အင်းစိန်အုပ်စုလိုက်ကူးစက်မှုမှာ တစ်ဦးထပ်တိုးလို့ ၁၉ ဦးထိရှိလာ၊ လွှတ်တော်အမတ်တစ်ဦးကို အန်အယ်လ်ဒီ ပါတီက ထုတ်ပယ်၊ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၄ သန်းကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, MPA
(၁) အင်းစိန်အုပ်စုလိုက်ကူးစက်မှုမှာ တစ်ဦးထပ်တိုး၊ အစုလိုက်ကူးစက်သူ ၁၉ ဦးထိရှိလာ
အင်းစိန်မြို့နယ်၊ ခဝဲခြံ ၂ လမ်းထဲက မိသားစုလိုက် ကူးစက်မှုကနေ နောက်ထပ် ကူးစက်သူတစ်ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ မေလ ၉ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၇ ဦး ရှိလာပါတယ်။
လူနာနံပါတ် ၁၇၇ ဖြစ်လာတဲ့ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးကြီးဟာအင်းစိန်မြို့နယ်၊ ခဝဲခြံ ၂လမ်းထဲက မိသားစုဝင် ၁၃ ဦး ကူးစက်ခံရတဲ့ နေအိမ်က ဖြစ်ပြီး အဲဒီနေအိမ်ကို ကိုဗစ်အတည်ပြုလူနာတွေဖြစ်တဲ့ ကွယ်ကဘောဆေးရုံက သူနာပြုဆရာမတွေအဝင်အထွက်ရှိထားခဲ့ပါတယ်။
ဒီအမျိုးသမီးကြီးဟာ အဲဒီအိမ်က လူနာနံပါတ် ၁၆၂ ရဲ့ မိခင်ဖြစ်ပြီး အင်းစိန်ဆေးရုံမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ကုသမှုခံယူ နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS
ပထမတစ်ကြိမ် ဆေးစစ်ရာမှာ ပိုးမရှိအဖြေထွက်ခဲ့ပေမယ့် ဆက်လက်စောင့်ကြည့်ခဲ့တဲ့အခါ ဝမ်းလျှောလာတာကြောင့် နောက်တစ်ကြိမ်ဆေးစစ်တဲ့အခါ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကိုတွေ့ရတယ်လို့ အင်းစိန်အမတ် ဦးဝေဖြိုးဟန်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။
ဒီလူနာနဲ့ဆိုရင် အင်းစိန်တစ်မြို့နယ်တည်းမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄၃ ဦးထိ ရှိလာပြီဖြစ်ပါတယ်။
အင်းစိန်မှာ ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းအတွင်း သာသာရေးပွဲတစ်ခုကနေတစ်ဆင့် လူအုပ်စုလိုက်ကူးစက်မှုတစ်ခုဖြစ်ပွားထားတာရှိပါတယ်။
အခု အုပ်စုလိုက်ကူးစက်ခံရမှုက လူနာနံပါတ် ၁၅၁ ကနေ ထိတွေ့ဆက်စပ်သူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်ပြီးဆေးစစ်ရာနေ နောက်ထပ် ကူးစက်သူ ၁၈ ဦးထပ်တွေ့လာရတာဖြစ်ပါတယ်။
လူနာနံပါတ် ၁၅၁ ကတော့ ကိုဗစ်အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်းမရှိဘူးလို့ အစိုးရက ထုတ်ပြန်ထားပြီး ဒီအုပ်စုလိုက်ကူးစက်မှု ဘယ်ကစလဲဆိုတာ နောက်ကြောင်းပြန်ခြေရာခံမှုတွေ လုပ်နေပြီဖြစ်ပါတယ်။
မြန်မာမှာ မေလ ၉ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်လည်သက်သာလာသူ ၆၇ ဦးအနက် ၄၃ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး အသွားအလာကန့်သတ်မှုတွေ ဆက်လုပ်ထားပါတယ်။
(၂)ဖေ့စ်ဘွတ်မှာရေးသားချက်ကြောင့် လွှတ်တော်အမတ်ကို အန်အယ်လ်ဒီ ပါတီက ထုတ်ပယ်
အန်အယ်လ်ဒီပါတီက ဗိုတထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, May Soe FB
