လေဖိအားနည်းရပ်ဝန်းဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင် အပါအဝင်မနက်ခင်းသတင်းများ

၁၆ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဓာတ်ပုံ ပုံစာ, ၁၆ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ရောက်ရှိနိုင်
ရေးသားခဲ့သည်။

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်မှ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်

ဒီကနေ့ မေ ၁၄ ရက်နေ့ မနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်အားကောင်း လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ ယင်းနဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိ ခဲ့ပြီး ဆက်လက်တည်ရှိနေကာ၊ ၁၅ ရက်နေ့မှာ မုန်တိုင်းငယ်(Depression)အဆင့်သို့လည်းကောင်း၊ ၁၆ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင် တယ်လို့ သိရပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက် မြောက်ဘက်သို့ ရွေ့လျားကာ၊ (၁၇.၅.၂၀၂၀)ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေကနေ အားကောင်းလာပြီး မုန်တိုင်းအဖြစ်ပြောင်းလဲလာတဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိသလို မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်နိုင်ခြေလည်းရှိလို့ သတိထားရမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ဘီဘီစီရဲ့ မုန်တိုင်းအကြောင်းသိကောင်းစရာ အချက်အလက်တွေကိုမေးမြန်းတဲ့အင်တာဗျုးမှာ ဖြေကြားထားခဲ့ပါတယ်။

မုန်တိုင်းဖြစ်နိုင်တဲ့ကာလတွေ

အများဆုံးကတော့ မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့မေလပေါ့။ အဲဒီကာလမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပြီဆိုရင် မြန်မာနိုင်ငံကိုဝင်နိုင်တဲ့အတွက်ကြောင့် မုန်တိုင်းရဲ့ ပထမရာသီလို့ သတ်မှတ်ထားတယ်။

ဇွန်လကနေစပြီး ဇူလိုင်ကနေ သြဂုတ် ဒီ သုံးလမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတွေ မုန်တိုင်းတွေဖြစ်တယ်။ ဒါပေမဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာနိုင်ငံကို တစ်ကြိမ်တစ်ခါမှ ဝင်တာမျိုးမရှိခဲ့ဘူး။

မြန်မာနိုင်ငံရဲ့ မုန်တိုင်းဒုတိယရာသီဖြစ်တဲ့ မုတ်သုန်နဲ့ မုတ်သုန်ထွက်တဲ့ကာလ တွေဖြစ်တဲ့ စက်တင်ဘာလ ကနေ နိုဝင်ဘာလအထိဟာ သတိပြုရမယ့် ကာလဖြစ်ပါတယ်။ စက်တင်ဘာလမှာ ဖြစ်တဲ့မုန်တိုင်းတွေရဲ့ ၅ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကိုဝင်တဲ့ အနေအထားရှိပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာလတွေအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၂၀ နဲ့ ၁၅ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကိုဝင်တယ်။ ကျန်တဲ့ ၈၀ ၊ ၈၅ ရာခိုင်နှုန်းကတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကိုသွားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ သက်ရောက်မှုက မြန်မာ့ကမ်းရိုးတန်းကို ဖြတ်မှ သက်ရောက်မှုရှိတာဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမှာတခုက ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ပေမယ့်လည်း မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီးရေလျှံတာလည်း ရှိတတ်ပါတယ်။

ကပ်ရောဂါထိန်းချုပ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Kachin Information Committee NLD

ဓာတ်ပုံ ပုံစာ, ကပ်ရောဂါထိန်းချုပ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

KIO ထိန်းချုပ်ရာနယ်မြေအတွင်း ကပ်ရောဂါထိန်းချုပ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အခြေပြုရာဒေသတွေမှာ (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်းပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊နန်ဆန်ယန်ကျေးရွာအုပ်စု၊ အစိုးရထိန်းချုပ်မှုကင်းလွတ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါကျေးရွာမှာ မေ ၁၃ ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ သိရပါတယ်။

' ' အချို့နေရာတွေမှာတော့ ပူးပေါင်းလုပ်ဖို့ စီစဉ်တာပါ။ တချို့နေရာကတော့ အခက်အခဲရှိပါတယ်။ အချို့သောနေရာတွေမှာက လုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ အထူးဆွေးနွေးရမယ့်နေရာ တွေလည်းရှိမယ်လို့ကျွန်တော်မြင်ပါတယ်''လို့ ဆွေးနွေးမှုအခြေအနေကို ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကိုပြောပြပါတယ်။

ဆွေးနွေးပွဲမှာကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနကသက်ဆိုင်ရာ တာဝန်ခံတွေနဲ့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ PCG တို့ ပါဝင်ခဲ့သလို ကချင်လွတ်မြောက်ရေးတပ်မတော် KIOမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဆွမ်လွတ်ဂမ်၊ ဒုတိယဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွန်မော်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးနဲ့ တက်ရောက်လာသူတွေဟာ ကပ်ရောဂါကာကွယ် နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးကြပြီး၊ လူမှုရေးဝန်ကြီးဦးနေဝင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကေအိုင်အိုထိန်းချုပ်ဒေသအတွင်း Facility Quarantine ဝင်ရောက်နေသူ (၇၈)ဦးအတွက် (၂၁)ရက်စာ စားသောက်စရိတ် ငွေကျပ် (၅,၇၃၃,၀၀၀)နှင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေတထောက်ပံပေးခဲ့တယ်လို့သိရပါတယ်။

ရောဂါပိုးတွေ့သူနေထိုင်ရာနေရာတွေကို အသွားအလာပိတ်ပင်တာတွေပြုလုပ်ထား

ဓာတ်ပုံ ရင်းမြစ်, Jpaing/MPA

ဓာတ်ပုံ ပုံစာ, ရောဂါပိုးတွေ့သူနေထိုင်ရာနေရာတွေကို အသွားအလာပိတ်ပင်တာတွေပြုလုပ်ထား

မေ ၁၅ ရက်နောက်ပိုင်းမှာ ညမထွက်ရအမိန့်ကို အချိန်လျှော့ချတော့မယ်

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ထုတ်ပြန်ထားတဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ ထုတ်ပြန်ထားချက်ကို မေလ ၁၆ရက်ကစပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိပြောင်းလဲပြင်ဆင် သွားတော့မယ်လို့ ပြည်နယ်နဲ့တိုင်းအချို့မှာဖွဲ့စည်းထားတဲ့ COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွေထံက သိရပါတယ်။

ဒီထဲမှာ မန္တလေးတိုင်းအနေနဲ့ မေလ ၁၅ ရက်နောက်ပိုင်းမှာကန့်သတ်ထားချက်တွေကို တစ်ဆင့်ချင်း ပြင်ဆင်လျှော့ချသွားဖို့ရှိတယ်လို့လည်း မန္တလေးမြို့နယ်စည်ပင်ကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။

ပြည်နယ်နဲ့တိုင်းအားလုံးမှာ ည ၁၀ နာရီကနေ မနက်၄နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၁၈ ရက်နေ့ကစပြီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၈၁ ဦးအထိရှိလာပြီး ရောဂါပိုးကင်းစင်လာသူ ၇၉ ဦးအထိရှိလာပြီ လည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄ သန်းကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄ သန်းကျော်ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်တော့မှ အပြီးတိုင်ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူးလို့ WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်တော့မှ အပြီးတိုင်ပျောက်ကွယ်သွားတော့မှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ကသတိပေးလိုက်ပါတယ်။

WHO ရဲ့ အရေးပေါ်ကျန်းမာရေးအစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုက်ခ်ရိုင်ယန်က ကိုရိုနာ ဗိုင်းရပ်စ်ကို ပျောက်ကွယ်သွားဖို့ ခန့်မှန်းလုပ်ဆောင်တာတွေမလုပ်ဖို့ကို ဗုဒ္ဓဟူးနေ့က သတိပေး ပြောဆို သွားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ကာကွယ်ဆေးတွေ့ခဲ့ပြီဆိုရင်တောင်မှ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အင်မတန်အားထုတ်ရဦးမှာ ဖြစ်တယ်လို့လည်း ထပ်လောင်းပြောဆိုပါတယ်။

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄ သန်းကျော်ရှိလာပြီး သေဆုံးသူ ၂၉၈,၁၆၅ ရှိသွားပြီ ဖြစ်ပါတယ်။

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကတော့ အားထုတ်ကြိုးစားမယ်ဆိုရင် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်မယ့်အခြေနေမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

' ' အနာဂတ်က ကျွန်တော်တို့ လက်ထဲမှာပါပဲ၊ ဒီထဲမှာ အားလုံးရဲ့အကျိုးစီးပွားတွေနဲ့လည်းသက်ဆိုင်တာကြောင့် ဒီကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ အားလုံးကပူးပေါင်းပါဝင်ဖို့လိုပါတယ်''လို့လည်း သူကပြောပါတယ်။