မြန်မာ့ စာနယ်ဇင်း မီဒီယာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ

ရေးသားခဲ့သည်။

"သတင်းစာတွေဟာ တနည်းနည်းနဲ့ အင်အားဖြစ်လာ ဖို့လိုမယ် လို့ထင်တယ်။ သတင်းတွေကတော့ ပေါ်နေမှာပဲ၊ ပေါ်နေတဲ့ သတင်းတွေကို ရေးလိုက်မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ မရဘူးထင်တယ်။ လူထုက အဲဒီသတင်းတွေကို ပြန်သုံးသပ်နိုင်ခြင်း အကဲဖြတ်နိုင်ခြင်း အင်အားတွေ မရှိသေးဘူး။ အဲဒီတော့ သတင်းတွေ ရီပို့လုပ်ရုံနဲ့တော့ မပြီးဘူးထင်တယ်။ သတင်းသက်သက်ရေးတာထက် အယူအဆအားကောင်းသူတွေကို ချဉ်းကပ် အင်တာဗျူး သင့်တယ်လို့ ယူဆတယ်..။"

ဒီစကားက ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ပြောသွားခဲ့တာဖြစ်ပါတယ်။

လူတိုင်း လူတိုင်း ဖုန်းတွေ အင်တာနက်တွေ သုံးစွဲလာနိုင်ချိန်မှာတော့ သတင်းစာဆရာကြီး ဦးဝင်းတင် ပြောခဲ့သလိုပဲ သတင်းသမားတွေဟာ သာမန် ဖြစ်စဉ် သတင်းပေးပို့ရုံနဲ့ မလုံလောက် တော့ပါဘူး။

ဖြစ်စဉ်သတင်းတွေ ပိုပြီး မြန်မြန်ဆန်ဆန် တက်နေတဲ့ ဆိုရှယ်မီဒီယာကို ကျော်လွှားဖို့ ဆိုရင်တော့ သတင်းသမားတွေအနေနဲ့ ပညာရပ်ဆိုင်ရာနဲ့ တင်ပြပုံ တင်ပြနည်းတွေမှာ ခေတ်မီဆန်းသစ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ သတင်းပညာသိပ္ပံရဲ့ ဒါရိုက်တာ ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။

သတင်းသမားတွေအနေနဲ့ တင်ပြပုံကို မျက်မှောက်ခေတ် အခြေအနေ၊ လူထုရဲ့ သတင်းစားသုံးမှု ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ်၊ မြှင့်တင် ပြောင်းလဲပေးရမယ်လို့ သူက ဆိုပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ၂၂ သန်းအထိ ရှိနေပြီ လို့ ဒစ်ဂျစ်တယ်ပေါ်တယ် စစ်တမ်းအရ သိရပါတယ်။

မီဒီယာ ဈေးကွက်ကို လက်သီးပုန်းထိုးတဲ့ ဆိုရှယ်မီဒီယာ

မီဒီယာသမားတွေဟာ ဒီ ဆိုရှယ်မီဒီယာ လှိုင်းလုံးကို ၂၀၁၂ နောက်ပိုင်းမှာ စတင်ပြီး ရင်ဆိုင်ရတာပါ။

ထုတ်ဝေတဲ့ လုပ်ငန်းအဆင့်ဆင့်ရှိလို့ လူထုဆီအရောက်ပို့နိုင်တာ နောက်ကျတဲ့ ပုံနှိပ်မီဒီယာတွေကတော့ Breaking News လို့ ခေါ်တဲ့ နောက်ဆုံးဖြစ်စဉ်သတင်းကို သတင်းမြန်တင်နိုင်တဲ့ လူထုကြိုက်နှစ်သက်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နောက်ကို အပြေးအလွှား လိုက်လာရတယ်လို့ သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းက ပြောပါတယ်။

ဥပမာ တစ်ခုအဖြစ် ဘင်လာဒင်ကို သုတ်သင်တာ အရင်ဆုံး သတင်းထွက်တာ တွစ်တာမှာပါ၊ ဘင်လာဒင်ရဲ့ အိမ်နီးချင်းတစ်ယောက်က သူ့အိမ်နားမှာ ထူးခြားတဲ့ ဆူညံမှုတွေ ဖြစ်နေတယ်ဆိုတာကို တွစ်တာမှာ အရင် တင်ခဲ့တဲ့ ဖြစ်ရပ်ကို ဦးစိန်ဝင်းက ထောက်ပြပါတယ်။

