ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင်မှာ ဖွင့်တော့မယ့် စာသင်ကျောင်းတွေ ကိုဗစ်ကာကွယ်ဖို့ အသင့်ဖြစ်ပြီလား၊ ကိုဗစ်နဲ့အတူနေထိုင်ရမယ့် လူမှုဘဝပုံစံသစ်၊ အိုင်စီဂျေကို မြန်မာတင်ရမယ့်အစီရင်ခံစာ အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်
ပြီးခဲ့တဲ့တစ်ပတ်အတွင်း လှုပ်လှုပ်ခတ်ခတ်ရှိခဲ့တဲ့ သတင်းတွေကိုပြောရမယ်ဆိုရင် အစိုးရက စာသင်ကျောင်းတွေကို ဇူလိုင်မှာပြန်ဖွင့် မယ်လို့ ကြေညာပြီးတဲ့နောက် ကျောင်းတွေမှာ ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ အသင့်အနေအထားရှိမရှိကို အုပ်ထိန်းသူမိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေ အတော်လေးရှိခဲ့ပါတယ်။
တစ်ခါ ကိုရိုနာဗိုင်းရပ်စ်ဟာ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးတဲ့အတွက် ကပ်ရောဂါကြား ကိုဗစ်နဲ့အတူ နေထိုင်ရမယ့် လူမှုဘဝပုံစံသစ်မှာ သတိထားသင့်တဲ့အချက်တွေရှိလာခဲ့ပါတယ်။
ဒါ့အပြင် အိုင်စီဂျေကို မြန်မာက လာမယ့်မေ ၂၃ ရက်မှာ ပထမဆုံးအစီရင်ခံစာတင်ရဖို့ရှိနေပါတယ်။
ကျောင်းတွေကိုဘယ်လိုပြန်ဖွင့်မှာလဲ
မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေကို ဇူလိုင်လမှာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။
ဒါကြောင့် ကိုဗစ် ၁၉ ရောဂါရှိမရှိစောင့်ကြည့်ဖို့ ကွာရန်တင်းစင်တာအဖြစ် ဖွင့်ထားတဲ့ စာသင်ကျောင်း ခြောက်ထောင်ကျော်မှာ စောင့်ကြည့်လူနာ ထပ်လက်မခံဖို့ ပြည်ထောင်စုအစိုးရက သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ ညွှန်ကြားထားပါတယ်။
အဲဒီကျောင်းတွကို ပိုးသတ်ဆေးဖြန်းပြီး ဇွန်လလယ်နောက်ဆုံးထား ပညာရေးဝန်ကြီးဌာနကို ပြန်အပ်ရမှာပါ။
မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းသားကျောင်းသူက ဆယ်သန်းနီးပါးရှိပါတယ်။
ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုဗစ်ကို ကာကွယ်ဖို့ ကျောင်းသားတွေကို ခပ်ခွာခွာနေဖို့၊ ကျောင်းသား တစ်ယောက်ကိုနှာခေါင်းစည်း နှစ်ခုစီနဲ့ မျက်နှာအကာတစ်ခုစီ အခမဲ့ဝေဖို့၊ ကျောင်းသားများတဲ့ကျောင်းတွေကို နှစ်ချိန်ကျောင်းအဖြစ် ခွဲပြီးတက်စေဖို့ စီစဉ်မယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကိုဗစ်ကာကွယ်ဆေး မပေါ်သေးပေမယ့် ကျောင်းတွေကို ပြန်ဖွင့်မှဖြစ်မယ်လို့ ပြောထားပြီး အတန်းတွေကိုခွဲထုတ်တဲ့နည်းနဲ့ ဖွင့်မလားလို့ စဉ်းစားနေတယ်လို့ ပြောကြားထားပါတယ်။
ပုံမှန်ဆို ကျောင်းတွေကို ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်နေကြဖြစ်ပါတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့် လူစုလူဝေးမလုပ်ဖို့နဲ့ လူတွေခပ်ခွာခွာနေဖို့ အမိန့်ထုတ်ထားသလို ကိုဗစ်ကာကွယ်ရေးညွှန်ကြားချက်တွေအမိန့်တွေကို မေလကုန်အထိ သက်တမ်းထပ်တိုးထားပါတယ်။
ခုလို ဇူလိုင်မှာ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားကျောင်းသူတွေအတွက်လုံခြုံတဲ့ ကျောင်းပတ်ဝန်းကျင် မဖြစ်မှာ စိုးရိမ်သလို တစ်ဖက်ကလည်း စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ပြန်ဖွင့်ဖို့လိုလားတဲ့အုပ်ထိန်းသူတချို့ရှိနေပါတယ်။
