ကိုရိုနာဗိုင်းရပ်စ် - ဆေးဖျန်းစက်ရုပ်နဲ့ ဆေးရည်ဖြည့်စက်ရုပ်ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား တွေ စုပေါင်းတီထွင်

လူကိုယ်တိုင်ဖျန်းစရာမလိုဘဲ အဝေးကထိန်းချုပ်ပြီး ပိုးသတ်ဆေးဖျန်းပေးမယ့်စက်ရုပ်

ဓာတ်ပုံ ရင်းမြစ်, L.O.R.A

ဓာတ်ပုံ ပုံစာ, လူကိုယ်တိုင်ဖျန်းစရာမလိုဘဲ အဝေးကထိန်းချုပ်ပြီး ပိုးသတ်ဆေးဖျန်းပေးမယ့်စက်ရုပ်
ရေးသားခဲ့သည်။

ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ကျောင်းသားတွေ စုပေါင်းပြီးတီထွင်ထားတဲ့ ဆေးဖျန်းစက်ရုပ်နဲ့ ဆေးရည်ဖြည့်ပေးမယ့်စက်ရုပ်ကို မကြာခင်ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ လူနာတွေကို အဓိကကုသပေး နေတဲ့ ဆေးရုံတစ်ခုဖြစ်တဲ့ ဝေဘာဂီအထူးကုဆေးရုံကို ပေးပို့လှူဒါန်းသွားတော့မယ်လို့ အဆိုပါ ကျောင်သားအဖွဲ့က မမီမီမြတ်နိုးက ဘီဘီစီကိုပြောပါတယ်။

ဒီစက်ရုပ်တွေကို ပထမနှစ်ကျောင်းသား ၁၅ ဦးက တစ်ဖွဲနဲ့ ဒုတိယနှစ်၊ တတိယနှစ်စတဲ့ စီနီယာ ကျောင်းသား ၁၀ ဦးကတစ်ဖွဲ့နဲ့ ၂ဖွဲ့ကာ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ အဖွဲ့ ၂ဖွဲ့ကို ကြီးကြပ်သူတွေအနေနဲ့ ဆရာမ ဒေါက်တာသိမ့်သိမ့်သူနဲ့ ဆရာဒေါက်တာထင်လင်း တို့က ကြီးကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

စက်ရုပ်တွေ ဘာကြောင့် ဖန်တီးခဲ့

' ' ကိုဗစ်ကြောင့် ကျောင်းတွေလည်းပိတ်လိုက်ရတော့ ကျွန်တော်တို့လည်းအားနေကြတယ်။ ဒါနဲ့ နိုင်တဲ့ ဘက်က ဝင်ထမ်းကြမယ်ပေါ့။ ဒါနဲ့ ဆေးရုံတွေမှာပိုးသတ်ဆေးဖျန်းတဲ့အခါ လူအားကိုသုံးနေရတော့ ဒီနေရာမှာ လူကိုမထိခိုက်အောင် စက်ရုပ်အစားထိုးသုံးနိုင်ဖို့ လုပ်ကြမယ်ဆိုပြီး ဝိုင်းလုပ်ကြတာပါ'' လို့ စီနီယာအဖွဲ့က ကိုလဝန်းနန္ဒက ဘီဘီစီကို ပြောပြပါတယ်။

ဒီလိုဖန်တီးရာမှာ ဂျုနီယာအဖွဲ့က ဆေးဖျန်းစက်ရုပ်ကို တာဝန်ယူပြီး စီနီယာအဖွဲ့ကတော့ ဆေးရည်ဖြည့် ပေးမယ့်စက်ရုပ်ကို တာဝန်ယူခဲ့ပါတယ်။

ဒီစက်ရုပ်တွေကို မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့တဲ့ မေလအတွင်းမှာပဲ စတင်လုပ် ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

နေအိမ်အပြင်မထွက်ကြဖို့ အစိုးရက ကြေညာထားချိန်လည်းဖြစ်တာကြောင့် နေအိမ်တွေမှာ တစ်ဦးစီ ခွဲပြီး တာဝန်ယူလုပ်ခဲ့ရလို့ အခက်အခဲတွေရှိခဲ့တယ်လို့လည်း ကျောင်းသားတွေကပြော ပါတယ်။

