စာသင်ကျောင်းတချို့ တစ်ပတ်တက်တစ်ပတ်နား အလှည့်ကျပုံစံနဲ့ ဖွင့်ဖို့ရှိ၊ အိန္ဒိယပြန် ၁၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့၊ အမေရိကန်မှာ လူမည်း အမျိုးသားသေဆုံးမှုက ရဲကို လူသတ်မှုနဲ့ တရားစွဲ

ရေးသားခဲ့သည်။

(၁) စာသင်ကျောင်းတချို့ တစ်ပတ်တက် တစ်ပတ်နား၊ တစ်ပတ်သုံးရက်တက်ရတဲ့ ပုံစံတွေနဲ့ ဖွင့်ဖို့ရှိ

ရန်ကုန်နဲ့ မန္တလေးအပါအဝင်မြို့ကြီးတချို့မှာရှိတဲ့ ကျောင်းသားအရေအတွက်များတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို အလှည့်ကျအဖြစ်နဲ့ တစ်ပတ်တက်ပြီး တစ်ပတ်နား ပုံစံ၊ တစ်ပတ်မှာ သုံးရက် တက်ရတဲ့ ပုံစံတွေနဲ့ ကျောင်းတွေ ဖွင့်ဖို့ စီစဉ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီက ပြောပါတယ်။

ဆိုရှယ်ဒစ်စတန်းဇင်း(ခပ်ခွာခွာနေရမယ့်စည်းကမ်း) အရ စာသင်ခန်းတွေကို ခြောက်ပေအကွာအနေအထားနဲ့ ပြင်ဆင်ထားဖို့ မဖြစ်မနေ လိုက်နာရမှာဖြစ်ပြီး အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းအပါအဝင် ဘယ်ကျောင်းမဆို တစ်ခန်းမှာ ကျောင်းသားအယောက် ၂၀ ပဲ ထားရမှာဖြစ်တယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ဒါကြောင့် ကျောင်းသားများတဲ့ကျောင်းတွေမှာ အခုလို တစ်ပတ်တက်တစ်ပတ်နားပုံစံတွေ၊ တစ်ပတ်မှာ သုံးရက်တက်ပြီး သုံးရက်နားတဲ့ ပုံစံတွေ ဖြစ်လာ မယ်လို့ သူက ရှင်းပြပါတယ်။

"တစ်ပတ်တက်လိုက်တစ်ပတ်နားလိုက်ပုံစံမျိုးမှာ ကလေးတွေအတွက် ပိုပြီးတော့အရေးကြီးတဲ့ ဘာသာရပ်ကို ဦးစားပေးပြီး ဘယ်ဘာသာရပ်တွေကို ကျောင်းမှာသင်မယ်။ ဘယ်ဘာသာရပ်တွေကိုတော့အိမ်မှာနားနေတဲ့အချိန်မှာ Home assignment ပေးမယ်လို့ စဉ်းစားထားတယ်။ တချို့ အတန်းနည်းနည်းကြီးတဲ့ ကလေးတွေဆို အိမ်မှာ စာဖတ်ခိုင်းတဲ့နည်းနဲ့ အဆိုင်းမန့်ပေးမယ်။ အဲဒီအဆိုင်းမန့်ကို နောက်တစ်ပတ်ကျောင်းပြန်တက်တာနဲ့ သူက အဆိုင်းမန့် ပြန်တင်ပေးရမှာပေါ့။ အနှစ်ချုပ်ဆွေးနွေးတာမျိုး ဖြစ်လိမ့်မယ်" လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အဲဒီလိုကျောင်းတွေအလှည့်ကျဖွင့်တာ၊ ကျောင်းဖွင့်ချိန် နောက်ဆုတ်ရတာတွေကြောင့် သင်ခန်းစာတွေမပြီးပြတ်မယ့်အရေးကိုလည်း ထည့်တွက်နေပြီး နည်းလမ်းရှာသင်ကြားဖို့ စီစဉ်နေတယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းတွေကို ဇူလိုင် ၂၁ မှာ အထက်တန်း၊ သြဂုတ် ၄ မှာ အလယ်တန်း၊ သြဂုတ် ၁၁ မှာ မူလတန်းဆိုပြီး ဖွင့်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်က နာမည်ကြီး အစိုးရ စာသင်ကျောင်းတစ်ခုဖြစ်တဲ့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း တီတီစီကတော့ တစ်ပတ် တက်တစ်ပတ်နား၊ တစ်ပတ်ခြား ကျောင်းတက်ရမယ့်အချိန်ဇယားတချို့ ထွက်လာပြီဖြစ်ပါတယ်။

