ဗိုလ်ချုပ်ထိန်မောင် သို့မဟုတ် ကေအန်ယူ ဝါရင့်တော်လှန်ရေးသမားတစ်ဦး

ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် အရွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, KNU/KNLA - PC

ဓာတ်ပုံ ပုံစာ, ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် အရွယ်ရှိ
ရေးသားခဲ့သည်။

KNU ကနေ ခွဲထွက်ပြီး KNU/KNLA Peace Council ကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ် ထိန်မောင် မေလ ၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

KNU က ခွဲမထွက်ခင်က ဗိုလ်ချုပ်ထိန်မောင်ဟာ ကေအန်ယူ တပ်မဟာ ၇ မှာ ဗိုလ်မှူးချုပ်အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်ဖို့ဆို ပြီး မြန်မာအစိုးရ ထိန်းချုပ်ရာဒေသကို ပြန်လာပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကေအန်ယူမှာ ဝါရင့်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီးတော့ လက်ရှိ ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီရဲ့ စီနီယာ ဖြစ်ပါတယ်။

သူခွဲထွက်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဗိုလ်ချုပ်ထိန်မောင်ရဲ့ ရာထူးကို တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။ သူခွဲထွက်တဲ့ အချိန်ကလည်း သူနဲ့ ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေအကြား အငြင်း ပွားမှုတွေ၊ ဝေဖန်မှုတွေ၊ မပြေလည်မှုတွေ ဖြစ်ခဲ့ပါတယ်။

၁၉၄၉ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အမှတ် ၁ ကရင်သေနတ်ကိုင်တပ်ရင်းတောခိုရာမှာပါသွားခဲ့

ဓာတ်ပုံ ရင်းမြစ်, KNU/KNLA - PC

ဓာတ်ပုံ ပုံစာ, ၁၉၄၉ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အမှတ် ၁ ကရင်သေနတ်ကိုင်တပ်ရင်းတောခိုရာမှာပါသွားခဲ့

ဗိုလ်ချုပ်ကြီး စောထိန်မောင် ခေါ် စောဌေးမောင်ကို ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မှာ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပေါက်ကျော်ရွာမှာ အဖ စောဘုနဲ့ အမိ နော်မုဒါးတို့က မွေးဖွားခဲ့ပါတယ်။

မွေးချင်း သုံးဦးထဲက အကြီးဆုံးသား ဖြစ်ပါတယ်။ ငယ်စဉ်က ရွာကျောင်းမှာ သတ္တမတန်းအထိ ပညာသင်ယူခဲ့ပြီး၊ဗြိတိသျှစစ်တပ်ထဲကို ဝင်ခဲ့ပါတယ်။

စစ်သင်တန်း ၆ လ တက်ရောက်ခဲ့ပြီး သင်တန်းမှာ ထူးချွန်သင်တန်းသားနဲ့ သေနတ်ပစ် လက်ဖြောင့် ဆုတွေ ရခဲ့ပါတယ်။သင်တန်းဆင်းပြီးနောက် အမှတ် ၁ ကရင်သေနတ်ကိုင်တပ်ရင်းမှာ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။

၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက် မှာ အမှတ် ၁ ကရင်သေနတ်ကိုင်တပ်ရင်း တောခိုရာမှာ ပါသွားရာက တလျှောက်လုံး၊ကရင့်တော်လှန်ရေးထဲမှာ ပါခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစောထိန်မောင်ဟာ ၁၉၇၀ ခုနှစ် မတိုင်ခင်ကတည်းက KNLA တပ်မဟာ ၇ တပ်မဟာမှူး ဖြစ်နေသူပါ။

၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံက ကျောင်းသားတွေ တောခိုလာချိန်မှာ KNU/ KNLA အတွင်း မှာ သြဇာရှိတဲ့ ဗိုလ်ချုပ်စောထိန်မောင်ဟာ ကျောင်းသားတွေကို အကူအညီတွေပေးပြီး ကျောင်းသားစစ်သည်တွေကိုလည်း သူ့ရဲ့အတွေ့အကြုံတွေနဲ့ စစ်ရေး၊နိုင်ငံရေးဗဟုသုတတွေကို မျှဝေခဲ့ပါတယ်။

KNUရဲ့ မာနယ်ပလော ဌာနချုပ် ကျပြီးနောက်ပိုင်းမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ ပြောင်းလဲ လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်တပ်အစိုးရကလည်း တံခါးဖွင့် စီးပွားရေးမူဝါဒတွေ ချမှတ်ပြီး အိမ်နီးချင်း ထိုင်း၊တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ဆောင်ရွက်လာပါတယ်။