မိုးတွင်းကာလ သွေးလွန်တုပ်ကွေးလို ခြင်ကတစ်ဆင့်ကူးစက်ရောဂါတွေ၊ ရာသီတုပ်ကွေးလို ဖျားနာတုပ်ကွေးရောဂါတွေလည်းရှိတဲ့အတွက် ကိုဗစ်နဲ့ရောကုန်မှာ မိဘတွေကစိုးရိမ်နေပါတယ်။
ဒီတော့ ကျောင်းဖွင့်ကာလက ကိုဗစ်အန္တရာယ်ကာကွယ်ရေးအတွက် မိဘတွေရဲ့ စိုးရိမ်ချက်က ဘယ်လိုရှိပါသလဲ။ ဘာတွေတောင်းဆိုလိုပါသလဲ။
ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဒေါ်လွတ်လပ်စိုးက အခုလိုပြောပါတယ်။
"ကလေးတွေရဲ့ သဘာဝက ဒီနေရာဒီနေရာသွားဆိုရင် တိတိကျကျလိုက်နာချင်မှလိုက်နာတာ။ ထိန်းချုပ်ရတာခက်မယ်။ ဆရာဆရာမတွေက စာသင်တာအပြင် ဒီလိုမျိုးအပိုဆောင်းအလုပ်တွေ လုပ်နိုင်ပါ့မလား။ ဝန်ထမ်းကောလုံလောက်ပါ့မလား။ မကြောက်ပါနဲ့ မစိုးရိမ်ပါနဲ့လို့ပြောနေတဲ့အစား ကလေးတွေအတွက် အာမခံချက်ရှိတာမျိုးလိုချင်တယ်။ အန္တရာယ်ဇုန်ကြီးထဲကို ကျွန်မသားကို နေ့တိုင်းသွားပို့နေရသလိုဖြစ်နေမှာပေါ့။ လုံခြုံတဲ့ပတ်ဝန်းကျင်ကို လုံလုံလောက်လောက်ရပြီလား။ ကလေးတွေကိုရော ဒီမက်ဆေ့ချ်တွ ပြည့်ပြည့်စုံစုံပေးနိုင်ပြီလား။ ဆရာဆရာမတွေရော ဒီတာဝန်ကိုအပြည့်အဝထမ်းနိုင်ပြီလား။ အခုပဲဖွင့်ဖွင့်၊ စက်တင်ဘာဖြစ်ဖြစ် သြဂုတ်လဖြစ်ဖြစ် ဘယ်ချိန်ဖွင့်ဖွင့် ကောင်းမွန်တဲ့ အစီအမံရှိစေချင်တယ်။ ကျောင်းဖွင့်ခါနီးတစ်လအလိုမှ ကျွန်တော်တို့လုပ်နေတယ်ဆိုတာထက် ဘာမှ တိကျတဲ့ မူဝါဒ ပြောတာမျိုး မရှိသေးဘူး။ ကျွန်မကတော့ စောင့်ကြည့်ချင်ပါတယ်" လို့ပြောပါတယ်။
သာမန်ကာလ ကျောင်းဖွင့်တာနဲ့မတူတဲ့အတွက် ဆရာ၊ မိဘ၊ကျောင်းသားတွေလိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ထုတ်ပြန်ဖို့ပြင်နေတယ်လို့ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။
စာသင်ခန်းတွေကိုလည်း ခပ်ခွာခွာနေရေးသတ်မှတ်ချက်အရ သတ်မှတ်အကွာအဝေးတိုင်း ပြင်ဆင်မယ်လို့ ဆိုပါတယ်။
ဒီတော့ အတန်းစုံ ဖွင့်နိုင်မယ့် အခြေအနေရှိမှာလား။ ဆိုရှယ်ဒစ်စတန်းဇင်းအရ ခပ်ခွာခွာအနေအထားနဲ့ သင်ပေးဖို့က အခြေခံအဆောက်အဦးတွေ အဆင်ပြေလုံလောက်မှုရှိပါသလား။ ဦးကိုလေးဝင်းက အခုလိုပြောပါတယ်။
"ဇူလိုင်လအတွင်းပြောတဲ့အတွက် နောက်တစ်ပတ်ဆုတ်၊ နှစ်ပတ်ဆုတ်လည်းဖြစ်နိုင်ပါတယ်။ ဖွင့်မယ်ရက်မတိုင်ခင် တစ်ပတ်မှာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လုပ်ပါမယ်။ အဲဒီမှာမိဘတွေသိရမယ့် ညွှန်ကြားချက်တွေ၊ ကိုဗစ်နဲ့ဆိုင်တဲ့ကြေညာချက်တွေ ပေးဖို့ရှိပါတယ်။ အဲဒါတွေပြီးရင် စာသင်ခန်းတွေအဆင်သင့်ဖြစ်ရင်၊ ဆရာဆရာမတွေအင်အားလည်း လုံလောက်မှုရှိအောင် စီစဉ်ပေးနိုင်ပြီဆိုရင် အဲဒီကျမှဖွင့်မှာပါ။ ဖွင့်တဲ့အခါကျရင်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှာ မူလတန်းအဆင့်ကိုအရင်ဖွင့်ပါမယ်။ ကေဂျီနဲ့ မူလတန်းအတန်းငါးတန်း၊ KG၊Grade 1 ကနေ ၄ အထိ ဖွင့်ပါမယ်။ အတန်းတွေခွဲလိုက်မယ် ဆိုရှယ်ဒစ်စတန်းဇင်းအရ ဖွင့်မယ်ဆို လက်ရှိနှစ်ချိန်ကျောင်းတွေကို ဘယ်လိုလုပ်မလဲစဉ်းစားနေတယ်။ ရန်ကုန်က ကျောင်းသားနည်းနည်းနဲ့ နေရာလွတ်အများကြီးရှိတဲ့ကျောင်းတွေရှိတယ်။ အဲဒါတွေကို ယူသုံးမလား စဉ်းစားနေတယ်။ ဒါမှမဟုတ် ကလေးတွေကို စနေတနင်္ဂနွေ အပါအဝင်ပေါ့ ရက်တွေကိုအလှည့်လိုက် တက်ခိုင်းမလား စဉ်းစားနေတယ်" လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