စာသင်ကြားရေးမှာ Quality (အရည်အသွေးပိုင်း) ကတော့ ပုံမှန်ကျောင်းတက်တဲ့ ပုံစံလိုမျိုး ရနိုင်မှာမဟုတ်သလို ဒါက မြန်မာ တစ်နိုင်ငံတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အခြေအနေလည်း ဖြစ်တယ်လို့ ဦးကိုလေးဝင်းကပြောပါတယ်။

ကျောင်းအပ်နှံရေးရက်သတ္တပတ်က ဇူလိုင် ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး ဇူလိုင် ၂၁ ကစလို့ အထက်တန်းအဆင့်ကနေ စဖွင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် မူလတန်းမှာ ကေဂျီ(မူလတန်းကြိုတန်း) တွေကိုတော့ လောလောဆယ် ဖွင့်ဖို့ စဉ်းစားချင့်ချိန်နေပြီး ကလေးတွေအသက်အရွယ်အရ ငယ်လွန်းနေတဲ့အတွက် သူတို့ကိုထိန်းသိမ်းရခက်ခဲမှာကိုလည်း ထည့်တွက်နေတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

(၁) မြန်မာမှာ အိန္ဒိယပြန် ၁၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် နောက်ထပ် ၁၇ ဦးထပ်တွေ့ရပြီး သူတို့အားလုံးဟာ အိန္ဒိယနိုင်ငံက ပြန်လာသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေ ၃၀ ရက်မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ဒီ ၁၇ ဦးအနက် ရန်ကုန်က ၁၅ ဦးနဲ့ မန္တလေးက နှစ်ဦးတို့ ဖြစ်ပြီး အားလုံးက ပြည်ပက ပြန်လာသူတွေမို့ ရန်ကုန်မှာပဲ သီးသန့်အသွား အလာကန့်သတ်ထားသူတွေလည်း ဖြစ်ကြပါတယ်။

မြန်မာမှာ ခုဆို ကိုဗစ်အတည်ပြုလူနာ ၂၂၄ ဦး ရှိပြီဖြစ်ပါတယ်။

မေ ၂၉ ရက်က ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း၊ ဆေးသုတေသန ဓာတ်ခွဲခန်းနဲ့ တပ်မတော်ခုတင်တစ်ထောင်က ဓာတ်ခွဲခန်း စုစုပေါင်း သုံးခုမှာ ဓာတ်ခွဲနမူနာ ၁,၂၁၄ ခုကို စစ်ဆေးပြီးတဲ့နောက် ပိုးတွေ့လူနာ ၁၇ ဦး တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီလူနာသစ်တွေကို တောင်ဥက္ကလာပနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးတွေကို ပို့ဆောင်ကုသမှုခံယူစေမှာဖြစ်ပါတယ်။

မေ ၂၆ ရက်မှာလည်း အိန္ဒိယပြန်တွေထဲက ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းက အိန္ဒိယကနေ ပြန်လာတဲ့သူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သူဟာ လူနာနံပါတ် ၁၄၅ ဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိယကပြန်လာသူတွေထဲ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၂၁ ဦးထိ ရှိနေပါတယ်။

လူနာနံပါတ် ၁၄၅ ကတော့ ဆေးရုံကနေ မနေ့က မေ ၂၉ ရက်မှာ ဆင်းခွင့်ရခဲ့ပါတယ်။

မြန်မာမှာတွေ့ထားတဲ့ ကိုဗစ်အတည်ပြုလူနာပေါင်း ၂၂၄ ဦးအနက် မေ ၁၇ ရက်နောက်ပိုင်း ပိုးတွေ့လူနာအားလုံးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပြီး စုစုပေါင်း ၃၁ ဦးဖြစ်ပါတယ်။

ပြည်တွင်းမှာ ပိုးတွေ့လူနာသစ်မတွေ့ရတာက ဒီနေ့မေ ၃၀ ရက်အထိဆို ၁၃ ရက် ရှိလာပါပြီ။

အတည်ပြုလူနာတွေထဲကနေ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့သူ ၁၃၀ ဦးထိရှိလာပြီး သေဆုံးသူက ၆ ဦးရှိထားပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလ စည်းကမ်းကန့်သတ်ချက်တွေ၊ အမိန့်ညွှန်ကြားချက်တွေကို ဇွန်လလယ်ထိ ထပ်တိုးထားပြီး အဲဒီထဲမှာ အပြည်ပြည်ဆိုင်ရာလေယာဉ်တွေဆင်းသက်ခွင့်ဆက်ပိတ်ထားတာတွေပါသလို ပြည်ပခရီးသည်တွေကို ဗီဇာထုတ်ပေးတာတွေလည်း ရပ်ဆိုင်းထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ထိန်းချုပ်ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သူ့ကိုချီးကျူးတာမစောဖို့နဲ့ လာမယ့်သီတင်းပတ်တွေမှာ ပြည်ပက ပြန်လာသူတွေ ဝင်ရောက်လာဖို့ရှိပြီး ဒါက စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ နှာခေါင်းစည်းပြိုင်ပွဲဆုရသူတွေနဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ပြောကြားထားပါတယ်။