ဆေးရည်ပြန်ဖြည့်ပေးမယ့် စက်ရုပ်
ဓာတ်ပုံ ပုံစာ, ဆေးရည်ပြန်ဖြည့်ပေးမယ့် စက်ရုပ်

ဘယ်လိုအခက်အခဲတွေရှိခဲ့သလဲ

' ' အစပိုင်းကတော့ ကိုယ့်အိမ်မှာကိုယ့်အပိုင်းနဲ့ကိုယ် ခွဲလုပ်ကြတာ။ ကိုဗစ်ကာလဖြစ်လို့ လိုတဲ့ပစ္စည်းက ရှာမရတာ၊ တခါတလေလည်း လုပ်ရင်းနဲ့ error ရှိလာရင် ဆွဲထားတဲ့ ဆော့ဖ်ဝဲ ကြောင့်လားဆိုတာ အဖြေရှာ၊ အထပ်ထပ်စမ်းကြည့်နဲ့နောက်ဆုံးမှ ပစ္စည်းကြောင့်ဖြစ်တာဆိုတော့ ပစ္စည်းထပ်လဲရ ဒီလို အခက်အခဲ လေးတွေတော့ ရှိခဲ့တယ်။''လို့လည်း စီနီယာအဖွဲ့က ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဘုန်းထက်လူက ပြောပါတယ်။

ဒါ့အပြင် မူလက မေလပထမအပတ်မှာ ဆေးရုံကိုသွားရောက်လှူဒါန်းဖို့ စီစဉ်ထားပေမယ့် လိုအပ်ချက် အနည်းငယ်ရှိခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ကျောင်းသား တွေကပြောပါတယ်။

ဒီစက်ရုပ်တွေက ဘယ်လိုအလုပ်လုပ်မှာလဲ

' ' ဆေးဖျန်းမယ့်စက်ရုပ်ကိုအဝေးကထိန်းချုပ်တဲ့ခလုတ်နဲ့ပဲ လူက ထိန်းချုပ်ပြီး ဖျန်းလို့ရမယ်။ နောက် ဆေးရည်ဖြည့်ပေးမယ့်စက်ရုပ်ကိုလည်း ဒီလိုပဲ အဝေးကနေပဲ ခလုတ်နှိပ်ပြီး ဖြည့်လို့ရမယ်။ လောလော ဆယ်တော့ ဗားရှင်း ၁ မှာတော့ စက်ရုပ်က လေးပေလောက်အမြင့်ထိပဲဖျန်းလို့ရမယ်။''လို့ ဂျုနီယာအဖွဲ့က ကျောင်းသူ မမိုးမြင့်မြတ်က ပြောပါတယ်။

ဆေးဖျန်းစက်ရုပ်နဲ့ ဆေးရည်ဖြည့်စက်ရုပ်တွေကို ဗားရှင်း ၂ အနေနဲ့ နောက်ထပ်အဆင့်မြှင့် တင်တာ တွေလုပ်သွားဖို့လည်း ရှိတယ်လို့ ကျောင်းသားတွေကပြောပါတယ်။

' ' မကြာခင်ရက်ပိုင်းအတွင်းမှာ ဆေးရုံကို လှူဒါန်းနိုင်ဖို့ နောက်ထပ်အသေးစားလိုအပ်ချက်လေးတွေ ထပ်ပြင်နေတာရှိတယ်။အဓိက သုံးမယ့်လူတွေကိုအန္တရာယ်မဖြစ်စေဖို့ပါ။ နောက်ပြီး အသုံးပြုမယ့် သူတွေအတွက် အသုံးပြုရမယ့် နည်းလမ်းညွှန်တွေကို အသေးစိတ်ရေးနေတယ်။ စက်ရဲ့ဘယ်အပိုင်း ကတော့ ရေထိလို့မရဘူးစတဲ့ သတိထားရမယ့်အချက်တွေရောပါတယ်''လို့ ဂျုနီယာအဖွဲ့က မမီမီမြတ်နိုးက ပြောပါတယ်။

ဒီလို ဖန်တီးရာမှာ ကျွမ်းကျင်ပြီး အင်ဂျင်နီယာတွေမပါဘဲ လူငယ်ကျောင်းသားတွေစုပေါင်းပြီး လုပ်ရတာ ဖြစ်လို့ စာတွေ့ သီအိုရီပိုင်းအရကနေ လက်တွေ့ပိုင်းကို လုပ်ဆောင်ရာမှာ အဆင်မပြေမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့လည်း ကျောင်းသား တွေကပြောပါတယ်။

' ' လက်တွေ့လုပ်တဲ့နေရာမှာ အခက်အခဲရှိတယ်ဆိုပေမယ့် တကယ်လုပ်တဲ့အခါမှာ ဖြစ်တယ် လုပ်လို့ရတယ်ဆိုတာသိသွားတယ်။ နောက်ထပ် ဖန်တီးမှုတွေထပ်လုပ်သွားဖို့ အားတွေရသွားတယ်။ ယုံကြည်မှုလည်းရှိလာတယ်''လို့ ဒုတိယနှစ်ကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ ကိုလဝန်းနန္ဒက ပြောပါတယ်။

ဗီဒီယို ပုံစာ, မြန်မာကျောင်းသားတွေ ထွင်တဲ့ ပိုးသတ်ဆေးဖြန်းတဲ့ ရိုဘော့