ပုဂ္ဂိုလ်ရေးအရဆောင်ရွက်တာမဟုတ်ဘဲ လွှတ်တော်တွင်း ဒီမိုကရေစီပြယုဂ်ကိုဆောင်ရွက်တာလို့ ကြံ့ခိုင်ရေး တုံ့ပြန်

လျှို့ဝှက်ဆန္ဒမဲပေးရာမှာ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် ဆန္ဒမဲပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, လျှို့ဝှက်ဆန္ဒမဲပေးရာမှာ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် ဆန္ဒမဲပေးခဲ့ပါတယ်။
ရေးသားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှ ရုပ်သိမ်းရေး အရေးကြီးအဆိုကို လွှတ်တော်မှာ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေး စနစ်နဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ကန့်ကွက်သူများလို့ အဆိုရှုံးသွားခဲ့ပါတယ်။

ဒီအဆိုကို တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းတာဖြစ်ပြီး ဒီနေ့ ဇွန် ၁ ရက်မှာ အဆိုကို အမတ် ၂၄ ဦးက ဆွေးနွေးခဲ့ကြပါတယ်။

တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက အဆိုကို ထောက်ခံဆွေးနွေးပြီး အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီက အမတ်တချို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိပြည်သူ့လွှတ်တော်မှာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၃၀ ရှိပြီး သုံးပုံနှစ်ပုံဆိုရင် ၂၈၇ ဦး ထောက်ခံမှ အဆိုကို အရေးယူဆောင်ရွက်နိုင်ပါတယ်။

ဇွန် ၁ ရက် လွှတ်တော်မှာ တက်ရောက်သူ ၃၉၅ ဦး ရှိပြီး အဆိုကို ထောက်ခံမဲ ၁၃၂ မဲ၊ ကန့်ကွက်မဲ ၂၄၃ နဲ့ ကြားနေ ၅ မဲ ရှိခဲ့တာကြောင့် ကန့်ကွက် သူများလို့ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီလိုမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကိုယ်တိုင် ဆန္ဒမဲပေးခဲ့ပြီး မဲခွဲချိန်မှာ နည်းပညာအရ မဲပေးလို့မရဘူးလို့ စောဒကတက် သူတချို့ရှိလို့ ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်ခဲ့ရပါတယ်။

ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီကနေ ဘယ်တုန်းက နုတ်ထွက်တာလဲဆိုတဲ့မေးခွန်းကိုတော့ ရှင်းလင်းပွဲနဲ့မဆိုင်လို့ မဖြေပါဘူးလို့ ကြံ့ခိုင်ရေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HeinHtet/MPA

ဓာတ်ပုံ ပုံစာ, ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီကနေ ဘယ်တုန်းက နုတ်ထွက်တာလဲဆိုတဲ့မေးခွန်းကိုတော့ ရှင်းလင်းပွဲနဲ့မဆိုင်လို့ မဖြေပါဘူးလို့ ကြံ့ခိုင်ရေးက ပြောပါတယ်။

အဲဒီအရေးကြီး အဆိုရှုံးနိမ့်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အဆိုတွေမေးခွန်းတွေ လွှတ်တော်မှာ မေးခွင့်မရခဲ့တာနဲ့ပတ်သက်လို့ မင်းကင်းအမတ် ဦးမောင်မြင့်၊ မိုင်းပျဉ်းအမတ် ဦးစိုင်းထွန်းစိန်၊ ပျော်ဘွယ်အမတ် ဦးသောင်းအေးနဲ့ မိထ္ထီလာအမတ် ဒေါက်တာမောင်သင်းတို့ ဦးဆောင် ရှင်းလင်းခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းမေးခွင့် တင်ထားတဲ့အပေါ် အနားကပ်ချိန်မှ ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြောင်းဖို့ အကြောင်းကြားလာတယ်လို့ ဦးမောင်မြင့်က ပြောပါတယ်။

