ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားဖို့ အမေရိကန်အစိုးရကို မြန်မာလူ့အခွင့်အရေးသမားတွေတိုက်တွန်း
အမေရိကန်ပြည်ထောင်စုတလွှား လက်ရှိဖြစ်ပွားနေတဲ့အကြီးအကျယ် ပျက်စီးယိုယွင်းနေတဲ့အခြေအနေတွေကို မြင်တွေ့ရတဲ့အပေါ် အလွန်အမင်းဝမ်းနည်းမိတယ်လို့ စာမှာဖော်ပြထားပါတယ်။
ဒီအိတ်ဖွင့်ပေးစာကို ရန်ကုန်က အမေရိကန်သံရုံးထံ ဇွန် ၂ ရက်မှာ အီးမေးလ်ကတစ်ဆင့် ပေးပို့ခဲ့ပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံအဖွဲ့၊ Generation Wave၊ ဒို့မြေကွန်ရက်၊ မြန်မာသတင်းလွတ်လပ်ခွင့်အဖွဲ့၊ Myanmar Peace Bikers၊ အိုးဝေပညာဒါနသင်တန်းကျောင်း၊ တအာန်းအမျိုးသမီးအဖွဲ့၊ ရန်ကုန်လူငယ်ကွန်ရက်၊ ကချင်လူငယ်ကွန်ရက်၊ The Seagull လူ့အခွင့်အရေးငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူ သုံးဦးတို့က လက်မှတ်ရေးထိုး ပေးပို့ခဲ့တာဖြစ်ပါတယ်။
လူမျိုးရေးခွဲခြားမှုနဲ့ ခွဲခြားဖိနှိပ်မှုတွေကို တွန်းလှန်ဆန့်ကျင်တဲ့ အမေရိကန်ပြည်သူတွေကို ထွက်ပေါ်လာတာကို မြင်တွေ့ရတဲ့အပေါ် အားတက် လှုံ့ဆော်မှုတွေ ရရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လုံးဝသည်းမခံကြောင်း ပြသဖို့ အမေရိကန်ပြည်သူတွေဟာ တစ်ရက်လေးတောင်မှ စောင့်ဆိုင်း ကြန့်ကြာမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
မြန်မာပြည်သူတွေမှာ ရှည်လျားတဲ့သမိုင်းကြောင်းအရ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရပြီး ဒါတွေဟာ အသားအရောင်ကွဲပြားမှု၊ ကိုးကွယ်ရာ ဘာသာတရားနဲ့ လူနည်းစုတိုင်းရင်းသားတွေပေါ်မှာ မုန်းတီးမှုတွေဖြစ်လာစေခဲ့တဲ့အတွေ့အကြုံတွေရှိထားတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်သူတွေဟာ လွတ်လပ်မှု၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့အတွက်တိုက်ပွဲဝင်တဲ့ မြန်မာပြည်သူတွေကို အစဉ်တစိုက် ထောက်ခံ အားပေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံထူထောင်ရေးအတွက် ရုန်းကန်ရမှုတွေမှာလည်းမြန်မာပြည်သူတွေနဲ့အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်ပေးခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုအခါမှာ အသားအရောင်ခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြနေတဲ့အမေရိကန် ပြည်သူတွေနဲ့အတူ မြန်မာအဖွဲ့အစည်းတွေကလည်း တစ်သားတည်းရပ်တည်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အဲဒီအိတ်ဖွင့်ပေးစာမှာ အချက်သုံးချက်ကိုလည်း တောင်းဆိုထားပါတယ်။
လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အမေရိကန်အစိုးရက လေးစားလိုက်နာဖို့၊ အမေရိကန်သမ္မတအနေနဲ့ လူမျိုးရေးခွဲခြားမှု မှတ်ချက်တွေဖြန့်ဝေနေတာကိုရပ်တန့်ဖို့နဲ့ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဖြေရှင်းရေးဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရက်စက်ကြမ်းတမ်းစွာဖမ်းဆီးနေတာကို ရပ်တန့်ဖို့ တို့ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်စ်မြို့မှာ လက်နက်မဲ့လူမည်း အမျိုးသား ဂျော့ဖလွိုက်ကို ငွေစက္ကူအတုသုံးပြီးဈေးဝယ်တယ်ဆိုတဲ့ တိုင်တန်းမှုနဲ့ ရဲက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် မေ ၂၆ ရက်ကစလို့ မင်နီယားပိုလစ်စ်မြို့မှာ ဂျော့ဖလွိုက်အတွက် တရားမျှတမှုရရှိရေး ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အခုအခါ အမေရိကန်က မြို့ပေါင်း ၇၅ မြို့မှာ ဆန္ဒပြမှုတွေ ကူးစက်ဖြစ်ပွားနေပါတယ်။
