လုံခြုံရေးကောင်စီမှာ ကိုဗစ်ကာလ ရခိုင်အရေးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ချဖို့ သဘောတူညီမှု မရရှိ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအခြေအနေနဲ့စပ်လျဉ်းပြီး ကျင်းပခဲတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီတံခါးပိတ်အစည်းအဝေးကို လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်နဲ့ အက်စ်တိုးရီးယားတို့က ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး မေလ ၁၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ အွန်လိုင်းကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ဒါမှမဟုတ်ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ဖို့ သဘောတူညီချက်မရခဲ့ဘူးလို့ ဆိုပါတယ်။

တံခါးပိတ်အစည်းအဝေးမှာ သဘောတူညီချက် တစ်ခုခုရဖို့အတွက် လိုအပ်တဲ့ ထောက်ခံမဲအရေအတွက် ရဖို့လိုပြီး အခု မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြေညာချက်တစ်စုံတစ်ရာထုတ်ဖို့ ဆုံးဖြတ်ချက်မရတာဟာ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုရှိနိုင်တာကြောင့် ဖြစ်နိုင်ကြာင်း နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက မှတ်ချက်ပြုပါတယ်။

အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှာနာ ဘာဂနာက မြန်မာ့အရေး တင်ပြဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

သူက ရခိုင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်ခံစားနေရတဲ့အခြေအနေ၊ စစ်ဘေးရှောင်ဒုက္ခသည် တွေအတွက် လူသားချင်းစာနာမှုနဲ့ စားနပ်ရိက္ခာထောက်ပံ့နေမှုတွေ၊ တပ်မတော်က သုံးလ အပစ်ရပ်ကြေညာချက်အခြေအနေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ကူညီပံ့ပိုးဖို့လိုအပ်နေတယ်ဆိုတာကိုလည်း မစ္စ ဘာဂနာက ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။

"တံခါးပိတ်အစည်းအဝေးဖြစ်တော့ ကျွန်တော်တို့က ဝင်လို့မရဘူး။ ဒါပေမဲ့ မစ္စဘာဂနာကတော့ မြန်မာ့အရေးဆွေးနွေးတင်ပြခဲ့တယ်။ ကျွန်တော်တို့က လည်း လုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေထဲမှာ မြန်မာအပေါ် နားလည်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကို ကျွန်တော်တို့ ဆောင်ရွက်ထားတာတွေ ရှင်းပြခဲ့တာရှိတယ်။ အထူးကိုယ်စားလှယ်ကလည်း မြန်မာအကြောင်းသူ့ဘာသာလေ့လာထားတာသိထားတာတွေရှိပါတယ်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာဆွေးနွေးစရာမလိုတဲ့အခြေအနေပါ။ ဒါက ဖိအားပေးတဲ့သဘောဆိုတာ ပေါ်လွင်ပါတယ်"လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှလို မြန်မာအစိုးရကို ထောက်ခံတဲ့ အင်အားကြီးနိုင်ငံတွေပါဝင်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ရခိုင်ပြည်နယ်တွင်း ကစစ်ရေးပဋိပက္ခတိုးမြင့်လာတဲ့အခြေအနေကြောင့် နေရပ်စွန့်ခွာသူတွေနဲ့ ထိခိုက်သေဆုံးမှု တွေကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြား ရခိုင်နဲ့ ချင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြား ပဋိပက္ခတွေမြင့်တက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်မှုတွေဖြစ်တဲ့အပေါ် စိုးရိမ်ပူပန်တာကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးကြဖို့ဗြိတိန်ကတောင်း ဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကန့်သတ်ခံရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်အပါအဝင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်တွေတိုးလာတယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။

ဒီပဋိပက္ခတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူသားချင်းစာနာထောက်ထားမှုအရေးအပေါ်အခြေအနေနဲ့ ကြုံနေရတဲ့လူတွေ အထူးသဖြင့် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူတွေနဲ့ ရိုဟင်ဂျာလူထုတွေလို ထိခိုက်လွယ်တဲ့သူတွေမှာ အပိုဆောင်းကန့်သတ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး အပြုသဘောဆောင်တဲ့ကနဦးဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့ဖို့ တိုက်တွန်းတောင်းဆိုခဲ့သလို ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုခဲ့ပါတယ်။

မြန်မာက လာမယ့် ၂၃ ရက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေကို ပထမဆုံးအစီအရင်ခံစာတင်သွင်းရဖို့ရှိနေပါတယ်။

အဲဒီမတိုင်ခင်တစ်ပတ်အလိုမှာ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။