ကိုဗစ်အမှု - တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့အမှု စတင် စစ်ဆေးပြီ

ကနေဒါနိုင်ငံသားဒေးဗစ်လားအတွက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကို ဘီဘီစီက အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းတဲ့အခါ အီးမေးလ်လက်ခံရကြောင်းသာပြန်ကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကနေဒါနိုင်ငံသား ဒေးဗစ်လားအတွက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကို ဘီဘီစီက အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းတဲ့အခါ အီးမေးလ်လက်ခံရကြောင်းသာ ပြန်ကြားခဲ့ပါတယ်။
ရေးသားခဲ့သည်။

တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ အမှုမှာ တရားလိုနဲ့ တရားလိုပြသက်သေတွေကို ဇွန်လ ၈ ရက်မှာ စတင်စစ်ဆေးပါတယ်။

ဒီရုံးချိန်းမှာ တရားလို ဦးရဲဝင်းအောင်က ဒေးဗစ်လား တရားဟောခဲ့တဲ့အသံဖိုင်ကို သက်သေတင်သွင်းခဲ့ပေမယ့် အဲဒီအသံဖိုင်တွေက အရင်က ဟောပြောမှုတွေဖြစ်တယ်လို့ ဒေးဗစ်လားရဲ့ရှေ့နေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ ဦးရဲဝင်းအောင်ဟာ မရမ်းကုန်းမြို့နယ် အမှတ် ၇ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

တရားဟောဆရာဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစိုးရက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး လူစုလူဝေးပြုလုပ်မှုကြောင့် တရားစွဲခံထားရတာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုဗစ်၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းပြီးမှ ခုလို အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။

ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ ကိုဗစ်၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းပြီးမှ ခုလို အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ ကိုဗစ်၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းပြီးမှ ခုလို အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။

ဇွန် ၈ ရက် ရုံးချိန်းကို ဦးဝေထွန်းရဲ့ ညီမ တေးသံရှင် ထရေစီ လာရောက်တာတွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသားရေးလှုပ်ရှားသူ ဆရာတော် ဦးပါမောက္ခလည်း လာရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရုံးချိန်းတုန်းက ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့နှစ်ဦးက အာမခံလျှောက်ထားပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီအမှုကို မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက စစ်ဆေးနေတာဖြစ်ပြီး နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ ဇွန်လ ၁၅ ရက်ကို ချိန်းဆိုထားပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် တရားဟော ဆရာစောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့အပြင် ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင်ဦးစောရေဂန်ဒီ တို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ သက်ဆိုင်ရာတရားရုံး တွေကို အမှုစွဲတင်ခဲ့ပါတယ်။ သူတို့လေးဦးလုံးကို အခုအခါ အင်းစိန်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။

ဒီပုဒ်မ ၂၅ ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်သုံးနှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရက ဘာသာရေးအခမ်းအနားလို့ ထုတ်ပြန်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့၊ ၈ မိုင်က ညီအစ်ကိုတော်များအသင်းတော် ခြံဝင်းထဲက အဆောက်အအုံတစ်ခုမှာ မတ် ၁၆ ရက်ကနေ ဧပြီ ၇ ရက်ထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲကို တရားဟောဆရာ ဒေးဗစ်လားနဲ့ တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့က ဦးဆောင်ကျင်းပခဲ့တာလို့ မရမ်းကုန်းမြို့မရဲစခန်းရဲ့ ပထမသတင်းပေးတိုင်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီပွဲကနေ ကူးစက်သူ ၈၀ ခန့်ရှိခဲ့ပြီး လူနာနံပါတ် ၈၆ နဲ့ လူနာနံပါတ် ၁၁၀ တို့ နှစ်ဦးကတော့ သေဆုံးထားပါတယ်။

တရားဟောဆရာဒေးဗစ်လားဟာ မြန်မာပြည်ဖွား ကနေဒါနိုင်ငံသား ဖြစ်ပြီး သူအခု ရင်ဆိုင်နေရတဲ့အမှုနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဘီဘီစီက အီးမေးလ်က တစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ ဆက်သွယ်မေးမြန်းချက်ကို ရရှိကြောင်းသာ အကြောင်းပြန်ကြားပြီး ဒေးဗစ်လားနဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။