အိန္ဒိယပြန် ၃ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

ရေးသားခဲ့သည်။

မြန်မာနိုင်ငံ ကိုပြန်ရောက်လာတဲ့ အိန္ဒိယပြန် ၃ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က မေလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း အိန္ဒိယပြန် တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

အခုရက်ပိုင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တဲ့သူတွေထဲမှာ အိန္ဒိယပြန် ၄ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။

အိန္ဒိယပြန်ထဲက စတွေ့တာကတော့ လူနာအမှတ် ၁၄၅ ဖြစ်ပါတယ်။

လူနာအမှတ် (၁၄၅) အမျိုးသားဟာ အိန္ဒိယနိုင်ငံ ကနေ စင်းလုံးငှား လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ကာ စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ် မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ကွာရန်တင်းဝင်သူတွေထဲက ဖြစ်ပါတယ်။

မေလ ၂၆ ရက်နေ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တဲ့သူ အိန္ဒိယပြန် ၃ ဦးဟာ မန္တလေး မှာ နေထိုင်သူတွေလို့ ဖော်ပြပေမယ့် သူတို့ဟာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမှာ ကွာရန်တင်းဝင်နေသူတွေလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရ ပါတယ်။

အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရ တဲ့ မြန်မာနိုင်ငံသားတွေကို ဒုတိယသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၂၃) ဦး ကိုမေလ ၂၄ ရက်နေ့ က မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့နဲ့ အဲဒီမြို့ အနီးအနား ဒေသတွေက အခက်အခဲကြုံတွေ့ နေရတဲ့ နိုင်ငံသားတွေကို အခုလို အစိုးရက ကယ်ဆယ်ရေးအစီအစဥ်နဲ့ ခေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာသံရုံး၊ နယူးဒေလီမြို့နဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်း ပြီး အိန္ဒိယနိုင်ငံ မှာ အခက်အခဲ ကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်လျက်ရှိရာမှာ မေလ ၁၉ ရက်နေ့ က ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား (၉၅) ဦး ခေါ်ဆောင်ခဲ့ပြီးဖြစ်ပြီး မေလ ၂၄ ရက်နေ့ ဒုတိယအသုတ်အပါအဝင် စုစုပေါင်း (၂၁၈) ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

မနက်ဖြန် မေလ ၂၇ ရက်မှာ တတိယအသုတ်အဖြစ် လည်း အိန္ဒိယနိုင်ငံ၊ ဂါယာမြို့နဲ့ နီးအနားဒေသတွေမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဖို့စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့လည်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ အိန္ဒိယပြန် ၃ ဦးစလုံးဟာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် က ဖြစ် တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။