ရန်ကုန်တိုင်းအတွင်း မှာ mask မတပ်ဘဲ အပြင်ထွက်ရင် အရေးယူတော့မယ်၊ မူဆယ်မြို့အဝင်ဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း မှာ mask မတပ်ဘဲ အပြင်မထွက်ရင် အရေးယူတော့မယ်

ရန်ကုန်တိုင်းအတွင်း မှာ mask မတပ်ဘဲ အပြင်မထွက်ရင်မေ ၁၃ ရက်ကစပြီးအရေးယူတော့မယ် လို့ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေ ကနေ ကြေညာချက် အသီးသီးထုတ်ထားကြပါတယ်။

ဒီကြေညာချက်ကို မလိုက်နာသူတွေကို ကူးစက်ရောဂါများကာကွယ် နှိမ်နင်းရေးဥပဒေနဲ့အရေးယူ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံထားရသူ ၁၈၀ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းအတွင်းမှာ ၁၄၅ ဦးအထိကူးစက်ခံထားရပြီး မြို့နယ် ၁၀ ခုကို semi lockdown ချထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

မူဆယ်မြို့အဝင်ဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အဝင်တိုးဂိတ်မှာ မေ ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

' ' ည ၈နာရီခွဲလောက်ကဖြစ်သွားတာပါ။ လူတော့ထိခိုက်မှုမရှိဘူး''လို့ မူဆယ်မြို့ခံ ဦးသောင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

မနေ့ကညပိုင်းက ဗုံးပေါက်ကွဲမှုမဖြစ်ခင် ဆိုင်ကယ်တစ်စီးကို စီးနင်းလာတဲ့လူ၂ဦးဟာ အထုပ်တစ်ထုပ်ကို ပစ်ချကာ မောင်းနှင်ထွက်ပြေးသွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုအခြေအနေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးညွှန့်လွင်က အသံမိုင်းပေါက်ကွဲမှုဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးထား ပါတယ်။

' ' မိုင်းယု ၁၀၅ မိုင်ဘက်မှ မှုဆယ်မြို့သို့မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးဟာ မြို့အဝင် OHC တိုးဂိတ် ရောက်မှာ ဆိုင်ကယ်ဝင်လမ်းအတိုင်းဝင်လာပြီး ကတ္တားပေါ်သို့ အသံမိုင်းတစ်လုံး ပစ်ချပြီး မှုဆယ်ဘက်သို့ ထွက်ပြေးသွားတာဖြစ်တယ်''လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် တိုးဂိတ်ကောင်တာ၃ခုပျက်စီးကာ အမိုးမျက်နှာကျက်ပျက်စီးသွားပြီး ကာလတန်ဖိုး ကျပ်ငွေ ၁ဝသိန်းခန့် ဆုံးရှုံးသွားခဲ့တယ်လို့ ဦးစိုးညွန့်လွင်က ကနဦးအခြေအနေကို အသိပေးထားပါတယ်။

ဗုံးပေါက်ကွဲမှုကို တိုးဂိတ်ဝန်ထမ်းတွေထွက်ကြည့်စဉ်မှာပဲ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဝန်ထမ်းအမျိုးသားတစ်ဦးသာ မှန်စအနည်းငယ်စဉ်သွားပြီး ဒဏ်ရာရသွားတာမျိုးတော့မရှိဘူးလို့ ဒေသခံအချို့ကပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တရားခံကိုလိုက်လံစုံစမ်းနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းကလည်း မူဆယ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံကိုဖမ်းမိတာမျိုးတော့မရှိခဲ့ပါဘူး။

၂၀၂၀ခုနှစ် အာဆီယံ-အမေရိကန်အမျိုးသမီးသိပ္ပံပညာရှင်ဆုအတွက် အမျိုးသားအဆင့်ရွေးချယ်မှုမှာ မြန်မာပညာရှင်တစ်ဦး ပါဝင်ရွေးချယ်ခံရ

၂၀၂၀ ခုနှစ် အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆု ကို ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်အောက်ကနေ ရွေးချယ်ရာမှာ အမျိုးသား အဆင့် ဆန်ခါတင်စာရင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါက်တာသဲဝင့်အောင်ကိုရွေးချယ်ခံခဲ့ရပါတယ်။

ဒေါက်တာသဲဝင့်အောင်ဟာ စွမ်းအင်၊ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာသုတေသန တွေ ဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူ ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

