှိနေရာကနေ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာခဲ့သူတွေဟာ မောင်တောမြို့နယ်အတွင်းမှာ တော်တော် များများ ရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
အဲဒီလို ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေကို ဝင်ရောက်လာခဲ့တာနဲ့ ချက်ချင်း လှဖိုးခေါင် ကြားစခန်းမှာ ကွာရန်တင်းထားရှိပြီး စစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
အဲဒီလူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။
အခုလိုမျိုး တစ်ဖက်နိုင်ငံကနေ မိမိဆန္ဒအလျောက် ဝင်ရောက်လာတဲ့သူတွေ ရှိနေပြီး အဲဒီလူတွေမှာ ရောဂါပိုးကူးစက်ခံထားရသူတွေကို စစ်ဆေးတွေ့ရှိနေတဲ့အတွက် မောင်တောဒေသခံတွေ အနေနဲ့လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေနဲ့ကြုံနေရပြီး သေဆုံးသူတွေလည်းရှိနေကာ ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးသွားတဲ့ မွတ်ဆလင်တွေနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာလည်း ရောဂါပိုး ကူးစက်ခံထားရသူတွေ ရှိလာနေပါတယ်။