မီတာခ လျှော့ပေးပေမဲ့ ပိုကျတာ ဘာကြောင့်လို့ ဝန်ကြီးဌာန ပြောလဲ

ရေးသားခဲ့သည်။

အစိုးရက ဧပြီလအတွင်း လျှပ်စစ်ယူနစ် ၁၅၀ ကို လျှော့ပေးဖို့ ကြေညာခဲ့ပေမဲ့ လျှော့ပေးတဲ့ လမှာပဲ အိမ်ထောင်စုတချို့မှာ မီတာခ ပိုကုန်ကျခဲ့တာဟာ ယူနစ် ၁၅၀ ကျော်သူတွေကို ယူနစ် ၁၅၀ နောက်ပိုင်း ကောက်တဲ့နှုန်းကနေ စပြီးကောက်ခဲ့လို့ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းပြောကြားပါတယ်။

အဲဒါဟာ တစ်လ သုံးစွဲတဲ့ ယူနစ် စုစုပေါင်းထဲက ၁၅၀ ကို နုတ်ပြီး ကျန်တဲ့ ယူနစ်ကို ပေးဆောင်ရတဲ့ ပုံစံမျိုး မကောက်ခံဘဲ ယူနစ် ၁၅၀ က စပြီး ကျသင့်ငွေကို တွက်ချက် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ မေလ ၁၅ ရက် သောကြာနေ့မှာ ပြုလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအတွင်းဝန် ဦးစိုးမြင့်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ အိမ်သုံးမီတာတွေကို ကောက်ခံတဲ့အခါ

  • ၁ ယူနစ်က ၃၀ ယူနစ်အထိ ၃၅ ကျပ်၊
  • ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊
  • ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊
  • ၇၆ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊
  • ၁၀၁ ယူနစ် ကနေ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊
  • ၁၅၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ် နှုန်းတွေနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ယူနစ် ၁၅၀ ကျော် သုံးစွဲတဲ့ အိမ်တွေအနေနဲ့ ၁ ယူနစ်ကို ၁၂၀ ကျပ်နှုန်းနဲ့ တွက်ချက် ပေးသွင်းရတာ ဖြစ်ပါတယ်။

အဲဒီလို စနစ်နဲ့ ကောက်ခံတဲ့အတွက် များများသုံးတဲ့လူတွေ အနေနဲ့ များများပေးဆောင်ရတာဖြစ်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။

ဒါပေမဲ့ ယူနစ် ၁၅၀ မကျော်အောင် သုံးစွဲခဲ့သူတွေအနေနဲ့တော့ မီတာခ ပေးဆောင်စရာ မလိုပါဘူး။

ဒါ့အပြင် မီတာ ယူနစ်တွေ လျှော့ပေးမယ်လို့ ကြေညာခဲ့အပြီး နောက်တစ်နေ့မှာ ကောက်ခံမယ့် ပုံစံကို ထပ်ကြေညာခဲ့လို့ အသေးစိတ် ဖတ်တဲ့လူတွေက သိထားပြီး ဖြစ်မယ်လို့လည်း ဒုတိယအတွင်းဝန်က ပြောပါတယ်။

သုံးစွဲသူ အများစုကတော့ ၁၅၀ ယူနစ် လျှော့ပေးတဲ့အတွက် အရင်လတွေထက် ပိုသက်သာမယ်လို့ မျှော်လင့်ခဲ့ကြပြီး တလတာ သုံးစွဲခဲ့တဲ့ ယူနစ် စုစုပေါင်းထဲက ၁၅၀ ယူနစ်ကို နုတ်ပြီး ကျန်တဲ့ယူနစ်ကို ပေးချေရမယ်လို့ ယူဆထားကြပါတယ်။

ဒါပေမဲ့ လျှော့ပေးတဲ့လမှာ မီတာခ ပိုကျသင့်တဲ့ကိစ္စမှာ အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။

အစိုးရအနေနဲ့ မေလထဲမှာလည်း ၇၅ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ပေးမယ်လို့ မေလ ၆ ရက်က ကြေညာထားခဲ့ပါတယ်။ ၇၆ ယူနစ်နဲ့ အထက်ကိုတော့ အလွှာလိုက် သတ်မှတ်နှုန်းအတိုင်း ပေးရမယ်လို့ ကြေညာထားပါတယ်။

အခုလို လျှော့ပေးတဲ့လမှာ ပိုမိုကျသင့်တဲ့အတွက် မကျေနပ်မှုတွေ ရှိသလို ကိုယ်သုံးတဲ့မီတာ ယူနစ် ဘယ်လောက် ရှိသလဲဆိုတာကို ဖတ်လို့မရတာမျိုးတွေလည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် မကျေနပ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။