အဲဒီအချိန်မှာ ၈၈ ကျောင်းသားလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်ကို လက်ခံ ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေ ကကျောင်းသားတပ်တွေအပြင် တခြားလူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ စစ်ရေး၊နိုင်ငံရေး လှုပ်ရှားမှုတွေကိုပါ ကန့်သတ်လာပါတော့တယ်။

၁၉၇၀ ခုနှစ်မတိုင်ခင်ကထဲက၊ KNLA တပ်မဟာ ၇ တပ်မဟာမှူး ဖြစ်တာဝန်စယူ

ဓာတ်ပုံ ရင်းမြစ်, KNU/KNLA - PC

ဓာတ်ပုံ ပုံစာ, ၁၉၇၀ ခုနှစ်မတိုင်ခင်ကထဲက၊ KNLA တပ်မဟာ ၇ တပ်မဟာမှူး ဖြစ်တာဝန်စယူ

ထိုင်းနဲ့မြန်မာနယ်စပ်မှာလည်း KNLA တပ်မဟာ ၇ လက်အောက်ကနေ ခွဲထွက်သွားတဲ့ DKBA တပ်တွေဟာ အစိုးရစစ်တပ်တွေနဲ့ ပူးပေါင်းပြီး KNLA ရဲ့စစ်စခန်းတွေကို ဖိတိုက်နေချိန်မှာ KNLA က စစ်ရေးအထောက်အကူပစ္စည်းတွေ မဖြည့်တင်းနိုင်လို့ အခက်အခဲတွေနဲ့ အများကြီး ကြုံတွေခဲ့ရပါတယ်။

KNLA တပ်မဟာတွေက စစ်သားအတော်များများကလည်း စစ်ရေးပြင်းထန်မှုကြောင့် သူတို့ရဲ့ မိသားစုတွေနဲ့ DKBA ဘက်ကို ကူးပြောင်းသွားကြတာတွေလည်း ရှိခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ် အလွန် ကာလတွေမှာတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေက တပ်ရင်း ၊တပ်ဖွဲ့တွေ၊တစ်ဖွဲ့ချင်း အစိုးရစစ်တပ်နဲ့ ဆက်သွယ်ပြီး ငြိမ်းချမ်းရေးနဲ့ လက်နက်နဲ့ လဲလှယ်ပြီးကိုယ့်လက်နက် ကိုယ့်လက်ထဲထားပြီး ဒေသဖွံ့ဖြိုးရေး လုပ်လာကြပါတယ်။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့ အဲဒီအချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ဧည့်သည်တွေအနေနဲ့ မြန်မာနိုင်ငံကိုသွားပြီး ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီဆွေးနွေးပွဲကနေ ရှေ့ဆက်မတိုးဘဲ ငြိမ်းချမ်းရေးကို လုပ်ရမယ့် စည်းကမ်းတွေကို အဖွဲ့အစည်းအတွင်းမှာ အမြင်အမျိုးအမျိုးဖြစ်ပြီး ရပ်တန့်နေပါတယ်။

KNU အဖွဲ့ထဲက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို သွားခဲ့သူ တော်များများကလည်း အဖွဲ့အစည်းရဲ့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်သွားရမယ့် အခြေအနေကို အားမလိုအားမရဖြစ်ပြီး မိသားစုလိုက် အလင်းဝင်သွားသူတွေ ရှိသလို အုပ်စုလိုက် ငြိမ်းချမ်းရေးနဲ့ လက်နက်နဲ့ လဲလှယ်သူတွေလည်း ရှိလာခဲ့ပါတယ်။

ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ KNLA တပ်မဟာ ၇ က တပ်ဖွဲ့တချို့ဟာ ၂၀၀၇ နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော့ကိုးရွာမှာ အစိုးရစစ်တပ်နဲ့ ငြိမ်ချမ်းရေးရယူပြီး KNU/KNLA - PC ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

၂၀၀၇ နှစ်၊ဇန္နဝါရီက ၃၁ ရက်နေ့မှာ၊ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ထို့ကော်ကိုးရွာမှာအစိုးရစစ်တပ်နဲ့ငြိမ်ချမ်းရေးရ

ဓာတ်ပုံ ရင်းမြစ်, KNU/KNLA - PC

ဓာတ်ပုံ ပုံစာ, ၂၀၀၇ နှစ်၊ဇန္နဝါရီက ၃၁ ရက်နေ့မှာ၊ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ထို့ကော်ကိုးရွာမှာအစိုးရစစ်တပ်နဲ့ငြိမ်ချမ်းရေးရ

