လှိုင်သာယာမှာ တစ်အိမ်တက်ဆင်းကျန်းမာရေးစစ်တမ်းကောက်ယူမှုစတင်အပါအဝင် မနက်ခင်းသတင်းများ

တစ်အိမ်တက်ဆင်း ကျန်းမာရေးဆင်းတမ်းကောက်ယူမှုစတင်

ဓာတ်ပုံ ရင်းမြစ်, Zay KoKo

ဓာတ်ပုံ ပုံစာ, တစ်အိမ်တက်ဆင်း ကျန်းမာရေးဆင်းတမ်းကောက်ယူမှုစတင်
ရေးသားခဲ့သည်။

လှိုင်သာယာမှာ တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်တမ်းကောက်ယူမှုစတင်

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လှိုင်သာယာမြို့နယ်မှာ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစစ်တမ်းကောက်ယူတာတွေကို ဒီကနေ့ မေ၁၆ရက်နေ့မနက်ပိုင်း မှာ စတင်နေပြီလို့ လှိုင်သာယာမြို့နယ် COVID-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုဇေကိုကိုက ဘီဘီစီကိုပြောပါတယ်။

' ' ကျန်းမာရေး၊ကြက်ခြေနီ၊ လူငယ်ပရိဟိတ ဒီအဖွဲ့စုံပါတဲ့ စစ်ဆေးရေးအဖွဲ့တွေကနေ အိမ်တွေမှာလိုက်ပြီး ကောက်နေတာပါ။ အဓိက ကိုယ်အပူချိန်တိုင်းတယ်။ အချက်အလက်မေးတယ်။ ကိုယ်ပူချိန်မြင့်တဲ့သူ တွေကိုတော့ ဆရာဝန်တွေဆီထပ်ပို့ပြီး အသေးစိတ်ထပ်စစ်တာပေါ့။'' လို့ သူကပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း လူဦးရေအများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ပိုးတွေ့လူနာတွေ့ရှိထားတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့တုံးကလည်း ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ အင်းစိန်မြိုနယ်ကို ပထမဆုံးအနေနဲ့ လူထုကျန်းမာရေးစစ်တမ်းကောက်ယူမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီကောက်ယူမှုအရ သံသယရှိသူ ၁၆ ဦးကို ရောဂါပိုးရှိမရှိ စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး ပိုးတွေ့လူနာတော့တွေ့ရှိခဲ့ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂ ရက်ဆက်တိုက် ပိုးတွေ့လူနာသစ်မရှိခဲ့ဘဲ မေ ၁၆ ရက်မနက်ပိုင်း ထုတ်ပြန်ချက်များအရ ပြည်ပက ပြန်ဝင်လာသူတစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် အတည်ပြုလူနာ ၁၈၂ ဦးရှိလာပြီဖြစ်ပါတယ်။

အသေးစားအိမ်တွင်းမှုလုပ်ငန်းတွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေကိုပါ ကျန်းမာရေးနဲ့ညီမညီစစ်ဆေးမှုတွေလုပ်မယ်

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာန တွေကို ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့သတ်မှတ်ချက် အကြံပြုချက်တွေနဲ့ အညီလိုက်နာခြင်း ရှိမရှိကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ လိုက်လံ စစ်ဆေးမှုတွေကို မေ ၁၅ ရက်နေ့အထိ အားလုံးကို စစ်ဆေးပြီးစီးသွားပြီလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ဒီအတွက် မေ ၁၆ ရက်နေ့ကစပြီး လူအင်အားအနည်းငယ်နဲ့လုပ်ကိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ၊ အသေးစားတစ်ပိုင်တစ်နိုင်လုပ်ငန်းတွေနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေကို မေ ၁၆ ရက်နေ့ကစပြီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်စတော့မယ်

ဓာတ်ပုံ ရင်းမြစ်, တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း

ဓာတ်ပုံ ပုံစာ, တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်စတော့မယ်

ကိုဗစ်-၁၉ ကြောင့် ရွှေ့ဆိုင်းထားရတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်စတော့မယ်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးပေးမယ့်အစီအစဉ်တွေကို မေ၁၈ရက်နဲ့ ဇွန်၁ရက်နေ့တွေမှာ ပြန်စမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မေ ၁၅ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယိအဆင့် ဆေးရုံတွေမှာ မေ ၁၈ရက်နေ့က ပြန်စထိုးပေးမှာဖြစ်ပြီး ဇွန်၁ရက်နေ့မှာတော့ တိုက်နယ်၊ ဒေသန္တရ ၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ ၊ ရပ်ကွက်၊ကျေးရွာ အားလုံးမှာ ပြန်လည် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဧပြီနဲ့ မေလတွေမှာ ရပ်ဆိုင်းထားခဲ့ရပါတယ်။

ကာကွယ်ဆေးထိုးအစီအစဉ်တွေကို ပြန်စရာမှာ ကာကွယ်ဆေးထိုးစုရပ်တစ်ခုမှာ တစ်ရက်ကို ကလေး ၅၀ ဦးစီသာ ထိုးနှံပေးသွားမှာဖြစ်ပြီး ပုံမှန်ထက် ဆေးထိုးရက်တွေကို တိုးမြှင့်ပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကွဲကွာနေရတဲ့ ချစ်သူစုံတွဲတွေကို တစ်ဖန်ပြန်လည်တွေ့ဆုံနိုင်

ဓာတ်ပုံ ရင်းမြစ်, Roland Schmid

ဓာတ်ပုံ ပုံစာ, ကွဲကွာနေရတဲ့ ချစ်သူစုံတွဲတွေကို တစ်ဖန်ပြန်လည်တွေ့ဆုံနိုင်

ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြီးယားနယ်စပ်ပိတ်ပင်ကန့်သတ်မှုအချို့ကိုဖြေလျှော့ပေး

ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြီးယားနဲ့ ပြင်သစ်နိုင်ငံတွေဟာ ဇွန်လလယ်လောက်မှာ အပြည့်အဝပြန်လည်ဖြေလျှော့ပေးဖို့ ကနဦးအနေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံနယ်စပ်တွေကကန့်သတ်ပိတ်ပင် မှုတွေကို ပြန်လည်ဖြေလျှော့ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီဖြေလျှော့မှုဟာ နယ်စပ်ပိုင်းခြားမှုကြောင့် ကွဲကွာနေရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ချစ်သူစုံတွဲတွေကို တစ်ဖန်ပြန်လည် တွေ့ဆုံနိုင်စေမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့့်ပွားမှုကို တားဆီးဖို့အတွက် နိုင်ငံ ၄ခုရဲ့နယ်စပ်ဖြတ်သန်းသွားလာခွင့်တွေကို မတ်လကတည်းက ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

လမ်းတွေ ရထားတွေနဲ့ လေကြောင်းသွားလာမှုအကုန်လုံး ပိတ်ထားခဲ့တာဖြစ်ပါတယ်။