ငြိမ်ချမ်းစွာဆန္ဒပြသူတွေရှိသလို ဆန္ဒပြမှုတွေကြား အခွင့်ကောင်းယူပြီး လူဖြူတွေ ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စတင်ဖျက်ဆီးမှုတွေကတစ်ဆင့် နောက်ပိုင်းမှာ စတိုးဆိုင်တွေ၊ အရောင်းဆိုင်တွေ ဖောက်ထွင်းလုယက်ခံရမှုတွေ ရှိလာခဲ့ပါတယ်။
ရဲတွေဘက်က ဆန္ဒပြမှုတွေကို အင်အားအလွန်အကျွံသုံးပြီး ဖြိုခွဲတာတွေလည်း ရှိသလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကိုပါ နောက်ပိုင်း အင်အားအလွန်အကျွံ သုံးပြီး ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။
အခုထိ ဆန္ဒပြပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ခုနစ်ရက်တာအတွင်းလူနှစ်ထောင်နီးပါး ဖမ်းဆီးခံထားရပါတယ်။
အခု မြန်မာလူ့အခွင့်ရေးနဲ့ တိုင်းရင်းသားအရေး၊ တက်ကြလှုပ်ရှားသူအဖွဲ့ပေါင်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလပုဂ္ဂိုလ် သုံးဦးတို့ လက်မှတ်ရေးထိုးပြီး အမေရိကန်ပြည်ထောင်စုကိုပေးဖို့တဲ့အိတ်ဖွင့်ပေးစာမှာတော့ လုယက်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဖော်ပြထားခြင်းမရှိတာကိုတွေ့ရပါတယ်။
ဒါနဲ့ပတ်သက်လို့ အိတ်ဖွင့်ပေးစာပေးပို့တာနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ လူမှုသဟဇာတညီညွတ်ရေးအဖွဲ့က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။
"ဒီနေ့(ဇွန် ၂ ) မှာ အမေရိကန်သံရုံးကိုအီးမေးလ်နဲ့ ပို့လိုက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ မြန်မာပြည်မှာလည်း ၈၈ တုန်းက ဒီမိုကရေစီရေးတောင်းဆိုမှုတွေဖြစ်တုန်းက ဒီလိုဖောက်ထွင်းမှုတွေလူသတ်မှုတွေအများကြီးကြုံခဲ့တယ်။ ဘယ်နေရာမှာမဆို လူထုအုံကြွမှုရှိလာရင် ဒါတွေကတော့ ရှိနေမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အဓိက လုပ်ချင်တာက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ အမေရိကန်ပြည်သူအများစုက မတရားမှုတွေကို လက်မခံဘဲ တွန်းလှန်နေတယ်ဆိုတာကို ပိုပြီး ထင်ရှားစေချင်လို့ ဒါကို စာထဲမှာမထည့်တာပါ။ လူထုရဲ့ ဒေါသထွက်လာတဲ့ဟာတွေလည်း မြင်ရတယ်။ အဲဒီမှာ အစိုးရရဲ့ ကိုင်တွယ်ပုံလည်း လိုမယ်ထင်တယ်။ မနေ့က မီယာမီမှာဆို ရဲတွေဒူးထောက်တောင်းပန်တယ်ဆိုတဲ့ ပို့စ်တွေတက်လာတာတွေ့တယ်။ ထရမ့်ပြောတဲ့စကားဟာလည်း လူမိုက်စကားမျိုးဖြစ်တယ်။ လူတွေရဲ့ ဒေါသက စစ်တပ်တွေရဲတွေကိုမနိုင်တဲ့အခါကျ တခြားကိုလှည့်သွားနိုင်တော့ အခုလို ဖောက်ထွင်းတာ လုယက်တာတွေဖြစ်ကုန်တယ်။ သူကိုယ်တိုင် လူမျိုးရေးခွဲခြားတာတွေပြောနေတာက လူတွေရဲ့ ဒေါသကို ပိုပြီး ဆွသလို ဖြစ်နေတယ်"လို့ ကိုသက်ဆွေဝင်းကပြောပါတယ်။
အခုပြဿနာက အမေရိကန်တစ်နိုင်ငံတည်းပြဿနာမဟုတ်တော့ဘဲ ဂျာမနီ၊ နယူးဇီလန်တို့ကို ကူးစက်သွားပြီဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေရဲ့ ပြဿနာဖြစ်လာတာကြောင့် အခုလို တောင်းဆိုဆန္ဒပြတာတွေဖြစ်လာတာလို့ ကိုသက်ဆွေဝင်းကပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုလေးစားလိုက်နာမယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာက လူ့အခွင့်အရေးအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာပြည်တွင်းက လူမျိုးရေးခွဲခြားမှုတွေကိုအမြစ်ပြတ်အောင် ဆက်လက် တိုက်ပွဲဝင်မှာဖြစ်သလို အမေရိကန်က လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ပြည်သူ့လှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။