ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ဟာ မြန်မာပြည်သူတွေအပေါ်အချိန်ကြာကြာ လွှမ်းမိုးနေဦးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော၊ မြန်မာက အတည်ပြုလူနာ ၅၈ ရာခိုင်နှုန်း ရောဂါလက္ခဏာမပြ အပါအ၀င် မေ ၃ ရက်မနက်ခင်း ထိပ်တန်းသတင်းများ
(၁) ကိုဗစ်-၁၉ ဟာ မြန်မာပြည်သူတွေနဲ့ စီးပွားရေးအပေါ် အချိန်ကြာကြာ လွှမ်းမိုးနေဦးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ကိုဗစ်-၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံ၊ မြန်မာ့စီးပွားရေးနဲ့ ပြည်သူတွေအပေါ်မှာ အချိန်ခပ်ကြာကြာ အရိပ်လွှမ်းမိုးနေဦးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း) အစီရင်ခံစာ မိတ်ဆက်မှာ အတိုင်ပင်ခံက ခုလို ရေးသားပြောကြားထားပါတယ်။
ဒါကြောင့် အခုကစပြီး ပြတ်ပြတ်သားသားဆောင်ရွက်ခြင်းနဲ့ လူတိုင်း၊ အိမ်ထောင်စုတိုင်း ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့နိုင်မှာဖြစ်သလို ရှေ့တန်းက သူရဲကောင်းကျန်းမာရေးလုပ်သားတွေကို ခွန်အားရှိစေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမကျန်ခဲ့စေဘဲ ပါဝင်သူအားလုံးရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောင့် ထင်သာမြင်သာရှိတဲ့အချက်ကတော့ ကြိုတင်ခန့်မှန်းထားတဲ့ အခွန်ငွေ မရရှိနိုင်တာဖြစ်ပြီး အခွန်လျော့ကျမှုကြောင့် အစိုးရရဲ့ ခွဲဝေချထားတဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့လိုလာတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။
အဲဒီအသုံးစရိတ်တွေကိုလျှော့ချပြီး ကိုဗစ်နဲ့ ဆက်စပ်တဲ့အသုံးစရိတ်တွေအဖြစ် ပြန်လည်ခွဲဝေပေးဖို့လိုအပ်လာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကိုဗစ်ကြောင့် ကျန်းမာရေးနဲ့စီးပွားရေးမှာ မကြုံစဖူး စိန်ခေါ်မှုတွေကို ကြုံလာရဦးမှာဖြစ်ပြီး မြန်မာနိုင်ငံက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကမှ ဒီအခြေအနေကို တောင့်ခံနိုင်လိမ့်မယ်မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ကိုဗစ်နဲ့ပတ်သက်ပြီး အတိတ်တုန်းက အသေးစိတ်အစီအစဉ်တွေချခဲ့တာမရှိပေမယ့်လည်း ဒီစိန်ခေါ်မှုကိုတိုက်ဖျက်ဖို့အတူတကွရင်ဆိုင်ဖို့လိုကြောင်းနဲ့ အခု စီးပွားရေးကုစားမှုအစီအစဉ်ဟာ ကိုဗစ်ကြောင့် ကြုံရမယ့် စီးပွားရေးသက်ရောက်မှုတွေကို ကုစားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဧပြီ ၂၇ ရက်က အစိုးရနေ ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုရှိနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထပ်ချပေးဖို့အပါအဝင် ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ငွေပေးတဲ့အစီအစဉ်မျိုးတွေထိ ပါဝင်ထားပါတယ်။
(၂) မြန်မာက အတည်ပြုလူနာ ၅၈ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်
မြန်မာနိုင်ငံက ကိုဗစ်-၁၉ အတည်ပြုလူနာတွေအနက် ၅၈ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။
ဒီအချက်ကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူတွေနဲ့ ပြည်သူတွေအနေနဲ့ ဝန်ကြီးဌာနက ထုတ်ထားတဲ့ ဆောင်ရန်ရှောင်ရန်တွေကို သေချာလိုက်နာမှသာ ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒီအချိန်မှာ အားစိုက်ကြိုးပမ်းမှ လာမယ့်ကာလတွေမှာ ပြည်သူတွေရောဂါကူးစက်ခံရမှုနဲ့ သေဆုံးမှုနည်းသွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