မြန်မာ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း သတင်းဦးက ဖေ့စ်ဘုတ်မှာ စတွေ့ရလေ့ ရှိပါတယ်။

၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ခေတ်စားလာတဲ့နောက် ပုံနှိပ်မီဒီယာကြီးတွေဟာ သူတို့ရဲ့ သတင်းစာမျက်နှာတွေထဲက သတင်းတို သတင်းဦး Breaking News တွေကို သူတို့ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ တင်လာရပါတယ်။

သတင်းစာမျက်နှာတွေ ပြောင်းလဲ လာတာနဲ့ အမျှ ပုံနှိပ် မီဒီယာပေါ်က အဓိက ဝင်ငွေ အနေနဲ့ အားကိုးရတဲ့ ကြော်ငြာ လုပ်ငန်းတွေကလည်း ဖေ့စ်ဘုတ် ဆိုရှယ်မီဒီယာပေါ် ရောက်ရှိလာပါတော့တယ်။

ဒီလို ဆိုရှယ်မီဒီယာကို နယ်ကော မြို့ပါ သုံးစွဲ သူတွေများလာပေမယ့်လည်း သတင်းမီဒီယာ သမားတွေအတွက် ပရောဖက်ရှင်နယ် ကျကျ ၊ မျှမျှတတ ကျင့်ဝတ်နဲ့ အညီ တင်ပြပေးမယ် ဆိုရင်တော့ လူထု ယုံကြည်လေးစားမှုရှိတဲ့ မီဒီယာ ကဏ္ဍကို ရှိနေဦးမယ်လို့လည်း သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။

ကြော်ငြာဝင်ငွေ ကျဆင်းလာနေတာ၊ ရပ်တည်ရေးခက်ခဲလာနေတာဟာ ပုံနှိပ်မီဒီယာတွေတင် ရင်ဆိုင်နေရတဲ့ ပြဿနာ မဟုတ်တော့ပါဘူး အခုလက်ရှိ အွန်လိုင်းကို အခြေပြု တည်ထောင်ထားတဲ့ အွန်လိုင်းမီဒီယာတွေလည်း စီးပွားရေး အခြေအနေက ခပ်ယိုင်ယိုင် အနေအထားမှာ ရှိနေပါတယ်။

စစ်မျက်နှာ နှစ်မျက်နှာ ဖွင့်ခံလိုက်ရတဲ့ ၂၀၂၀

သတင်းဌာနတွေအဖို့ ဒီ ၂၀၂၀ ကတော့ ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်ကြုံတွေ့ရတာဟာ နဂိုက သတင်းထုတ်လုပ်မှု ပုံစံပြောင်းလာတဲ့ အခက်အခဲတွေအပြင် နောက်ထပ် စစ်မျက်နှာသစ် ဖွင့်လှစ် ခံလိုက်ရသလို အခက်အခဲတွေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

အဲဒါကတော့ ကိုဗစ်ကြောင့် ကမ္ဘာမှာသာ မက မြန်မာမှာပါ ရိုက်ခတ်ခံလိုက်ရတဲ့ စီးပွားရေး လှိုင်းဒဏ်ပါပဲ။

သတင်းဌာနတွေရဲ့ နေ့စဉ်လုပ်နေရတဲ့ သတင်းခန်းလှုပ်ရှားမှုတွေကို အသွားအလာ အကန့်အသတ် တွေကြောင့် လျှော့ချပစ်လိုက်ရတဲ့ အခြေအနေတွေက ထိခိုက်မှု ရှိလာပါတယ်။

နယ်စပ်ဒေသ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ တာချီလိတ်သတင်းအေဂျင်စီက အယ်ဒီတာ မချယ်ရီထိုက်ကတော့ ဒီကာလမှာ တခြား ပြည်တွင်း သတင်းဌာနတွေ နည်းတူ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ နယ်စပ် ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ ယာယီရပ်နားထားရတာတွေက သတင်းဌာနရဲ့ စီးပွားကြော်ငြာပိုင်းကို ကြီးကြီးမားမား ထိခိုက်တယ်လို့ ပြောပြပါတယ်။