(၂) လူမည်းအမျိုးသားသေဆုံးမှုက ရဲအရာရှိဟောင်းကို လူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲ

အမေရိကန်ပြည်ထောင်စု၊ မင်းနီဆိုးတာပြည်နယ်၊ မင်နီးယားပိုလစ်စ်မြို့မှာ လက်နက်မဲ့လူမည်းတစ်ဦးကို ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့အတွက် ရဲအရာရှိကို ဖမ်းဆီးလိုက်ပြီး လူသတ်မှုနဲ့ တရားစွဲလိုက်ပြီဖြစ်ပါတယ်။

ရဲက ဖမ်းဆီးခဲ့တဲ့ အဲဒီလူမည်းအမျိုးသား သေဆုံးခဲ့တဲ့နောက် သုံးရက်အတွင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး မနေ့ညက ဆန္ဒပြပွဲမှာ စီအန်န်အန်န် သတင်းဌာနက သတင်းယူနေတဲ့သတင်းထောက်တစ်ဦးကို ရဲက ဖမ်းသွားခဲ့ပါတယ်။

လူမည်းအမျိုးသားဂျော့ချ် ဖလွိုက်ဟာ ငွေစက္ကူအတုအသုံးပြုတယ်ဆိုပြီး ဈေးဆိုင်ကနေ တိုင်ကြားလို့ ရဲတွေက သူ့ကို မေ ၂၅ ရက်က ဖမ်းဆီးခဲ့တာပါ။ ရဲဘက်ကအပြောအရ ဂျော့ချ်ဖလွိုက်ကို ကားပေါ်က ဆင်းဖို့ပြောရာမှာ ခုခံမှုတွေလုပ်ခဲ့လို့ လက်ထိပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာတော့ ဂျော့ချ်ဖလွိုက်ကို ရဲနှစ်ဦးကို လက်ထိပ်ခတ်နေစဉ်မှာ ပုံမှန်အခြေအနေအေးအေးဆေးဆေးပဲ ရှိနေတာကို တွေ့ရပြီး အစပိုင်း ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာမပါရှိပါဘူး။

သူ့ကို ရဲကားအနီးမြေကြီးပေါ် လှဲချထားပြီး ရဲက ဇက်ကို ဒူးနဲ့ နင်းထားခဲ့တာဖြစ်ပြီး သူအသက်ရှူလို့မရတော့ဘူး။ ကျေးဇူးပြုပြီး သူ့ကိုမသတ်ပါနဲ့လို့ ပြောဆိုနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ဂျော့ချ်ဖလွိုက်ကို ဒူးနဲ့ နင်းထားသူဟာ ဒဲရက်ချော်ဗင်လို့ ခေါ်တဲ့ အသက် ၄၆ နှစ်အရွယ် လူဖြူရဲအရာရှိဖြစ်ပြီး သူနဲ့ တခြား ရဲအရာရှိသုံးဦးလည်း ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့ပါတယ်။

သူတို့လေးဦးကို အခင်းဖြစ်ပွားပြီးနောက် ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး လူသတ်မှုနဲ့ အရေးယူဖို့ ဂျော့ချ်ဖလွိုက်မိသားစုက တောင်းဆိုခဲ့ပါတယ်။

မစ္စတာချော်ဗင်ကို လူသတ်မှု၊ ကြိုတင်ရည်ရွယ်ချက်မရှိပေမယ့် ဥပဒေချိုးဖောက်ပြီးသတ်ဖြတ်မှုတွေနဲ့ တရားစွဲထားတယ်လို့ အစိုးရရှေ့နေ မစ္စတာ မိုက်ခ်ဖရီးမန်းက ပြောပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်တဲ့ကျန်တဲ့အရာရှိသုံးဦးကိုလည်း တရားစွဲဖို့ မျှော်လင့်နိုင်ဖွယ်ရှိတယ်လို့ သူကပြောပြီး အသေးစိတ်ကိုတော့ပြောကြားခဲ့ခြင်းမရှိပါဘူး။

ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ ခုလို မြန်မြန်ဆန်ဆန် တရားစွဲခဲ့တာဖြစ်ပြီး ရဲတစ်ယောက်ကို စွဲချက်တင်တဲ့အထဲမှာ ဒီဖြစ်စဉ်က အမြန်ဆန်ဆုံးဆောင်ရွက်မှုတစ်ခုပဲလို့ မစ္စတာဖရီးမန်းကပြောပါတယ်။