"၂၀၁၉ နိုဝင်ဘာမှာ မေးခွန်းမေးခဲ့ပြီး မတ်လကျမှ မေးခွန်းမေးခွင့်ရပါပြီဆိုပြီး အကြောင်းပြန်တယ်။ ပါဝါပွိုင့်တွေပြင်ထားတယ်။ မေးရဖို့ နှစ်ရက်သုံးရက်အလိုကျမှ ကြယ်ပွင့်ပြမေးခွန်းကို ကြယ်ပွင့်မပြမေးခွန်း ပြောင်းပေးပါတဲ့။ မပြောင်းနိုင်ဘူးလို့။ ကျွန်တော်မေးတာက ပါတီအကျိုးလား၊ အမျိုးသားအကျိုးစီးပွားလားဆိုတာ မီဒီယာသမားတွေ ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါ အမျိုးသားအကျိုးစီးပွားအတွက်မေးတာ။ ဒါကိုမေးခွင့်မရအောင် လုပ်တာက လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ကျွန်တော် သံတမန်လောကမှာ သံတမန်စကားတစ်ခုရှိတယ်။ ဘာမှပြန်မပြောရင် မှန်နေလို့ပဲတဲ့။ အခုလည်း ဒီလိုဖြစ်မှာစိုးလို့ ကျွန်တော်က ပြောတာ" လို့ ဦးမောင်မြင့်က ပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ချရေးမဲခွဲဆုံးဖြတ်မှုရလဒ်

ဓာတ်ပုံ ရင်းမြစ်, Hluttaw

ဓာတ်ပုံ ပုံစာ, လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ချရေးမဲခွဲဆုံးဖြတ်မှုရလဒ်

ဒါ့အပြင် သင်ရိုးညွှန်းတမ်းအသစ်မှာပါဝင်တဲ့ လိင်ပညာပေး သင်ခန်းစာတွေနဲ့ပတ်သက်ပြီးဆွေးနွေးခွင့်မရတာနဲ့ပတ်သက်လို့ မိထ္ထီလာအမတ် ဒေါက်တာမောင်သင်းက ရှင်းလင်းခဲ့ပါတယ်။

"တိုင်းပြည်ရဲ့ပြည်သူလိုအပ်ချက်၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ယဉ်ကျေးမှုကို ထိပါးမယ့်အဆိုတွေဖြစ်တာမို့ တင်ဖို့လုပ်တာပါ။ ပုဂ္ဂိုလ်ရေးမပါပါဘူး။ လွှတ်တော်ရဲ့ အထက်အောက်ထိန်းကျောင်းရေးအရ လုပ်တာပါ။ အင်အားကြီးတဲ့သူတွေက တစ်ဖက်စောင်းနင်းလုပ်မှာစိုးလို့ လုပ်တာပါ။ ကျွန်တော်တို့ ဦးမောင်မြင့်ပြောသလိုပဲ အကြာကြီး စဉ်းစားပြီးမှ ဒါကိုလုပ်တာပါ။ လွှတ်တော်တွင်း ဒီမိုကရေစီပြယုဂ်ကို ဆောင်ရွက်တာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

အခုလို ကိုဗစ်လူနာ ၂၂၄ ဦးမရှိခင်တည်းက ကိုဗစ်ကာလ တင်ပြချက် လေးချက်လုံး ပယ်ခံရပြီး အဆိုတွေအားလုံးဟာ ကိုဗစ်နဲ့ ဆက်စပ်နေတာ ဖြစ်တယ်လို့ ဦးမောင်မြင့်ကပြောပါတယ်။

ကိုဗစ်က မပြီးသေးဘဲ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေ လာနိုင်သေးတယ်လို့ ပညာရှင်တွေက ပြောထားပြီး အစိုးရက ဒီအပေါ်မှာ အကောင်းဆုံး ပြင်ဆင်နိုင်အောင် ထိန်းကျောင်းရမှာက လွှတ်တော်တာဝန်ဖြစ်တယ်လို့ ဦးမောင်မြင့်က ဆက်ပြောပါတယ်။