ပြည်တွင်း သတင်းဌာနကြီး သုံးခုက လူလျှော့တာတွေ၊ အလုပ်ကနေ စာချုပ် ထပ်မချုပ်တော့တာ၊ လစာရာခိုင်နှုန်း လျှော့ချတာတွေကို သတင်းသမား တော်တော်များများ အခုအချိန်မှာ ကြုံတွေ့ရင်ဆိုင် နေရပါတယ်။

မြန်မာသတင်းမီဒီယာ သိပ္ပံက ဦးကျော်မင်းဆွေကတော့ အလုပ်ရှင်နေရာကနေ ကြည့်ရင် သူပြောင်းလုပ်မယ့် သတင်းခန်းမှာ ဘယ်သူ ဆက်ရှိနေမှ ရမယ်၊ ဘယ်နေရာ ၊ ဘယ်တာဝန်အတွက်တော့ ဘယ်လို လူကို ထပ်ခန့်ရမယ်၊ ဘယ်သူ ကတော့ဖြုတ်ရမယ် ဆိုတာ သူ့ရပ်တည် ရှင်သန်ရေး အတွက် စဉ်းစားမှာပဲ ၊ အဖြုတ် ခံရတဲ့အထဲ ကိုယ်ပါမပါ ဆိုတာ ကိုယ့်ရဲ့ Capacity ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာတွေက အခုလို အဖက်ဖက်က စိန်ခေါ်မှုတွေ ဖြစ်လာတာတွေကြောင့် အမှီအခိုကင်းတဲ့ သတင်းသမားတွေ လျော့နည်းလာနိုင်ပြီး နိုင်ငံ အတွက် ဝေဖန်ထောက်ပြနိုင်တဲ့ စတုတ္ထမဏ္ဍိုင် ယိမ်းယိုင်လာနိုင်တယ်လို့ သတင်းစာဆရာတွေက သုံးသပ်ကြပါတယ်။

မေးခွန်းထုတ်စရာ ဖြစ်နေဆဲ စာနယ်ဇင်း လွတ်လပ်ခွင့်

နောက်ထပ် စိန်ခေါ်ချက်တစ်ခုကတော့ သတင်းမီဒီယာသမားတိုင်းလိုလို ကမ္ဘာတဝန်းလုံးမှာလည်း ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်ပါပဲ။ အဓိကကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ပါ။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ မနှစ်ကထက် တစ်ဆင့်ပို နိမ့်ကျသွားခဲ့တယ်လို့ RSF နယ်စည်းမခြား သတင်းသမားများ အဖွဲ့ရဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းစာ လွတ်လပ်ခွင့် အညွန်းကိန်း ဖော်ပြချက်မှာ ပါရှိပါတယ်။

၂၀၁၉ ခုနှစ်က နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ ၁၃၈ ရှိနေပြီး အခု ၂၀၂၀ မှာတော့ ၁၃၉ အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒါကတော့ ဒီနှစ်ပိုင်းအတွင်းမှာပဲ သတင်းမီဒီယာသမားတွေ အပေါ်မှာ တပ်မတော်ကဖြစ်စေ ၊ အစိုးရက ဖြစ်စေ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေလိုမျိုး၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အပါအဝင် ပုဒ်မ မျိုးစုံ တပ်လို့ တရားစွဲဆို တာတွေရှိလာလို့ပါပဲ။

မကြာခင်ကမှ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ နဲ့ မေးမြန်းထားတဲ့ မေးမြန်းခန်း တစ်ခုကို ဖော်ပြခဲ့လို့ အကြမ်းဖက်တိုက်ဖျက်ရေး အက်ဥပဒေနဲ့ အမှုဖွင့်ခံခဲ့ရပြီး အခု ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေး အခြေစိုက် (Voice of Myanmar ) ရဲ့ သတင်းအယ်ဒီတာချုပ် ဖြစ်သူ ကိုနေမျိုးလင်းကတော့ မီဒီယာကို ဖိနှိပ်တာဟာ မျိုးကိုပြုတ်စားတဲ့ စိုက်ပျိုးရေး သမားလိုပါပဲ၊ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် လားရာကို ဦးတည်နေပါတယ်လို့ ဆိုပါတယ်။ ဘက်လိုက်မှု ကင်းကင်း အသံမဲ့သူတွေရဲ့ အသံကို ဖော်ထုတ်မယ် ဆိုရင် ဥပဒေက အမျိုးမျိုးမို့ လက်ရှိ သတင်းသမားတွေဟာ အန္တရာယ်နဲ့ အဝိုင်းခံနေရတယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်က အယူအဆရိုက်ခတ်မှုနဲ့ သတင်းသမား

