ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိထားတဲ့ လူနာအမှတ်၂၃၁ ဟာ ကျန်းမာရေးမှူးတစ်ဦးဖြစ်

ဓာတ်ပုံ ရင်းမြစ်, Thaung Tun
ဇွန် ၂ရက်နေ့က ကျန်းမာရေးဌာန ရဲ့ထုတ်ပြန်ချက်ထဲမှာ မူဆယ်မြို့က အသက်၃၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သူ လူနာအမှတ် ၂၃၁ ဟာ ပြည်ပသွားထားတာမျိုးမရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိသူလို့ဖော်ပြခဲ့ပြီး သူဟာမုံးပေါ်ကျေးလက်ကျန်းမာရေးမှူးဖြစ်တယ်လို့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ဘီဘီစီကိုပြောပါ တယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ပိုးတွေ့လူနာအသစ်ထပ်တိုးလာတာတွေရှိပေမယ့် ပြည်တွင်းကူးစက်မှုအနေနဲ့မရှိတာဟာ မေ ၁၈ ရက်ကစပြီး ၂ပတ်ကျော်ရှိသွားပြီဖြစ်ပါတယ်။
ပြည်ပကပြန်လာပြီး ကွာရမ်တင်းဝင်သူတွေထံကပဲတွေ့နေရတာဖြစ်လို့ ပြည်တွင်းကူးစက်မှုမရှိတာကြောင့် မကြာခင်ကာလမှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်တော့မယ်လို့ အများ ကမျှော်လင့်နေကြတာပါ။
ဒီအချိန်မှာပဲ ဇွန် ၂ ရက်နေ့က ထပ်တိုးလူနာအသစ်စာရင်းကို ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ရာမှာတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာတွေနဲ့ ထိတွေ့ခြင်းမရှိသူအဖြစ် လူနာအမှတ် ၂၃၁ ကိုဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ ပြည်တွင်းကူးစက်မှုပြန်ရှိလာတာလားလို့ အများပြည်သူအကြားစိုးရိမ်ပူပန်တာတွေလည်းရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thaung Tun
ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ လူနာအမှတ် ၂၃၁ ဘယ်လိုကူးစက်ခံခဲ့ရသလဲဆိုတာအခုထိဘယ်လိုသုံးသပ်ရဲမလဲမသိသေးဘူးလို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။
' ' သူ့အမျိုးသားနဲ့ တပည့် ၂ယောက်၊ အမျိုးသားရဲ့လုပ်ဖော်ကိုင်ဖက်၂ယောက်၊ ကျေးလက်ကျန်းမာရေးဌာနက သားဖွားဆရာမတွေရယ်၊ တခြားသူတို့နဲ့ ဆက်စပ်မှုရှိတဲ့သူတွေကိုတော့ ကွာရမ်တင်းထားဖို့ရှိတယ်။ လကုန်အစည်းအဝေးကိုလည်း လာတက်ထားတော့ အဲ့မှာလည်း ကျန်းမာရေးဝန်ထမ်းတော်တော်များများပါတယ်။ အရမ်းနီးစပ်တဲ့သူက ၁၀ယောက်လောက်ပဲ ရှိနိုင်ပေမယ့် secondary contact ကတော့ တော်တော်များတယ်''လို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။
လူနာအမှတ် ၂၃၁ကို မနေ့က ဇွန်၂ရက်နေ့ထုတ်ပြန်အပြီး ညပိုင်းမှာပဲ မူဆယ်ခရိုင် ဆေးရုံသစ်ကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
' ' လူနာက ကျန်းမာရေးကောင်းတယ်။ လက္ခဏာလည်းပြတာမရှိဘူး။ ငိုတော့ငိုနေတာပေါ့။ အားငယ်နေလို့ ကျွန်တော်တို့ အားပေးခဲ့တယ်''လို့ လူနာရဲ့အခြေအနေနဲ့ပတ်သက်ပြီး တော့လည်း သူကပြောပြပါတယ်။
လူနာအမှတ် ၂၃၁ ဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ထိတွေ့မှုများသလို တဘက်မှာလည်း သူဟာ မုံးပေါ်ကျန်းမာရေးမှူးဖြစ်ပေမယ့် လိုအပ်ချက်အရ မူဆယ်အပါအဝင်အခြားကျေးရွာမြို့နယ် တွေကဒေသခံတွေနဲ့လည်း အဆက်စပ်ရှိတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိနေတယ်လို့ ဦးသောင်းထွန်းက ပြောပြပါတယ်။
' ' မူဆယ်မြို့မှာ ကလေးတွေဆေးထိုးတာတို့ဘာတို့လည်း လိုက်လုပ်ပေးတယ်။ အဲဒါကိုတော့ စိုးရိမ်တာပေါ့နော်။ သူကဘာကြောင့်ကူးစက်ထားလဲ၊ ဘယ်အချိန်ကကူးစက်ထားလဲစုံစမ်းဆဲ ဆိုတော့လေ''လို့ ဦးသောင်းထွန်းကဆက်လက်ပြောပြပါတယ်။
ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ လူနာအမှတ် ၂၃၁ ဟာ ပြည်ပကပြန်လာသူတွေ ကိုနယ်စပ်ဂိတ်ပေါက်မှာ စစ်ဆေးတဲ့တာဝန်ထမ်းဆောင်ခဲ့ရသူလို့ ပြောဆိုမှုတွေရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ လတွေအတွင်း နယ်စပ်ဂိတ်မှာ တာဝန်ချတာမျိုးမရှိခဲ့ဘူးလို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။
ဒါပေမယ့် လူနာအမှတ် ၂၃၁ ဟာ နေအိမ်ကွာရမ်တင်းဝင်သူတွေကို ကြည့်ရှုစစ်ဆေးရတဲ့တာဝန်ကိုတော့ ယူထားရသူဖြစ်တယ်လို့ မူဆယ်ဆေးရုံအုပ်ဖြစ်သူဒေါက်တာဟန်နိုင်စိုးကပြောပြ ပါတယ်။
မြန်မာနိုင်ငံမှာ ဇွန် ၃ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း ၂၃၃ ဦး ရှိပြီး ဒီထဲကမှ ရောဂါပိုးကင်းစင်လာသူ ၁၄၃ဦးရှိလာပြီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရသိရပါတယ်။