ဒါပေမဲ့ လွှတ်တော်မှာ အများစု ရှိနေတဲ့အဓိက အင်အားကြီးအမတ်တွေက အစိုးရကိုထောက်ပြဖို့ တာဝန်ပျက်ကွက်နေတယ်လို့ ပြောပါတယ်။

အဆိုကို ရှုံးမယ်မှန်းသိရက်နဲ့ဆိုတာက လူမှုကွန်ရက်မှာ မှန်းဆပြောကြားချက်တွေသာဖြစ်ပြီး တင်ကတည်းက ဒီမိုကရေစီလမ်းကြောင်းအရ သွားနိုင်မယ်လို့ မျှော်မှန်းပြီးတင်ခဲ့တာ ဖြစ်လို့ ဒီမိုကရေစီနည်းလမ်းမှန်ရင် နိုင်မယ်လို့ယုံကြည်ပြီး လုပ်ခဲ့တာ လို့ ဦးမောင်မြင့်ကပြောပါတယ်။

အခုလို လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ချရေးအဆိုရှုံးနိမ့်တာ၊ မေးခွန်းတွေအဆိုတွေ တင်ခွင့်မရတာတွေရှိနေပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်တဲ့ အဆိုတွေမေးခွန်းတွေကို ဆက်တင်သွားမှာဖြစ်ပြီး လက်ခံခြင်းလက်မခံခြင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပဲ သက်ဆိုင်မယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

အတိုက်အခံမဟုတ်ဘဲ ကြံ့ခိုင်ရေးဟာ ပြိုင်ဘက်ကောင်းဆိုတာမျိုးပဲ ရပ်တည်ပြီး တိုင်းပြည်မှာဖြစ်နေတဲ့လွဲချော်မှုတွေကိုတော့ ထောက်ပြသွားမှာဖြစ် တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ကြံ့ခိုင်ရေးပါတီက ဘယ်တုန်းက နုတ်ထွက်ခဲ့တာလဲ ဆိုတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒီရှင်းလင်းပွဲနဲ့ မသက်ဆိုင်တဲ့အတွက် ဒီမေးခွန်းကို မဖြေနိုင်ဘူးလို့ ဦးသောင်းအေးက ပြောခဲ့ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကိုထပ်ပြီးဖြုတ်ချဖို့ရှိမရှိကတော့ သူ့(ဥက္ကဋ္ဌ) ရဲလုပ်ဆောင် ချက်တွေပေါ် မူတည်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, လွှတ်တော်ဥက္ကဋ္ဌကိုထပ်ပြီးဖြုတ်ချဖို့ရှိမရှိကတော့ သူ့(ဥက္ကဋ္ဌ) ရဲလုပ်ဆောင် ချက်တွေပေါ် မူတည်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ဦးတီခွန်မြတ်ကို နောက်တစ်ကြိမ် ခုလို ဖြုတ်ချဖို့ စီစဉ်ဦးမလားလို့ မေးရာမှာတော့ သူ့ရဲ့လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

လွှတ်တော်ထဲမှာ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် နေရာတွေကို ချဲထားပြီး ဆိုရှယ်ဒစ်စတန်းဇင်းပုံစံ ခပ်ခွာခွာထိုင်ကြရပေမယ့် ဒီကနေ့ မဲခွဲမှုဟာ စက်ခလုတ်နှိပ်ပြီး မဲပေးရတာဖြစ်တဲ့အတွက် နဂိုမူလပုံစံအတိုင်း ထိုင်ပြီး မဲပေးခဲ့ရပါတယ်။

စက်ခလုတ်တွေဟာ နေရာထိုင်ခုံနဲ့ အသေတပ်ဆင်ထားတာဖြစ်လို့ ဆိုရှယ်ဒစ်စတန်းဇင်းအရမဟုတ်ဘဲ ပုံမှန်အတိုင်း ပြန်ထိုင်ခဲ့ရတာလို့ ဦးမောင်မြင့်က ပြောပါတယ်။