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောက်တံတားမြို့နယ်က ၃၈ လမ်းဈေးကို ဖျက်သိမ်းပြီး ဗိုလ်တထောင်မြို့နယ်က ချမ်းမြေ့ဈေးအတွင်းကို ပြောင်းရွှေ့နေရာချထားပေးမှုနဲ့ပတ်သက်ပြီး ဗိုတထောင်အမတ် ဒေါ်မေစိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပြောကြားဝေဖန်မှုနဲ့ပတ်သက်ပြီး ခုလို ပါတီကို တိုင်ကြားခံရတာဖြစ်ပါတယ်။
ဈေးသည်တွေကို ဗိုလ်တထောင်မြို့ထဲပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ညှိနှိုင်းဖို့ပြော ဆိုခဲ့ပေမယ့် ညှိနှိုင်းမှုမရှိဘဲ ပြောင်းရွှေ့လာတဲ့အပေါ် မကျေနပ်တဲ့အတွက် လူမှုကွန်ရက်မှာ ရေးသားပြောဆိုရာကနေ ခုလို တိုင်ကြားခံရတာဖြစ်ပြီး ပါတီက အရေးယူခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ပါတီကအရေးယူတဲ့အပေါ် ကာယကံရှင်ထံ ခေါ်ယူညှိနှိုင်းတာမရှိဘဲ ထုတ်လိုက်တာဆိုတာပဲ သိရကြောင်း ဒေါ်မေစိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မနေ့က ညနေပိုင်းက ပါတီဝင်အဖြစ်ကနေ ရုတ်သိမ်းကြောင်းစာနဲ့အတူ ရေးသားထားတာတွေ့ရပါတယ်။
ပါတီက ထုတ်ပယ်ကြောင်းစာမှာတော့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ တင်ပြစာနဲ့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ တင်ပြစာတို့အပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က သုံးသပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
"ဖြစ်စဉ်တွေ လူကြီးတွေကိုရေးတင်ရပါတယ်။ ကျွန်တော်တို့က တိုင်တာမဟုတ်ပါဘူး။ တချို့ဥစ္စာလေးတွေက သူအထင်မှားနေတာတွေရှိတယ်။ ဒါကို သိသိချင်းသွားရှင်းပြတယ်။ နံပါတ်တစ်က ချမ်းမြေ့ဈေးက သူ့ဗိုလ်တထောင်မြို့နယ်ထဲဆိုပေမယ့် ဗိုလ်အောင်ကျော်လမ်းထိပ်က အိုးအိမ်ရုံး နောက်မှာရှိတယ်။ ချမ်းမြေ့ဈေးက ၃၈ လမ်းဈေးကြီးရွှေ့တုန်းက ချမ်းမြေ့ဈေးထဲ ထည့်ခဲ့တာရှိတယ်။ အဲဒါ အရင်တည်းက။ နဝတခေတ်တည်းက။ ပြီးတော့ အဲဒီဈေးသည်တွေက ပြန်ထွက်လာတော့ ၃၈ လမ်းဈေးဆိုပြီးဖြစ်သွားတာ။ ဒီလို ဈေးရွှေ့မှာကလည်း လွန်ခဲ့တဲ့ ရှစ်လလောက်တည်းက ကျွန်တော်တို့က တင်ပြထားပြီးသားပါ။ အခု ကိုဗစ်ဖြစ်သွားတော့ မြို့ထဲမှာ လူနေအိမ်တွေနဲ့လည်းအရမ်းနီးနေတယ်။ ချမ်းမြေ့ဈေးကကျတော့ သီးသန့်လေးလိုဖြစ်နေတယ်ဆိုပြီး ရွှေ့လိုက်တာပါ။ နားလည်မှုတွေ သူလွဲကုန်တာပါ" လို့ ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ဘီဘီစီကို ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကာကယံရှင် ဒေါ်မေစိုးကို ဘီဘီစီက မေးမြန်းတဲ့အခါ
"ဒီစာကိုလည်း ကျွန်မ လိုင်းပေါ်မှာတွေ့လို့သိရတာပါ။ ကျွန်မကိုတိုင်တာက ၃၈ လမ်းက လမ်းဘေးဈေးသည်တွေ လူအယောက် ၂၇၀ ကျော်ကို ကျွန်မတို့ ချမ်းမြေ့ဈေးထဲလာထည့်ပါတယ်။ ကျွန်မတို့နဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိပါဘူး။ နောက်ပြီးတော့ ဒီဈေးကို ကျွန်မတို့ဆီပို့ပေးပါလို့ လွန်ခဲ့တဲ့တစ်နှစ်တည်းက ပြောထားပါတယ်။ ဒါပေမဲ့အဲဒီတုန်းကမပို့ခဲ့ပါဘူး။ ကျောက်တံတားက လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့လုံးဝတာဝန်ယူပါတယ်။ သူတို့မြို့နယ်မှာဈေးမရှိလို့ဆိုပြီး သူတို့ခေါ်ထားပါတယ်။ ခု ကိုဗစ်ကာလမှာကျတော့ သူတို့ပြည်သူတွေက လက်မခံဘူးပြောလို့ နေ့ချင်းပဲ မြို့တော်ဝန်ကို သွားပြောတော့ ချက်ချင်းပဲ ပို့လိုက်တာပါ။ ပို့တာကိုအပြစ်မပြောပါဘူး။ ဘာမှ ကွန်ပလိန်းတက်စရာမလိုပါဘူး။ ဒါပေမဲ့ ဒီကာလမှာ ချက်ချင်းကြီးပို့လိုက်တာတော့ ဈေးထဲမှာ နေရာချထားမှုလည်းအဆင်မပြေဘူးလို့ပြောတာကို ဦးမောင်မောင်စိုးက ကျွန်မကိုအတွေ့လည်းမခံပါဘူး။ ကျွန်မက ကျွန်မပြည်သူတွေအပေါ် မတရားဆောင်ရွက်ပါတယ်လို့ ဖေ့စ်ဘွတ်မှာရေးလိုက်လို့ ဦးမောင်မောင်စိုးက ဗဟိုကို သွားတိုင်ကြားတာပါ" လို့ ဒေါ်မေစိုးကပြောပါတယ်။
ဒေါ်မေစိုးကို ပါတီက နှစ်ကြိမ်တိုင်တိုင် စာနဲ့ အရေးယူထားပြီးဖြစ်တဲ့အပြင် အခုကိစ္စမှာလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဥပဒေဘောင်အတွင်းကနေ တရားဝင်ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆောင်ရွက်ခြင်းမပြုဘဲ ဆိုရှယ်မီဒီယာပေါ်မှာ မလိုလားအပ်တဲ့ရေးသားမှုတွေနဲ့ အစိုးရကို ထိပါးစေနိုင်တဲ့ ဝေဖန်ချက်တွေကို ထုတ်ဖော်နေတယ်လို့ ထပ်မံတွေ့ရှိရတဲ့အတွက် ပါတီဝင်အဖြစ်ကနေ ရုတ်သိမ်းတယ်လို့လည်း ပါရှိပါတယ်။
ရှေ့မှာ နှစ်ကြိမ် ပါတီက စာနဲ့သတိပေးခံရတယ်ဆိုတဲ့အပေါ်လည်း ဒေါ်မေစိုးက ခုလိုပြောပါတယ်။
တစ်ကြိမ်က ၅၂ လမ်းမှာ ကန်ထရိုက်တိုက်ခန်းအသစ်ပြန်ဆောက်ချင်တဲ့ကိစ္စကနေ အငြင်းပွားပြီး ရေဖြတ်မီးဖြတ်ကိစ္စတွေဖြစ်လာလို့ သူ့ကိုအကူအညီတောင်းလာတဲ့အပေါ် ပြည်သူတစ်ဦးအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ စည်ပင်ကို စာတင်ပြီး တောင်းဆိုခဲ့တာရှိတဲ့အပေါ် ပါတီကို အသိမပေးဘဲလုပ်တာဖြစ်တယ်ဆိုပြီး အရေးယူခံတာဖြစ်တယ်လို့ ဒေါ်မေစိုးက ဆိုပါတယ်။ အဲဒီတုန်းက အသနားခံစာ၊ ချေပလွှာနဲ့ အယူခံတွေတင်ခဲ့ပေမယ့် စာနဲ့သတိပေးတာကို ပယ်ဖျက်ခံရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
နောက်တစ်ကြိမ်ကတော့ လွှတ်တော်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ကွန်ပလိန်းစင်တာတွေတည်ထောင်ဖို့ အဆိုတင်တဲ့အခါ ဒီအဆိုဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်ဆိုပြီး အဆိုကိုလည်း ပယ်ဖျက်ခံရသလို သူလည်းအရေးယူခံရတယ်လို့ ဒေါ်မေစိုးကပြောပါတယ်။
အဲဒီအဆိုဟာ ပြည်သူအတွက် တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အဆိုထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကြောင့်လက်ရှိအစိုးရ ပုံရိပ်ကျဆင်းနေရတယ်ဆိုတဲ့စကားလုံး ပါသွားတဲ့အတွက် ထိရောက်စွာအရေးယူခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, May Soe FB
ဗိုလ်တထောင်မြို့နယ်ဟာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိထားတဲ့မြို့နယ်ဖြစ်ပြီး သင်္ကြန်အပြီးမှာ အသွားအလာကန့်သတ်ထားတဲ့ မြို့နယ်ဆယ်ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီကနေ ထုတ်ပယ်ထားတာရှိပါတယ်။
ချမ်းမြေ့ဈေးကို ဧပြီလ ၂၀ ရက်နောက်ပိုင်းမှာ ပြောင်းရွှေ့လာတဲ့ဈေးသည်တွေနဲ့ပတ်သက်လို့ ဒေါ်မေစိုးက ကျောက်တံတားပြည်သူတွေရောဂါကင်းစင်ဖို့ အရေး ဗိုလ်တထောင်မှာ ဖြစ်ချင်ရာဖြစ်စေ ဆိုတဲ့ စေတနာတွေလား လို့လည်း မေးခွန်းထုတ်ရေးသားခဲ့တာတွေရှိပါတယ်။