လူမည်းအမျိုးသားကို ရဲက သတ်တဲ့အမှုက အမေရိကန်ပြည်သူတွေကို အမျက်ဒေါသသင့်စေခဲ့ပါတယ်။

မင်နီဆိုးတားပြည်နယ်မှာ ဆန္ဒပြမှုနဲ့ လုယက်မှုတွေဖြစ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အိမ်ဖြူတော်အပြင်ဘက်မှာ မနေ့က ညပိုင်းက စုဝေးဆန္ဒပြခဲ့ကြပြီး မစ္စတာဖလွိုက်နဲ့၂၀၁၄ ခုနှစ်က နယူးယောက်မှာ ရဲတွေဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ မစ္စတာ အဲရစ်ဂါနာတို့ မသေခင်နောက်ဆုံးပြောခဲ့တဲ့ မသေခင်နောက်ဆုံးပြောခဲ့တဲ့ 'I can't breathe' (ငါအသက်မရှူနိုင်ဘူး) ဆိုတဲ့ စကားကိုအော်ဟစ်ခဲ့ကြပါတယ်။

မင်နီယားပိုလစ်နဲ့ စိန့်ပေါလ်မြို့တွေမှာ ညမထွက်အရကာဖျူးအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။

(၄)ကမ္ဘာကျော်ရုပ်သံကြယ်ပွင့် ကိုင်လီဂျန်နာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ဘီလျံနာစာရင်းကနေ ဖယ်ရှားခံရ

အမေရိကန်ရုပ်သံကြယ်ပွင့် ကိုင်လီဂျန်နာကို စီးပွားရေးမဂ္ဂဇင်းကြီး ဖို့ဘ်က သူတို့ရဲ့ ဘီလျံနာစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။

ကိုင်လီဂျန်နာရဲ့ အလှကုန်လုပ်ငန်းကို တန်ဖိုး ပိုတက်အောင် သူ့မိသားစုက လုပ်ဆောင်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း ဖို့ဘ်က ပြောပါတယ်။

သူမမိသားစုဟာ ကိုင်လီဂျန်နာ့ကို သူမမှာ တကယ်ချမ်းသာတာထက် ပိုပြီး ကြွယ်ဝတဲ့ပုံစံဖြစ်အောင် ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်ခဲ့တယ်လို့လည်း ဖို့ဘ်ကပြောပါတယ်။

ကိုင်လီဂျန်နာကတော့ မသေချာတဲ့ ကြေညာချက်တွေနဲ့ သက်သေမပြနိုင်တဲ့ ယူဆချက်တွေသာဖြစ်ကြောင်း တွစ်တာမှာ ရေးသားပြီး ဖို့ဘ်မဂ္ဂဇင်းရဲ့ပြောကြားချက်တွေကို ပယ်ချခဲ့ပါတယ်။

ဘယ်တုန်းကမှ ဒီလိုခေါင်းစဉ်နဲ့ သတ်မှတ်ချက်တွေရအောင် တောင်းဆိုခဲ့တာမျိုးမရှိသလို လိမ်လည်ခဲ့တာလည်းမရှိဘူးလို့ သူမက ဆိုပါတယ်။

ကိုင်လီဂျန်နာဟာ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ သူ့ရဲ့အောင်မြင်တဲ့အလှကုန်ကုမ္ပဏီကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းတွေကို သတ်မှတ်ထုတ်ပြန်လေ့ရှိတဲ့ ဖို့ဘ်မဂ္ဂဇင်းက အချမ်းသားဆုံး ဘီလျံနာစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဂျန်နာဟာ သူ့ကုမ္ပဏီရဲ့ အစုရှယ်ဟာ ၅၁ ရာခိုင်နှုန်းကို အလှကုန်ကုမ္ပဏီကြီး Coty ထံ အမေရိကန်ဒေါ်လာ သန်းခြောက်ရာနဲ့ ရောင်းချခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်ကပြောခဲ့ပါတယ်။

ဒါပေမဲ့ Coty ဘက်က စာရင်းအချက်အလက်တွေအရ ကိုင်လီဂျန်နာပြောတဲ့ ငွေကြေးပမာဏတွေနဲ့ ကွာဟမှုရှိခဲ့တဲ့အပေါ်မှာလည်း ဖို့ဘ်ဘက်က မေးခွန်းထုတ်ခဲ့ပါတယ်။

ကိုင်လီဂျန်နာရဲ့ အမှန်တကယ်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်းကိုးရာအောက်သာ ရှိမယ်လို့လည်း ဖို့ဘ်က ခန့်မှန်ထားပါတယ်။