နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ချင်းတွင်းမြစ်ရေ ပြန်ကြည်လာ

ရေးသားခဲ့သည်။

ကော်ဖီရောင်နဲ့ဆင်တူတယ်ပြောကြတဲ့ ချင်းတွင်းမြစ်ရေတွေဟာ ဧပြီလလယ်ကစလို့ မုံရွာ အနီးမှာ အပြာရောင်သန်းပြီးပြန်လည် ကြည်လင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ ရေပြာပေါက်တယ်လို့ ပြောကြပါတယ်။

ဒါဟာနှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ချင်းတွင်းမြစ်ရေတွေ ထူးထူးခြာခြား ပြန်လည် ကြည်လင်လာတာလည်း ဖြစ်ပါတယ်။

မုံရွာနဲ့ မိုင် ၁၀၀ ကျော်လောက်ဝေးတဲ့ ကလေးဝမြို့မှာတော့ ချင်းတွင်းမြစ်ရေတွေ အခုလို ပြန်ကြည်လာနေ တာ တစ်လလောက် ရှိပြီလို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း ကို အဓိက ဖြတ်သန်းစီးဆင်းတဲ့ ချင်းတွင်းမြစ်တွင်းမှာ ခရီးသည်တင်စက်လှေတွေ ပြေးဆွဲတာကို ဧပြီလ ၁၀ ရက်လောက်ကတည်းက ရပ်ထားတာ ဖြစ်ပြီး လာမယ့် မေလ ၁၇ ရက်နေ့ အထိ စစ်ကိုင်းတိုင်းအစိုးရက တားမြစ်ထားပါတယ်။

စားသုံးကုန်တင်တဲ့ ကုန်တင်စက်လှေတွေကိုတော့ သွားလာခွင့်ပြုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေသတစ်ခုနဲ့ တစ်ခု အကြား အသွားအလာ ကန့်သတ်ထားတာကြောင့် အခုလို ရေတွေ ကြည်လင်လာတာလို့လည်း မှန်းဆပြောဆိုမှုတွေ ရှိပါတယ်။

ချင်းတွင်းမြစ် ရေကြောင်းလမ်းမှာ စက်လှေတွေ၊ မော်တော်တွေ အသွားအလာနည်းတော့ ရေအနည်တွေ က အောက်ကို ကျပြီး ရေပြန်ကြည်လာတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ် အခုလို ရေတွေ ပြန်ကြည်လာတာနဲ့ ပတ်သက်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့ စိမ်းလန်းအမိမြေ ဖွံဖြိုးတိုးတက်ရေး အသင်းက ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ကတော ကိုဗစ်ကာလ မှန်းဆဖြေရုံ ကလွဲလို့ တိကျတဲ့ သတင်းအချက်အလက် မရရှိတဲ့ အတွက် ဒီထူးခြားဖြစ်စဥ်တွေအပေါ် အထူးအထွေ ဘာမှမပြောနိုင်ကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။

ကိုဗစ်ကာလ ချင်းတွင်းမြစ်ညာဒေသ ကျောက်စိမ်းထုတ်၊ ရွှေထုတ်မရှိလို့လား၊ အထက်ပိုင်းတွေမှာ ဟိမဝန္တာက ဆင်းလာတဲ့ လေတွေကြောင့် မိုးတွေရွာပြီး ရေစီးများလာလို့လား စတဲ့ အချက်တွေကလည်း ဒါနဲ့ ဆက်စပ်သလား မပြောနိုင်ကြောင်းလည်း သူကရေးပါတယ်။

"မြစ်ကြောင်းမှာ ရွှေမျောမလုပ်ရတာတော့ ကြာပြီ။ ရေကဒီနှစ်မှ ကြည်တာတော့မဟုတ်ဘူး။ မနှစ်ကလည်း ခဏ ကြည်တယ်။ ဒီနှစ်က မိုးကျတာနောက်ကျတော့ ရေကြည်ချိန်ကြာတာပေါ့ "လို့ ကလေးဝမြို့ က စီးပွားရေးလုပ်ငန်းရှင် ဦညီညီငယ်က ပြောပါတယ်။

ချင်းတွင်းမြစ်အောက်ဘက် မုံရွာဘက်မှာတော့ ဧပြီလ လယ်လောက်ကစပြီး မြစ်ရေတွေ ကြည်လာတာလို့ လည်း မုံရွာမြို့ခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ဘေး ကနီမြို့ဇာတိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကတော့ နှစ်ပေါင်း၂၀ လောက်နီးပါးမှာ အခု ချင်းတွင်းမြစ်ရေ စိမ်းပြီးကြည်လာသလို၊ ရေကြည်တဲ့ ကာလကလည်း ပိုကြာလာတယ်လို့ သူက ပြောပါတယ်။

ချင်းတွင်းမြစ်ရေ တနှစ်ပတ်လုံး နောက်ကျိခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဟုမ္မလင်းမြို့ အနီး ဥရုမြစ်ကြောင်းတလျောက်ဒေသက ရွှေမျောလုပ်ငန်းတွေနဲ့၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် က လိုင်စင်မဲ့ရွှေမျောလုပ်ငန်းတွေနဲ့ ပတ်သက်တယ်လို့ လည်း ကနီမြို့ဇာတိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

