ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျင်းပတဲ့ အခမ်းအနားတစ်ခုအပေါ် ဝေဖန်မှုတချို့ရှိ၊ ပြည်တွင်းမှာ ပိုးတွေ့လူနာသစ်မတွေ့တာ ရှစ်ရက် ဆက်တိုက်ရှိလာ၊ ဘရားဇီးကလာသူတွေကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်
(၁) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျင်းပတဲ့ အခမ်းအနားတစ်ခုကြောင့် ဝေဖန်မှုတချို့ထွက်ပေါ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က မေ ၂၄ ရက် မနက်မှာ ကျင်းပခဲ့တဲ့ ရှင်ဥပဂုတ္တ မထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲနဲ့ပတ်သက်လို့ ကိုဗစ်နဲ့သက်ဆိုင်တဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရာရောက်တယ်ဆိုပြီး ဝေဖန်မှုတချို့ ထွက်ပေါ်နေပါတယ်။
မနေ့က မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ဒီပူဇော်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ အလှူရှင်တွေ တက်ရောက်ကြတယ်လို့ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ပန်ကြားချက်၊ ညွှန်ကြားချက်များကို မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ထားပါတယ်။
အဲဒီထဲမှာ လူငါးဦးနဲ့အထက် ပိုမစုရ၊ လူစုလူဝေးနဲ့ပွဲလမ်းဘသင်တွေ၊ အခမ်းအနားတွေမကျင်းပရဆိုတဲ့အချက်မျိုးတွေလည်း ပါဝင်ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ သက်ဆိုင်ရာဌာနတွေက ပြန်လည်ဖြေကြားဖို့ရှိတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
(၂) ပြည်တွင်းမှာ ပိုးတွေ့လူနာသစ်မတွေ့တာ ရှစ်ရက် ဆက်တိုက်ရှိလာ
မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့လူနာသစ်မတွေ့ရသူ ရှစ်ရက်ဆက်တိုက်ရှိလာပါပြီ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၂၅ ရက်မနက် ၇ နာရီ ထုတ်ပြန်ချက်အရ မနေ့က တစ်ရက်တည်း ကိုဗစ်ဓာတ်ခွဲနမူနာ ၉၁၄ ခုကို စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာသစ်မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မေလ ၁၇ ရက်က တွေ့ခဲ့တဲ့ လူနာ အမှတ် ၁၈၃ နောက်ပိုင်း ထပ်တွေ့ရတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးလုံးဟာ မလေးရှားနဲ့ ယူအေအီးနိုင်ငံတွေက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ထုတ်ပြန်ချက်နဲ့ဆိုရင် မြန်မာနိုင်ငံမှာ ပြည်တွင်းက ပိုးတွေ့လူနာသစ်မတွေ့ရတာ ရှစ်ရက်ရှိလာတာဖြစ်ပါတယ်။
ကိုဗစ်၁၉ ဓာတ်ခွဲစစ်ဆေးမှုမှာ မနေ့က စစ်ဆေးခဲ့တဲ့ အရေအတွက်ဟာရောဂါ စတင်ဖြစ်ပွားကတည်းကနေ အခုထိ တစ်ရက်တည်းအများဆုံး စစ်ဆေးပေးနိုင်တဲ့ပမာဏလည်း ဖြစ်ခဲ့ပြီး စုစုပေါင်း ဓာတ်ခွဲမှု ၉၁၄ ခု ရှိခဲ့ပါတယ်။
မေ ၂၃ ကစလို့ ထိုင်းမြန်မာနယ်စပ် မြဝတီကနေ ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ မေ ၂၄ ရက်ထိ နှစ်ရက်အတွင်း ၁၇၀၀ ကျော်ရှိခဲ့ပြီး ဒီလူတွေကိုပါ ကိုဗစ်၁၉ ပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးပေးတာဖြစ်ပြီး ပိုးကင်းစင်မှ သက်ဆိုင်ရာ ဒေသကို စီစဉ်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
အခုလို ပြည်ပက ပြန်လာသူ ရွှေ့ပြောင်းလုပ်သားတွေကိုပါ စစ်ဆေးပေးတဲ့အတွက်ကြောင့် ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် များပြားတာလို့ ယူဆဖွယ်ရှိပါတယ်။
မြန်မာမှာမေလ ၂၅ ရက်မနက်ထိ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၈၆၄၄ ဦး ၊ စောင့်ကြည့်လူနာ ၄၆၄၆ ဦး၊ ပိုးတွေ့လူနာ ၂၀၁ ဦး၊ ရောဂါပိုးကင်းစင်သူ ၁၂၂ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိထားပါတယ်။
(၃) ဘရားဇီးကလာသူတွေကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်
ဘရာဇီးဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ကမ္ဘာ့ဒုတိယအများဆုံးနေရာကို ရောက်လာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်တက်နေတဲ့ ဘရားဇီးနိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ခရီးသွားထားတဲ့ နိုင်ငံခြားသားတွေကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်လိုက်ပါတယ်။
တောင်အမေရိကတိုက်က နိုင်ငံဖြစ်တဲ့ ဘရာဇီးဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာပြီး သူ့အထက်မှာ အမေရိကန်နိုင်ငံ ရှိနေပါတယ်။
အမေရိကန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ တစ်သန်းခြောက်သောင်းကျော်နဲ့ သေဆုံးသူတစ်သိန်းပြည့်ခါနီးအခြေအနေပါ။
ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၃၆၀,၀၀၀ ကျော်ရှိပြီး ၂၂,၀၀၀ ကျော်သေဆုံးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာထားပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ဒီကန့်သတ်ချက်ဟာ အမေရိကန်ကို ကူးစက်အမှုအသစ်တွေ ထပ်ပြီးယူဆောင်လာတာမျိုး မဖြစ်အောင် အကူအညီပေး နိုင်မယ်လို့ ပြောပါတယ်။
"ဘရာဇီးကို သွားထားတဲ့နိုင်ငံခြားသားတွေဟာ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေရဲ့ အရင်းအမြစ် တွေဖြစ်မလာနိုင်အောင် ဒီဆောင်ရွက်ချက်က ကူညီပေးနိုင်ပါလိမ့်မယ်" လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ Kayleigh McEnany ကပြောပါတယ်။
အမေရိကန်ကို ပြည်ဝင်ခွင့်မတောင်းမီ လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဘရာဇီးကို ခရီးသွားထားတဲ့ အမေရိကန်နိုင်ငံသားမဟုတ်သူတွေရဲ့ ပြည်ဝင်ခွင့်ကို ငြင်းပယ်သွားမှာဖြစ်ပါတယ်။ ဒီကန့်သတ်ချက်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကို အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အဲဒီပြည်ဝင်ခွင့်ယာယီဆိုင်းငံ့မှုဟာ မေ ၂၈ ရက်က စပြီး အသက်ဝင်မှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅သန်းခွဲခန့်နဲ့ သေဆုံးသူက သုံးသိန်းခွဲခန့်ရှိနေပါတယ်။