လက်ရှိမှာ ကျောင်းမဖွင့်ခင် ပညာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်ဖို့အချိန် ၄၅ ရက်ကျန်ပြီး အဲဒီအတွင်း အောင်စာရင်းတွေထုတ်ဖို့နဲ့ ဆရာ ဆရာမ တွေကို သင်တန်းတွေပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
ကိုဗစ်နဲ့နေထိုင်ရမယ့် လူနေမှုပုံစံအသစ်
ကိုရိုနာဗိုင်းရပ်စ်ဟာ ပျောက်ကွယ်သွားဖို့ မရှိဘူးလို့ WHOက သတိပေးထားပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်သူပေါင်း လေးသန်းကျော်နဲ့ သေဆုံးသူ သုံးသိန်းကျော်ရှိထားတဲ့ ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းကဏ္ဍစုံမှာကမာက်ကမဖြစ်ခဲ့ရပါတယ်။
ကာကွယ်ဆေးနဲ့ကုသဆေးလည်းမရှိသေးတဲ့အခြေအနေပါ။ ဒါပေမဲ့ နိုင်ငံတော်တော်များများကတော့ ဗိုင်းရပ်စ်ကို မရပ်တန့်နိုင်သေးခင်မှာပဲ ပုံမှန်ဘဝသစ်ကိုပြန်သွားဖို့ ပြင်နေကြပါပြီ။
မြန်မာမှာလည်း ကန့်သတ်ချက်တွေကို မေလကုန်ထိ သက်တမ်းတိုးထားပေမယ့် ညမထွက်ရအချိန်ပြင်ဆင်ပေးတာမျိုးလို တချို့ဖြေလျှော့မှုလေး တွေစရှိလာပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရော၈ါကြား new normal ဆိုတဲ့ ပုံမှန်လူနေမှုဘဝပုံစံသစ်ကို သွားဖို့ ဘာတွေသတိထားပြင် ဆင်သင့်နေပါသလဲ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက မေးကြည့်ထားပါတယ်။
"အလုပ်က ပြန်လုပ်ရမှာပဲလေ။ stay at home ဆိုပြီး အိမ်ထဲမှာပဲနေလို့မရဘူး။ အိမ်မှာရှိတဲ့ဆန်ကုန်သွားရင် ရေကုန်သွားရင် အပြင်က ထွက်ရမှာပဲ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ကိစ္စအကုန် ကို stay at home ဆိုပြီး ရပ်တန့်ထားလို့မရဘူး။ အွန်လိုင်းကနေ ဆက်သွယ်တာကလည်း ဖုန်းဘီလ်ကုန်ရင် အပြင်ထွက်ဝယ်ရမှာပဲ။ အဲဒီတော့ ရောဂါဖြစ်ပွားမှုများတဲ့နေရာတွေကိုလော့ဒေါင်းလုပ်ပြီး ဖြစ်ပွားမှုလျှော့ချမယ်။ တစ်ဖက်က ကာကွယ်ရင်းနဲ့ တစ်ဖက်က အလုပ်လုပ်မယ်။ အပြင်ထွက်တဲ့သူတွေကလည်း အပြင်ထွက်တဲ့အခါ mask တွေတပ်ရမယ်။ လက်ကို စက္ကန့်နှစ်ဆယ်ကြာမကြာခဏ စနစ်တကျ ဆေးရမယ်။ တက်နိုင်သမျှ ဆိုရှယ်ဒစ်စတန်းဇင်းမူသဘာဝကို လိုက်နာပြီးတော့ ခြောက်ပေအကွာ ခပ်ခွာခွာနေရမယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မဖြစ်မနေဝင်လာပြီးတော့ လက်ခံကျင့်သုံးရမယ့်လူမှုရေးဆိုင်ရာတွေဖြစ်ပါတယ်။ အကုန်လုံးကဒီကာကွယ်မှုတွေကို လိုက်နာရင်လိုက်နာသလို ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှုက အရမ်းကြီးထောင်တက်ပြီးဖြစ်သွားတာမရှိဘဲ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်တဲ့ပုံစံနဲ့ပဲ သူက ပေါ်လိုက်ပျောက်လိုက် လုပ်လိုက် ဆင်းသွားလိုက် ဒီပုံစံအတိုင်းပဲ ဆက်သွားမှာဖြစ်ပါတယ်" လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
အိုင်စီဂျေကို မြန်မာတင်ရမယ့်အစီရင်ခံစာ
အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထား တဲ့အပေါ် ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ အမိန့်ချထားရမှာ လေးလအတွင်း အစီရင်ခံစာ ပြန်တင်ရမယ်ဆိုတဲ့အချက် ပါပါတယ်။