၂၀၁၉ ခုနှစ် သတ္တုတွင်း ဥပဒေ ပြင်ဆင်လိုက်ပြီးတဲ့နောက်မှာတော့ ချင်းတွင်းမြစ် ကြောင်းတလျှောက် က လိုင်စင်မဲ့ ရွှေမျောလုပ်ငန်းတွေ သိသိသာသာနည်းသွားတယ်လို့ သူက ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ အနီး ဥရုမြစ်နဲ့ ဆုံတဲ့နေရာကစပြီး မြစ်အောက်ပိုင်းတလျှောက် မြစ်ရေနောက် ကျိခဲ့တာ ဖြစ်ပါတယ်။ ကနီ နယ်တစ်ဝိုက် အချို့နေရာတွေမှာအရင် ကမမြင်ခဲ့ရတဲ့ ငါးတွေနဲ့ မြစ်ကြမ်းပြင်က ကျောက်စရစ်ခဲတွေကိုပါ ပြန်မြင်လာရတယ် လို့လည်း သူက ပြောပါ တယ်။

ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံးသော မြစ်လက်တက်ဖြစ်ပါတယ်။ မိုင်ပေါင်း၇၅၀ ခန့် ရှည်လျားပါတယ်။ အရှေ့ဘက် ကျောက်စိမ်းတွင်းတွေရှိတဲ့ဒေသမှာ မြစ်ဖျားခံခဲ့တဲ့ ဥရုမြစ်ဟာ ပထမဆုံး မြစ်လက်တက် အဖြစ် ဟုမ္မလင်းမြို့နဲ့ မိုင်အနည်းငယ်ကွာနေရာမှာ ချင်းတွင်းမြစ်တွင်းကို စီးဝင်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မှာ နေ့စဥ် ခရီးသည်တင်စက်လှေတွေ အစင်း ၁၀၀ ခန့် သွားလာလေ့ရှိတယ်လို့လည်း စစ်ကိုင်းတိုင်း အစိုးရရဲ့ တရားဝင် စာရင်းတွေအရ သိရပါတယ်။

အဲ့ဒီ ခရီးသည်တင်စက်လှေတွေ တစ်စင်းကို ခရီးသည် ၁၀၀ ခန့်လိုက်ပါလာလေ့ရှိပြီး စက်လှေတွေ ရပ်နားမှု ကြောင့်လည်း ချင်းတွင်းမြစ်ရေ ကြည်လင်တာ ပိုကြာတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။

ချင်းတွင်းမြစ်ရေဟာ မိုးတွင်းကာလ ရောက်ရင်တော့ ကော်ဖီရောင် ပြန်ပေါက်ပြီး နောက်ကျိတတ်ပါတယ်။

အရင် ၁၉၈၅ ဝန်းကျင်လောက်အထိ မိုးကာလ ကုန်တာနဲ့ အောက်တိုဘာ၊ နိုဝင်ဘာလောက်က စပြီးမြစ်ရေ ကြည်ခဲ့တာပါ။ဒါပေမယ် ချင်းတွင်းမြစ်ရေတွေ မကြည်ဘဲ နောက်နေခဲ့တာပါ။ ၂၀၀၀ ခုနှစ် လောက် ကစပြီး နှစ်ပေါင်း၂၀ကျော်ကြာပါပြီ။

မြစ်ရေပြန်ကြည်လာပေမယ့် ချင်းတွင်းမြစ်ရေဟာ ရွှေမျောတွေက ထွက်တဲ့ ဆိုင်ယာနိုက်တွေ၊ မာကျူရီတွေ အပြင် ရေထဲမှာ ဗိုင်းရပ်စ် တွေရှိနေတာကြောင့် သောက်သုံးလို့ သင့်တဲ့ အခြေအနေကိုတော့ ပြန်ရောက်မလာသေးပါဘူး။

ဒါ့အပြင် ခရီးသည်တင်စက်လှေတွေက မြစ်ထဲကို တိုက်ရိုက်စွန့်ပစ်နေတဲ့ အမှိုက်တွေကိုလည်း မတားနိုင်သေးပါဘူး။

မကြာခင်ရက်ပိုင်း မြစ်အထက်ပိုင်းမှာ မိုးကျရင်တော့ မြစ်ရေက ပြန်ပြီးနောက်လာပါလိမ့်မယ်။

ချင်းတွင်းမြစ်ကြောင်း ပတ်ဝန်းကျင်ထိမ်းသိမ်းရေးတွေ အခုထက်ပိုပြီး လုပ်ဖို့လိုတယ်ဆိုတာကို ကိုဗစ်-၁၉ ကာလ ခရီးသွားမရှိတဲ့ အချိန် အနားရသွားပြီး သဘာဝအတိုင်း ပြန်လည်ကြည်လင်လာတဲ့ ချင်းတွင်းရေကြည်တွေက သတိပေးတာဖြစ်တယ်လို့လည်း ချင်းတွင်းမြစ်ကို မှီခိုနေတဲ့ ဒေသခံအချို့က ပြောဆိုကြပါတယ်။