"ဖထီးထိန်မောင်နဲ့ ၂၀၀၇ မှာစသိခဲ့တယ်။ သူဟာ အသက်ငယ်ငယ်နဲ့ စစ်သားဖြစ်ခဲ့သူ ဆိုတော့၊ ပြတ်သားတဲ့ အရိုးခံ စစ်သားကြီးဆိုတာ တွေ့ရတယ်။ သူ့ရဲ့ KNU/KNLA - PC ကို အစိုးရက BGF အဖြစ် အသွင်ပြောင်းဖို့ ပြောတုန်းက သူ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ ၂၀၁၂ မှာ bilateral လက်မှတ်ထိုးတုန်းကနဲ့ ၂၀၁၅ မှာ NCA ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးရာမှာတော့ အလွယ်တကူ လက်မှတ်ထိုးခဲ့တယ်။ဖထီးထိန်မောင်ဟာ ငြိမ်းချမ်းရေးအတွက် တဖွဖွပြောခဲ့တယ်" လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး စောထိန်မောင်ရဲ့ သားမက်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ဗိုလ်ချုပ် စောထိန်မောင်ဟာ အခက်အခဲ အတော်များများကို ဖြတ်ကျော် ရင်ဆိုင်ခဲ့ရပါတယ်။

အခုနှစ်ပိုင်းမှာတော့ KNU/KNLA - PC ငြိမ်းချမ်းရေးကောင်စီ အတွင်းမှာ အတော်အသားကျလာပြီး ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးမွေးမြူရေး အစရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လာနေချိန်မှာ ဗိုလ်ချုပ်ကြီးစောထိန်မောင်ဟာ သူချစ်တဲ့ ကရင်လူထုနဲ့ ကရင်ပြည်နယ်ကို ထားပြီး မေလ ၃ ရက် ညနေ ၆ နာရီမိနစ် ၂၀ အချိန်မှာ ခရစ်တော်မှာ အိပ်ပျော်ရင်း အနားယူသွားတာ ဖြစ်ပါတယ်။

"တကယ့် စစ်သားကောင်းတယောက်ရဲ့ အနောက်မှာ နောက်လိုက်ဖြစ်ရတဲ့အပေါ် ကျွန်တော်တို့ လေးစားဂုဏ်ယူတယ်။ သူ့ဆီကနေ ကျွန်တော်တို့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး စွန့်လွှတ်စွန့်စား ပေးဆပ်မှု၊ ရိုးသားမှု၊ တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ရဲစွမ်းသတ္တိပြည့်ဝမှု ဆိုတဲ့ အရာတွေကို အတုယူခွင့် ရခဲ့ပါတယ်။

တပည့်တပန်းတွေအပေါ်မှာ သူ့ရဲ့ကျောသား ၊ရင်သား မခွဲခြားဘဲ သွေးရင်း၊သားရင်းလို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါမျိုးမှာ ကျွန်တော်တို့အတွက် ခေါင်းဆောင်ဆိုတာထက် အဘိုးအရင်းတယောက်လို ခံစားရပါတယ်"လို့ KNU/KNLA - PC တပ်ခွဲမှူး ( ဗဟိုလုံခြုံရေး ) အကြံပေးအရာရှိ (ဗဟိုစီးပွားရေးကော်မတီ ) ဗိုလ်မှူးစောစည်သူက ပြောပါတယ်။

"လက်ရှိ လုပ်ဆောင်သွားတဲ့ NCA လမ်းကြောင်းပေါ်ကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုတော့ ကျွန်တော်တို့က ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တန်းတူလက်တွဲပြီးတော့ ဆောင်ရွက်သွားမှာပါ" လို့ KNU/KNLA - PC ရဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စောထိန်မောင် ကွယ်လွန်ချိန်မှာ ဇနီး ဖီးဖီးနော်မရိုင်ယာ၊ သား သင်းအုပ်ဆရာစောလယ်ထူး၊သမီး ဆရာမ နော်ကပေါ်ထူး လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အထွေထွေအတွင်းရေးမှူးနဲ့ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ သမီးနော်အဲ့စေးရာနဲ့ နော်ဆဘုဂေတို့ ကျန်ရစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် အရွယ်ရှိပြီဖြစ်ပြီး စျာပနအခမ်းအနားကို မေလ ၅ ရက် မွန်းလွဲ ၂ နာရီအချိန် KNU/KNLA - PC ဌာနချုပ် ထို့ကော့ကိုး အာဇာနည်ဗိမာန်မှာ ခရစ်ယာန် ဘာသာထုံးတမ်းအရ ဂူသွင်းသင်္ဂြိုဟ်မယ် လို့ သိရပါတယ်။