ဒါ့အပြင် "မြို့တော်ဝန်နဲ့ ကော်မတီဝင်များအားလုံး မတရားသဖြင့် လုပ်ဆောင်နေကြတယ်။ ဗိုလ်တထောင်မြို့နယ်အပေါ် မတရားဘူး" ဆိုတဲ့ ပို့စ်ကိုလည်း ဧပြီ ၂၁ ရက်မှာ တင်ထားတာတွေ့ရပါတယ်။
ခုလို ဒေါ်မေစိုးကို ပါတီကနေ ရုတ်သိမ်းတာဟာ ဒေါက်တာသက်သက်ခိုင်တည်ထောင်ထားတဲ့ PPP ပါတီနဲ့ နီးစပ်တာကြောင့်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
ဒေါ်မေစိုးက သူ့မှာ မိတ်ဆွေပေါများပြီး တပ်မတော်၊ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားလူမျိုးစုပါတီအမတ်တွေနဲ့ ခင်မင်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့လည်း နှစ်ပေါင်းများစွာ ခင်မင်တဲ့မိတ်ဆွေတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပါတီအမြင်မှာတော့ ဒီလူတွေနဲ့ ရောတယ်ဆိုတဲ့အမြင်နဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ခင်တာဟာလည်း သူ့ပါတီကို သွားချင်လို့ဆိုတဲ့အမြင်တွေရှိလာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ဆက်ဖြစ်ရေးအတွက် တခြားပါတီတွေကို သွားဝင်စရာအကြောင်းမရှိဘူးလို့ သူကဆိုပါတယ်။
ကိုဗစ် ၁၉ ရောဂါဖြစ်ပွားလာချိန်မှာ အဲဒီ ၃၈ လမ်းဈေးကို ရပ်ကွက်နေပြည်သူတချို့ တိုင်ကြားမှုကြောင့် အချိန်နဲ့ သတ်မှတ်ပြီးရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးသည်တချို့က မကျေနပ်လို့ ဧပြီ ၂၀ နဲ့ ၂၁ ရက်မှာ အနော်ရထားလမ်းမကြီးပေါ်မှာ လမ်းပိတ်ဆန္ဒပြမှုတချို့ ဖြစ်လာတာကြောင့် ၃၈ လမ်းဈေး ကို အပြီးပိတ်သိမ်းပြီး ချမ်းမြေ့ဈေးကို ပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
(၃) ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၄ သန်းကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, John Moore
ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း လေးသန်းကျော်နဲ့ သေဆုံးသူပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိသွားပြီဖြစ်တယ်လို့ Worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
ရောဂါပျောက်ကင်းပြီးပြန်ကျန်းမာလာသူက ဆယ့်သုံးသိန်းကျော် ရှိပါတယ်။
ကူးစက်မှုအများဆုံးအမေရိကန်မှာ လူ ၁၃ သိန်းနီးပါးကူးစက်ခံရပြီး ခုနစ်သောင်းခြောက်ထောင်ကျော် သေဆုံးထားပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူက ကူးစက်သူအများဆုံးဖြစ်နေပြီး အင်ဒိုနီးရှားကတော့ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူအများဆုံး ဖြစ်နေပါတယ်။
အင်ဒိုနီးရှားမှာ သောကြာနေ့က အသစ်ကူးစက်ခံရသူ ၃၃၆ ဦးနဲ့ သေဆုံးသူ ၁၃ ဦးရှိပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၄၃ ဦးရှိပါတယ်။
စင်ကာပူမှာလည်း သောကြာနေ့က အသစ်ကူးစက်ခံရသူ ၇၀၀ ကျော်ရှိလို့ ကူးစက်သူစုစုပေါင်း ၂၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀ ရှိနေပါတယ်။