မေလ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းအစည်းအဝေးမှာ ဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။
မြန်မာမှာ မေလ ၃ ရက် မနက်ပိုင်းထိ အတည်ပြုလူနာ ၁၅၁ ဦး၊ စောင့်ကြည့်လူနာ ၃၂၂၇ နဲ့ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၈၄၆၀ ဦး ဖြစ်ပါတယ်။ ပြန်လည်ကျန်းမာလာသူ ၃၇ ဦးရှိပြီး သေဆုံးသူ ၆ ဦးဖြစ်ပါတယ်။
နောက်ဆုံးတွေ့ရှိထားတဲ့ လူနာနံပါတ် ၁၅၁ ဟာ ခရီးသွားရာဇဝင်နဲ့ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သူနဲ့ထိတွေ့သူတွေကို ထပ်မံစုံစမ်းတဲ့အခါ သူ့ရဲ့အခန်းဖော်ဟာ ပုဂ္ဂလိက အထူးကုဆေးရုံက သူနာပြုတစ်ဦးဖြစ်တယ်ဆိုတာ သိရှိရပြီး လိုအပ်တဲ့ အသွားအလာကန့်သတ်မှုတွေလုပ်ထားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
(၃) စပိန်က အများပြည်သူသွားလာရာနေရာတွေမှာ နှာခေါင်းစည်းမဖြစ်မနေ တပ်ရမယ်
စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တင်းကျပ်တဲ့ကန့်သတ်မှုတွေ ပြုလုပ်ထားတာကို တနင်္လာနေ့ကစပြီး တဖြည်းဖြည်းလျှော့ချသွားဖိုပရှိနေပါတယ်။ ဒါကြောင့် အများပြည်သူသွားလာရာနေရာမှာ ပါးစပ်နှာခေါင်းစည်းတွေမဖြစ်မနေ တပ်ဆင်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အစိုးရက အများပြည်သူသယ်ယူပို့ဆောင်ရေးအဓိကကျတဲ့နေရာတွေမှာ နှာခေါင်းစည်းခြောက်သန်း ဖြန့်ဝေပေးမှာဖြစ်ပြီး ဒေသန္တရအာဏာပိုင်တွေဆီကို နှာခေါင်းစည်း ၇ သန်း ပေးအပ်ဖို့ရှိတယ်လို့ ပြောပါတယ်။
စပိန်မှာ ခုနစ်ပတ်ကြာ ပိတ်ဆို့ကန့်သတ်ထားရာကနေ ပထမဆုံးအကြိမ်အဖြစ် မနေ့က စလို့ လူတွေကိ ုအပြင်ထွက်ပြီး အားကစားလေ့ကျင့်ခန်းတွေ ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။
အသက် ၁၄ နှစ်အောက် ကလေးငယ်တွေအတွက်တော့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့တစ်ပတ်ကစလို့ ဖြေလျှော့ပေးခဲ့တာပါ။
အခုအခါ ဥရောပတိုင်းပြည်တွေမှာ လူတွေ ခပ်ခွာခွာနေကြဖို့ သတိပေးထားပေမယ့် အသွားအလာကန့်သတ်ထားမှုတွေကို ဖြေလျှော့စပြုလာပြီဖြစ်ပါတယ်။
တချို့တိုင်းပြည်တွေမှာတော့ ဈေးဆိုင်တွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေသုံးပြီး သွားလာတဲ့သူတွေအနေနဲ့ နှာခေါင်းစည်းတွေတပ်ဖို့ လိုအပ်နေပါသေးတယ်။
ဥရောပမှာ အီတလီက ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပြီး သူ့နောက်မှာ ဗြိတိန်နဲ့ စပိန်နိုင်ငံတို့ ရှိနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီနိုင်ငံတွေမှာသေဆုံးစာရင်းကိန်းဂဏန်းအတိအကျကို မှတ်တမ်းတင်ထားတာမရှိဘူးလို့ သတိပေးပါတယ်။
ဗြိတန်မှာ နေ့စဉ် ဒီဗိုင်းရပ်စ်ကြောင့် လူရာဂဏန်းလောက်သေဆုံးနေဆဲဖြစ်ပြီး မနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၆၂၁ ဦးရှိပါတယ်။
ဥရောပမှာ အတင်းကျပ်ဆုံးကန့်သတ်မှုတွေလုပ်ခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့စပိန်ဟာ ကန့်သတ်ထားတဲ့ကာလအတွင်း စွန့်လွှတ်အနစ်နာခံမှုတွေလုပ်ခဲ့တာရဲ့ ရလဒ်ကို အခုခံစားနေရပြီလို့ စပိန်ဝန်ကြီးချုပ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးထိခိုက်မှုတွေကို ကုစားဖို့ ပေါင် ၁၄ ဘီလျံ ရန်ပုံငွေကို အစိုးရက အတည်ပြုသွားမယ်လို့ သူက ပြောခဲ့ပါတယ်။
စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၅,၀၀၀ ကျော်ရှိထားပြီး ကူးစက်သူအများဆုံး ထိပ်တန်းငါးနိုင်ငံမှာ နံပါတ်တစ်ဖြစ်တဲ့ အမေရိကန်ပြီးရင် စပိန်က ဒုတိယနေရာမှာ ရှိနေပါတယ်။