ကိုဗစ်-၁၉ ကလေးလူနာ ၄ ဦးမှာ ၃ဦး ပိုးမတွေ့တော့၊ အငယ်ဆုံး ၁နှစ်၆လ ကလေးငယ်ကိုပိုးအဖြေစစ်ထား

မြန်မာမှာ ပိုးတွေ့လူနာ ၁၅၀ ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Mg Thein Zaw

ဓာတ်ပုံ ပုံစာ, မြန်မာမှာ ပိုးတွေ့လူနာ ၁၅၀ ရှိပြီ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံက ကိုဗစ်-၁၉ ပိုးတွေ့ ကလေးလူနာ ၄ ဦးအနက် ၃ဦးကိုထပ်မံစစ်ဆေးရာမှာ ပိုးမတွေ့(နဂ္ဂတစ်) အဖြေထွက်ပြီးဖြစ်ကာ အငယ်ဆုံးကလေးငယ် တစ်နှစ်ခြောက်လ ကိုလည်း ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ ပိုးအဖြေ ထပ်စစ်ထားပြီဖြစ်တယ်လို့ ဝေဘာဂီအထူးကုဆေးရုံမှာကလေးငယ်တွေကို ကြည့်ရှုကုသပေးနေတဲ့ ကလေးအထူးဆရာဝန်ဒေါက်တာ ခင်ခင်ထားက ဘီဘီစီကိုပြောပါတယ်။

ဒီထဲကမှ အင်းစိန်နဲ့ ပေါက်ခေါင်းက ကလေးငယ် ၂ဦးမှာ ပိုးမတွေ့အဖြေ (နဂ္ဂတစ်) ၂ကြိမ်စီ ထွက်ပြီးပြီလို့လည်း သိရပါတယ်။

' ' ပေါက်ခေါင်းက ကလေးအကြီးကတော့ နဂ္ဂတစ် တစ်ကြိမ်ထွက်ပြီးပြီ။ နောက်တစ်ကြိမ်ထပ်စစ်ထားတယ်။ အခုအငယ်ဆုံးကလေးငယ်ကိုလည်း ဒီနေ့စစ်ထားတယ်။ တကယ်လို့ နဂ္ဂတစ် ဆိုရင်နောက် ၄၈ နာရီအတွင်း တခေါက်ထပ်စစ်မှာပေါ့။ ကလေးအားလုံးကတော့ အခြေအနေကောင်းပါတယ်။ နေလည်းကောင်းကြတယ်''လို့ ဒေါက်တာခင်ခင်ထားက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမဆုံးပိုးတွေ့လူနာကို မေ ၂၃ မှာတွေ့ရှိခဲ့ပြီးနောက် အသက်အငယ်ဆုံး ကလေးလူနာအဖြစ် ၁နှစ်၆လ ကလေးငယ်မှာ ပိုးကူးစက်ခံထားရကြောင်းကို ဧပြီ ၁၉ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

' ' ပုံမှန်တော့ နဂ္ဂတစ် ၂ကြိမ်စစ်ထွက်ပြီးရင် ဆေးရုံကပေးဆင်းပြီး facility quarantine (စောင့်ကြည့်စင်တာ)မှာထားပြီး ၂ပတ်ထပ်စောင့်ကြည့်တာပေါ့လေ။ ဒါပေမယ့် ကလေးတွေကျတော့ သူတို့ချည်းပဲထားမရတော့ မိဘနဲ့အတူထားရတာ။ အင်းစိန်က ကလေးငယ်ဆိုလည်း သူ့အဖေက နဂ္ဂတစ်မထွက်သေးတော့ ဆေးရုံကဆင်းမရသေးဘူးပေါ့''လို့ ကလေးငယ်တွေဆေးရုံမဆင်းနိုင်သေးတဲ့အခြေအနေကို ဒေါက်တာခင်ခင်ထားကရှင်းပြပါတယ်။

အလားတူ ပေါက်ခေါင်းက ကလေးငယ်တွေရဲ့မိခင်ဖြစ်သူ လူနာအမှတ်၁၅ မှာလည်း ပိုးမတွေ့ကြောင်း အဖြေ ၂ခါထွက်ပြီးပေမယ့်လည်း ကလေးငယ် ၂ဦးလုံး မကင်းရှင်းသေးတဲ့အတွက် ကလေးငယ်တွေနဲ့အတူ ဆေးရုံမဆင်းနိုင်သေးဘူးလို့ သိရပါတယ်။

ဧပြီ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၅၀ ဦးအထိရှိလာပြီဖြစ်ပြီး ပိုးတွေ့လူနာတွေအနက် ၁၆ ဦးမှာ ပိုးမတွေ့ရှိတော့ကြောင်း အဖြေထွက်ထားပြီးဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။