ကမ္ဘာနိုင်ငံ အသီးသီးက မီဒီယာသမားတွေ ရင်ဆိုင်နေရသလိုပါပဲ။ အာဏာရှိသူ အဝန်းအဝိုင်း၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အသိုင်းအဝိုင်းတွေက သတင်းမီဒီယာတွေအပေါ် ရှုမြင်တဲ့ သဘောထားက အခက်အခဲတစ်ခု ဖြစ်နေတာ ဒီနိုင်ငံမှာ တွေ့ရပါတယ်။

သတင်းသမားတွေရဲ့ သတင်းအလုပ်အကိုင်မှာ ဘာသာရေး လူမျိုးရေး ဆက်နွယ်လာတဲ့အခါ ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုမှာပဲ သည်းခြေကြိုက် ဘာသာရေး လူမျိုးရေး အောက်လုံးတွေက နိုင်ငံ သစ္စာဖောက်အဖြစ် ပုံဖော် တံဆိပ်ကပ် လုပ်ကြံ ခံလိုက်ရတာကြောင့် သတင်းသမားနဲ့ သတင်းမီဒီယာတွေအပေါ် ပြည်သူရဲ့ ယုံကြည်မှု ကျသွားတယ်လို့ ဦးကျော်မင်းဆွေက မှတ်ချက်ပြုပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအချက်အလက်တွေ ရနေတာဖြစ်လို့ ပရောဖက်ရှင်နယ် သတင်းသမားတွေ မရှိလည်း ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေကလည်း လူထုကြားမှာ ပြန်နှံ့တာမျိုး ရှိလာပါတယ်။

ကိုဗစ် အလွန် နဲ့ သတင်းမီဒီယာ စိန်ခေါ်ချက်

ကိုဗစ်အလွန်ကာလမှာ ဆက်လက်ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေ စစ်တမ်းမှာတော့ သတင်းမီဒီယာလည်း ပါဝင်နေပါတယ်။

ဒီအတွက် အစိုးရဘက်က သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေကို အခွန် လျှော့ချ ကင်းလွတ်ခွင့်တွေပေးဖို့နဲ့ သတင်းမီဒီယာတွေ ငှားထားတဲ့ အဆောက်အအုံ၊ အခန်းပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ငှားခ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးဖို့ ညွှန်ကြားချက် ထုတ်ပေးနိုင်ရင် ဖြစ်ဖြစ် ၊ မီဒီယာတိုက်တွေ အတွက် ကိုဗစ်ချေးငွေ ရအောင် ဖြစ်ဖြစ်စီစဉ်ပေးဖို့ လိုအပ်တယ်လို့ သတင်းစာဆရာတွေက ထောက်ပြကြပါတယ်။

အစိုးရဘက်ကတော့ လက်ရှိ အခြေအနေမှာ ကိုဗစ်ကာလအတွက် စီးပွားရေးကုစားမှု အစီအစဉ်မှာ သတင်းမီဒီယာအတွက် ပါရှိတာ မတွေ့ရသေးပါဘူး။

အစိုးရ အနေနဲ့ အဓိကတာဝန်က သတင်းလွတ်လပ်ခွင့်တွေရအောင် သတင်းအချက်အလက်တွေ ထုတ်ပြန်မှုတွေ ပိုလုပ်ပေးဖို့ လိုအပ်ပါတယ်လို့ သတင်းစာဆရာ ဦးစိန်ဝင်းက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း မျက်မှောက်ခေတ် မြန်မာ့မီဒီယာ သမားတွေအတွက်ကတော့ သတင်းလွတ်လပ်ခွင့်ကို အဓိကထား ထိပါးတဲ့ ဥပဒေတွေအပြင် စီးပွားရေးဆိုင်ရာ အခက်အခဲတွေနဲ့ ကိုဗစ်အလွန်ကာလတွေမှာ ဆက်လက်ရင်ဆိုင် ရဦးမယ့် အလားအလာ ဖြစ်လို့ နေပါတယ်။