' ' ဒီဆုက သိပ္ပံ နည်းပညာ၊ စွမ်းအင် နဲ့ သင်္ချာ ပညာရပ်တွေမှာ အမျိုးသမီးပညာရှင်တွေ ပိုပြီး ပေါ်ထွက်လာအောင် တွန်းအားပေးဖို့ ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခေါင်းစဉ်က ကျွန်မလုပ်နေ တာနဲ့လည်း ကိုက်တော့ ဝင်ပြိုင်ဖြစ်တာပါ။''လို့ နိုင်ငံအဆင့် ရွေးချယ်ခဲ့ရသူဒေါက်တာသဲဝင့်အောင်က ဘီဘီစီကိုပြောပါတယ်။

ဒီဆုရဲ့ နောက်ဆုံးအဆင့်အနေနဲ့ လက်ရှိ အမျိုးသားအဆင့် ၁၀ ဦးထဲက ၂ဦးကိုရွေးချယ်မှာဖြစ်ပြီး ဒီထဲကမှအနိုင်ရသူကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွင်းက အမျိုးသီးပညာရှင်တွေကိုချီးမြှင့်တဲ့ အာဆီယံ-အမေရိကန် အမျိုးသမီး သိပ္ပံပညာရှင်ဆုကို ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေက ဆုရခဲ့ဖူးပြီး မြန်မာနိုင်ငံကတော့ ဆုရခဲ့တာမျိုးမရှိသေးပါဘူး။

ဝူဟန်မှာ လော့ခ်ဒေါင်းဖြည်ပြီးနောက်ပိုင်း အစုလိုက်ကူးစက်မှုတစ်ခု ပထမဆုံးအနေနဲ့ပြန်တွေ့

ဝူဟန်မြို့မှာ အစုလိုက်ကူးစက်မှုအသစ်တစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ တရုတ်နိုင်ငံကထုတ်ပြန်တဲ့ သတင်းတွေအရသိရပါတယ်။

ဒါဟာ ဝူဟန်မှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ပထမဆုံးကူးစက်မှုကိုတွေ့ရှိပြီးနောက် မေ၁၁ ရက် မှာ ကူးစက်မှုအသစ် ၅ခုကို ထပ်မံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ဒီအသေးစား အစုလိုက်ကူးစက်မှုမှာ ကူးစက်ခံရသူအားလုံးဟာ အိမ်ရာတစ်ခု တည်းက လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကူးစက်မှုတွေလျော့ပါးလာပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကန့်သတ်မှုတွေကို ဖြေလျှော့ခဲ့တာဖြစ်ပါတယ်။

ဝူဟန်မှာအခုတွေ့ရတဲ့ အသေးစားအစုလိုက် ကူးစက်မှုဟာ ဧပြီ ၈ ရက်နေ့မှာ လော့ခ်ဒေါင်းဖြေ လျှော့လိုက် ပြီးနောက် ပထမဆုံးပေါ်ထွက်လာတဲ့ အစုလိုက်ကူးစက်မှုလည်းဖြစ်ပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေနဲ့ ပညာရှင်တွေကတော့ လူတွေလွတ်လွတ်လပ်လပ်သွားလာလေ ရောဂါ ကူးစက်မှုတွေမြင့်တက်လာနိုင်လေဖြစ်တာကြောင့် နိုင်ငံတွေအနေနဲ့ အသွားအလာ ကန့်သတ် (လော့ခ်ဒေါင်း) တာတွေကို တင်းတင်းကျပ်ကျပ်လုပ်သင့်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

ရုရှားမှာ လော့ခ်ဒေါင်းဖြေလျှော့ပြီးနောက် ကူးစက်မှုအသစ်တွေပိုမြင့်တက်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံးလော့ခ်ဒေါင်း ချထားရာကနေ အလုပ်တွေပြန်လုပ်နိုင်ဖို့ ဖြေလျှော့ပေးလိုက်ပြီလို့ ပြောဆိုခဲ့ပါတယ်။

သူက နိုင်ငံအနေနဲ့ လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်တန့်ထားတဲ့ခြောက်ပတ်တာကာလအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားထိန်းချုပ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကန့်သတ်မှုကို ဖြေလျှော့လိုက်တာဟာ စီးပွားရေးကဏ္ဍအားလုံးအတွက် သက်ရောက်မှုရှိစေလိမ့်မယ်လို့ မစ္စတာပူတင်က ပြောပါတယ်။ ဒါပေမယ့်လိုအပ်ရင်တော့ အချို့သောဒေသတွေမှာ တော့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေရှိနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံဟာ တကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု တတိယအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်လာပါတယ်။

မေ ၁၁ ရက်နေ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကူးစက်မှုအသစ် ၁၁,၆၅၆ ခုထပ်မံတွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်မှု ၂၂၁,၃၄၄ နဲ့ သေဆုံးသူပေါင်း ၂၀၀၉ ဦးအထိရှိပြီဖြစ်ပါတယ်။