စစ်သင်္ဘောပေါ်မှာ ရိုက်နှက်တဲ့ ဗီဒီယိုဖိုင်ကို တပ်က ဝန်ခံ၊ ကျူးလွန်သူတွေ ဖမ်းထားပြီလို့ပြော

ရေးသားခဲ့သည်။

အခုရက်ပိုင်း အတွင်း အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ စစ်သင်္ဘောပေါ်မှာ အမျိုးသား ၅ ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဟုတ်မှန်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒီလိုကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ အဲဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှု တွေ ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်ထဲက မြို့၊ ရွာတွေမှာ အေအေ တပ်ဖွဲ့ဝင်တွေ ဒေသခံတွေအသွင်နဲ့ စိမ့်ဝင်လှုပ်ရှားမှုတွေ မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ခဲ့စဉ် ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အေအေနဲ့ ပတ်သက်သူလို့ယူဆရသူ အမျိုးသား ၅ ဦးကို ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်လို့ လည်းသူက ရှင်းပြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အေအေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဧပြီ ၂၁ ရက်က တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မေ ၁၀ ရက် မနက်ပိုင်းက လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တဲ့ ရုပ်သံဖိုင်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ လူငါးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေက သင်္ဘောပေါ် မှာ ထိုးကြိတ်ကန်ကျောက်နေကြတာ တွေ့ရပါတယ်။

စုစုပေါင်း အပိုင်း ၃ ပိုင်းပါရှိတဲ့ ရုပ်သံဖိုင်မှာ ဗမာစကားပြော အရပ်ဝတ်တချို့နဲ့ တပ်မတော် စစ်ဝတ်စုံဝတ်ထားသူ သေနတ်ကိုင်ဆောင်ထားသူတချို့က မျက်နှာမှာ အဝတ်စည်းထားတဲ့ အရပ်ဝတ် အမျိုးသားငါးဦးကို သင်္ဘောပေါ်မှာ ထိုးကြိတ်ကန်ကျောက်နေကြတာ ဖြစ်ပါတယ်။

မျက်နှာကို ခြေထောက်နဲ့ နင်းတာတွေ့ရသလို၊ ပက်လက်လှန်ခိုင်းထားပြီး ရင်ဘတ်ကို ခြေထောက်နဲ့ တက်ဆောင့်တာကိုလည်း တွေ့ရပါတယ်။

အဲဒီ့ အမျိုးသား ၅ ဦးကို ထပ်မံစစ်ဆေးမှုတွေလုပ်ဖို့ တရားဥပဒေအရ တရားစွဲဆိုမှုတွေ ပြုလုပ်နိုင်ရေး ပုဏ္ဏားကျွန်း ကနေ စစ်တွေကို ဧပြီ ၂၇ ရက် မနက်ပိုင်း စစ်ရေယာဉ် နဲ့ပို့ဆောင်စဉ် အစောင့်အဖြစ်လိုက်ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တချို့က ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုတွ ဆောင်ရွက်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် တွေ့ရှိရတယ်လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခုလို ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အခုအခါမှာ ဖမ်းဆီးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။