မြန်မာအစိုးရရဲ့ ပထမဆုံး အစီရင်ခံစာကို အိုင်စီဂျေထံ လာမယ့် မေလ ၂၃ ရက်မှာ တင်သွင်းဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကို ပြောပါတယ်။
အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ပတ်သက်လို့တော့ အသေးစိတ်ကို ပြောကြားခွင့်မရှိဘူးလို့ ဆိုပါတယ်။
အခုလို အစီရင်ခံစာမတင်ခင် ကြားမှာ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေး ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုး လိုက်ပါတယ်။
ဒါ့အပြင် တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲခံထားရတဲ့ အမှုရင်ဆိုင်နေဆဲနဲ့ အကျဉ်းကျခံနေရသူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။
မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ လေးချက်က
(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့
(၂) မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့
(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့
(၄) ဒီကနေ့ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။
ဒါကြောင့် အခု တင်ရမယ့်လေးလပတ်အစီရင်ခံစာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ မူလပင်မစွပ်စွဲချက်ဆီကို ရောက်တဲ့အဆင့်မဟုတ်ဘဲ အမှုနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုတွေမဟုတ်ကြောင်းလည်း သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဆွေးနွေးရာမှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး နှစ်ကြိမ်လုံး မအောင်မြင်ရတဲ့ အကြောင်းအရင်းကိုလည်း ဦးချမ်းအေးက ခုလိုပြောပါတယ်။
"ကျွန်တော်တို့ဘက်က ဒုက္ခသည်တွေကိုပြန်လက်ခံဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေကို စိစစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ထားပါတယ်။ အခု စိစစ်ပြီးတော့ ပြန်လက်ခံမယ်ဆိုတဲ့ သူတွေက ဘယ်သူတွေကတော့ ဘယ်ရွာတွေမှာနေတယ်။ သူတို့အတွက် ဘယ်လိုစီစဉ်ထားတယ်ဆိုတာတွေ ပို့ထားပါတယ်။ မအောင်မြင်ဘူးဆိုတာက နံပါတ်တစ်က ပြန်လာမယ့်လူတွေဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့ဘက်ကို စာရင်းပို့တယ်။ အဲဒီစာရင်းပို့မယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတဲ့ ဖောင်ရှိတယ်။ အဲဒီဖောင်တွေမှာ ကာယကံရှင်တွေကိုယ်တိုင်က လက်မှတ်ထိုးတာတို့ လက်ဗွေနှိပ်တာတို့လုပ်ရမှာ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့ကို ပို့လာချိန်မှာ ဒီထဲက လူတွေက သိတောင်မသိကြဘူး။ ဆိုတော့ နီးတော့ချိန်ကျတော့မှ ပြန်မယ်ဆိုပြီးလိုက်ခေါ်တော့မှ အဲဒီလူတွေက အဲဒီချိန်ကျမှ သိတာ။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် က ပြန်မယ်ဆိုတဲ့လူတွေနဲ့ သေချာ သူတို့သဘောဆန္ဒရယူပြီးတော့မှ ကျွန်တော်တို့ကိုအစောတည်းက ပို့ရမှာ။ အဲဒီလိုအခြေအနေပါ" လို့ သူက ဆိုပါတယ်။
ဒါကြောင့် လာမယ့် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါငြိမ်သက်ပြီး ပြည်ပခရီးသွားလာဆက်သွယ်ရေးအဆင်ပြေတဲ့အခါ ဘင်္ဂလားဒေ့ရှ်မှာ နောက်တစ်ကြိမ်ဆွေးနွေးပွဲလုပ်ဖို့ရှိပါတယ်။