ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်းစိန်မှာ ပိုးတွေ့လူနာတစ်ဦးထပ်တိုး အပါအဝင်မနက်ခင်းသတင်းများ
အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာ ၁ဦးထပ်တိုး၊ ပိုးတွေ့လူနာ ၁၆၂ ဦးရှိလာ
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေ ၇ ရက်နေ့ မနက်ပိုင်းသတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၆၂ ဦးရှိလာပြီလို့ သိရပါတယ်။
ထပ်တိုးလူနာ အမှတ် ၁၆၂ ဟာ အသက်(၄၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။
ထပ်တိုးလူနာဟာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂ လမ်းမှာ နေထိုင်သူဖြစ်ပြီး case-151, case-152, case-153, case-154, တို့နဲ့ အိမ်အဝင်အထွက်ရှိသူတစ်ဦးဖြစ်တယ်လို့လည်း အင်းစိန် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။
လူနာနေထိုင်ရာ ခဝဲခြံ ၂ လမ်းအား အစောကတည်းကပင် Lock down ပြုလုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
အင်းစိန်မြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာအများဆုံးတွေ့ရှိရာမြို့နယ်တစ်ခုဖြစ်တာကြောင့် မြို့နယ်အတွင်း ပူးပေါင်းအဖွဲ့များနဲ့ ကျန်းမာရေးစစ်တမ်းကောက်ယူမှုတွေကို မေ ၆ ရက်နေ့ကစတင် ပြုလုပ်ခဲ့ပါတယ်။
ပိုးတွေ့လူနာများထဲက အယောက် ၅၀ မှာ ၂ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၅၀) ဦး ရှိလာပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခဲ့ပါတယ်။
ရောဂါပျောက်ကင်းသူ ၅၀ ဦးထဲမှာ ရောဂါအခံရှိပြီး အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်လာပါတယ်။
ထပ်တိုးကာလ မေ ၁၅ ရက်နေ့အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်ထပ်မံသက်သာခွင့်ပေး
COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးတိုးမြှင့်ခဲ့တဲ့ မေလ(၁)ရက်မှ (၁၅)ရက်အထိ ကာလ အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၇၅)ယူနစ် အထိကို ငွေကြေး ကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)ကို ထပ်မံ ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မေ ၆ ရက်နေ့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒီသက်သာခွင့်ကို ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုပဲ ပေးမှာဖြစ်ပြီး သံရုံးများ ၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေမပါဝင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီး ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကင်းလွတ်ခွင့်အနေနဲ့ ဧပြီလအတွက်လည်း လျှပ်စစ်မီတာခ ယူနစ် ၁၅၀ ကို ကင်းလွတ်သက်သာခွင့်ပေးဖို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှုထက်ပိုမိုဆိုးရွားလို့ သမ္မတ ထရမ့်ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဒါဟာ ဆိုးရွားလှတဲ့ တိုက်ခိုက်မှုလို့ဆိုခဲ့ပြီး ဒီအတွက် တရုတ်နိုင်ငံကို အပြစ်တင်ခဲ့ပါတယ်။
လက်ရှိအမေရိကန်မှာဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေရဲ့ရိုက်ခတ်မှုဟာ လွန်ခဲ့တဲ့ နှစ်၂၀ ကဖြစ်ပျက်ခဲ့တဲ့ 9/11 တိုက်ခိုက်ခံရမှုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မှာ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရတဲ့ အဖြစ်တွေထက်ပိုပြီး ထိခိုက်စေခဲ့တယ်လို့လည်း မစ္စတာ ထရမ့်ကပြောပါတယ်။
ဘေဂျင်းကတော့ အမေရိကန်အနေနဲ့ ကပ်ရောဂါအပေါ် သူတို့ရဲ့ကိုင်တွယ်ဖြေရှင်းမှုကို အနှောင့်အယှက်ဖြစ်စေချင်နေတာလို့ တုံ့ပြန်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား ၁၂သိန်းကျော် ကူးစက်ခံနေပြီး ၇၃,၀၀၀ နီးပါးသေဆုံးခဲ့ရပါတယ်။