ကိုရိုနာဗိုင်းရပ်စ်- ဒေါက်တာ ပီတာခင်ထွန်းကွယ်လွန်မှု စုံစမ်းစစ်ဆေးရေးလုပ်

ဒေါက်တာ ပီတာခင်ထွန်း

ဓာတ်ပုံ ရင်းမြစ်, Family Handout

ဓာတ်ပုံ ပုံစာ, ဒေါက်တာ ပီတာခင်ထွန်း
ရေးသားခဲ့သည်။

မြန်မာဆရာဝန် ဒေါက်တာပီတာခင်ထွန်း ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်မှုကို သူအလုပ်လုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ရက်ဒင်းမြို့ Royal Berkshire ဆေးရုံက စုံစမ်းစစ်ဆေးမှု စတင်လိုက်ပါပြီ။

ဒေါက်တာပီတာခင်ထွန်းဟာ သူ့ရဲ့စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုနေတဲ့ကြားက ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကွယ်လွန်ခဲ့တာပါ။ အသက် ၆၂ နှစ်အရွယ်ရှိ ဒေါက်တာပီတာခင်ထွန်းဟာ ရက်ဒင်းမြို့မှာဧပြီလ ၁၃ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

ဆေးရုံရဲ့ အကြီးတန်းမန်နေဂျာတွေနဲ့ ဆေးပညာရှင်တွေဟာ ဒေါက်တာပီတာခင်ထွန်းမိသားစုနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာပီတာခင်ထွန်းဟာ အာရုံကြောပြန်လည်သန်စွမ်းမှု အထူးကုဆရာဝန်တယောက်ဖြစ်ပါတယ်။ လေဖြတ်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ အပြင်းအထန်နာမကျန်းဖြစ်တာတို့ကြောင့် ခြေ၊ လက်၊ ကိုယ်ခန္ဓာ ပုံမှန်လှုပ်ရှားမှု မလုပ်နိုင်တော့တဲ့ လူနာတွေကို ပြန်လည်သန်စွမ်းလာအောင် လေ့ကျင့်ထူထောင်ပေးပါတယ်။

အိမ်မှာ ချက်ပြုတ်နေသူ ဒေါက်တာပီတာခင်ထွန်း

ဓာတ်ပုံ ရင်းမြစ်, Peter Tun Facebook

ဓာတ်ပုံ ပုံစာ, အိမ်မှာ ချက်ပြုတ်နေသူ ဒေါက်တာပီတာခင်ထွန်း

ဒေါက်တာပီတာခင်ထွန်းရဲ့ကုသဆောင်ထဲက လူနာ ၅ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့အတွက် ပိုးစစ်အဖြေစောင့်နေချိန်မှာ ဆေးရုံမှာနှာခေါင်းစည်းမလုံလောက်တဲ့အတွက် သူတို့အဆောင်ထဲက နှာခေါင်းစည်းတွေကို အထူးကြပ်မတ်ကုသဆောင်ဆီ ပို့ပေးခဲ့ရတယ်လို့ မိသားစုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နှာခေါင်းစည်းမရှိဘဲ ကုသမှုပေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုကို ဒေါက်တာပီတာခင်ထွန်းက ဆေးရုံမန်နေဂျာဆီ အီးမေးလ်ပို့ပြောကြားခဲ့သေးပေမယ့် နှာခေါင်းစည်းမပါဘဲ တပတ်လောက် အလုပ်လုပ်ခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။ ဆေးရုံရဲ့စုံစမ်းစစ်ဆေးမှုဟာ အဲဒီအချက်ကို လေ့လာစုံစမ်းမယ်လို့ ဆေးရုံတာဝန်ရှိသူတွေကဆိုပါတယ်။

မိသားစုဘက်ကမေးမြန်းစရာရှိတဲ့ မေးခွန်းတွေကို ဆေးရုံရဲ့အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ဖြေကြားပေးမယ်လို့ ကြေညာချက်တစောင်မှာ ဖော်ပြထားပေမယ့် အခုလက်ရှိအဆင့်မှာ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဆေးရုံတက်နေတဲ့လူနာတွေနဲ့ သူတို့ရဲ့မိသားစုတွေ စိုးရိမ်စိတ်များမှာစိုးလို့ နှာခေါင်းစည်းမတပ်ကြဖို့ လူငယ်ဆရာဝန်တွေကို ဆေးရုံမန်နေဂျာတချို့က ပြောခဲ့ကြောင်း ဒေါက်တာပီတာခင်ထွန်းရဲ့ညီ ဒေါက်တာရဲမြင့်က ဘီဘီစီကို စောစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ (PPE) တွေကို သူ့ကုသဆောင်ကနေ ယူဆောင်သွားတဲ့အတွက် ဒေါက်တာပီတာခင်ထွန်းက သူ့မန်နေဂျာကို စောဒကတက် ပြောကြားခဲ့သေးတယ်လို့လည်း သားဖြစ်သူမိုက်ကယ်က ဆိုပါတယ်။

ဆေးရုံရဲ့အုပ်ချုပ်ရေးအဖွဲ့က ဒေါက်တာပီတာခင်ထွန်းကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြောင်း စောစောပိုင်းက ပြောကြားခဲ့ပေမယ့် အကာအကွယ်ဝတ်စုံ (PPE) အလုံအလောက်မရှိဘူးဆိုတဲ့အချက်ကိုတော့ မမှန်ကန်ကြောင်း ငြင်းဆိုပါတယ်။

ဒေါက်တာပီတာခင်ထွန်းဟာမြန်မာနိုင်ငံကနေ ဗြိတိန်ကို ၁၉၉၄ ခုနှစ်မှာပြောင်းရွှေ့လာခဲ့ပြီးဗြိတိန်ဆေးရုံမှာ အလုပ်လုပ်နေတာ ၂၁ နှစ်ကျော်ပါပြီ။

သူကွယ်လွန်ချိန်မှာ ဇနီးဒေါ်ဝင်းမာနဲ့သားနှစ်ဦးကျန်ရှိပါတယ်။