ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နယူးဇီလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကို “လောလောဆယ်မှာတော့ အောင်နိုင်ထားပြီ”
သူတို့နိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဘယ်ကကူးလာတာလဲဆိုတာကို ကွင်းဆက်ဖော်လို့မရတဲ့ ကူးစက်မှုမျိုး မရှိတော့ဘူးလို့ နယူးဇီလန်က ကြေညာပါတယ်။
တနင်္ဂနွေနေ့က ရောဂါဖြစ်သူ အသစ် တစ် ယောက်သာရှိခဲ့ပြီး ရက်ပေါင်းများစွာ ရောဂါအသစ်ဖြစ်သူ အရေအတွက်က ကိန်းဂဏန်း တလုံးပဲ ရှိခဲ့တဲ့ နယူးဇီလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ဗိုင်းရပ်စ်ကို “လောလောဆယ်မှာတော့ အောင်နိုင်ထားပြီ” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒါဟာကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်သူအသစ် ရှိလာမှာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်တဲ့အတွက် ပေါ့ပေါ့လျော့လျော့သဘောမထားကြဖို့တော့ အစိုးရပိုင်းက သတိပေးပါတယ်။
လူတွေခပ်ခွာခွာနေကြစေဖို့ ချမှတ်ထားတဲ့ အတင်းကျပ်ဆုံးစည်းမျဉ်းတွေ လျှော့ချဖို့ မလုပ်ခင် နာရီပိုင်းတွေမှာ ဒီသတင်းထွက်လာခဲ့တာပါ။
အင်္ဂါနေ့က စလို့ မရှိမဖြစ်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာလုပ်ငန်းတွေ ကို ပြန်ဖွင့်ခွင့် ပေးတော့မှာပါ။
လူအများစုအတွက်တော့ အိမ်မှာပဲ နေကြရဦးမှာဖြစ်ပြီး လူမှုရေးအရ ဆက်ဆံထိတွေ့ ဆောင်ရွက်မှုတွေ ကိုလည်း ရှောင်ကြရဦးမှာပါ။
"ကျမတို့ စီးပွားရေးကိုပဲ ဖွင့်တာပါ၊ ဒါပေမဲ့ ပြည်သူတွေရဲ့ လူမှုဘဝသွားလာလှုပ်ရှားမှုတွေ ကိုတော့ ပြန်မဖွင့်သေးပါဘူး" လို့ မစ္စ အာဒန်က နေ့စဉ် အစိုးရအဖွဲ့ကို စကားပြောတဲ့ပွဲမှာ ပြောပါတယ်။
နယူးဇီလန်မှာ အတည်ပြုထားတဲ့ (ဒါမှမဟုတ်) ဖြစ်နိုင်ဖွယ်ရှိလို့ သတ်မှတ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် လူနာအရေအတွက် က ၁၅၀၀ နီးပါးသာရှိပြီးလူ ၁၉ ယောက်သာ သေဆုံးခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် အက်ရှလေ ဘလွန်းဖီးလ်က ဒီရက်ပိုင်းတွေအတွင်း ရောဂါဖြစ်သူ အသစ် အရေအတွက် နည်းပါးတယ်ဆိုတဲ့အချက်က"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဒီဗိုင်းရပ်စ် အပေါ် အောင်နိုင်ရေး ဆိုတဲ့ ရည်မှန်းချက်ကိုရောက်ဖို့ ယုံကြည်မှုဖြစ်စေတယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ဒါဟာ ရောဂါအသစ်ဖြစ်သူတွေ ရှိလာမှာမဟုတ်လို့ ဆိုလိုတာမဟုတ်ပဲ ကျွန်တော်တို့ တွေ့ရတဲ့ ရောဂါဖြစ်သူတွေ ဘယ်ကကူးစက်လာတာ ဆိုတဲ့ ကွင်းဆက်ကောက်ကြောင်းကိုပဲ ရတာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
မစ္စ အာဒန်က "ကွင်းဆက်လိုက်ရှာမရပဲ ကူးစက်နေတာမျိုး အကျယ်အပြန့်မဖြစ်ခဲ့တဲ့ အတွက် ကျမတို့ ဒီစစ်ပွဲကို နိုင်ထားတယ်" လို့ ပြောပါတယ် ဒါပေမဲ့"ဒီအတိုင်းထိန်းထားနိုင်အောင် အမြဲသတိထားဖို့လိုတယ်လို့" သူ့ပြည်သူတွေကိုပြောပါတယ်။
နယူးဇီလန်က ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ဘယ်လိုဆောင်ရွက်ခဲ့လဲကမ္ဘာ့ကပ်ရောဂါဆိုက်ချိန်အစောပိုင်းကာလ သူတို့နိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် ဒါဇင်အနည်းငယ်ပဲ ရှိသေးတဲ့အချိန်မှာပဲ ခရီးသွားလာမှုတွေ၊ လူတွေလှုပ်ရှားသွားလာမှု တွေနဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံးစည်းမျဉ်း တချို့ကိုချမှတ်ခဲ့ပါတယ်။
နိုင်ငံနယ်စပ်အားလုံးကို ပိတ်ချလိုက်ခဲ့တယ်၊ နိုင်ငံထဲကို ဝင်လာသူမှန်သမျှကို သီးသန့်ခွဲနေစေဖို့ စည်းမျဉ်းတွေ ချလိုက်ပါတယ်၊ အင်မတန်တင်းကျပ်တဲ့ ပိတ်ဆို့ချတာတွေ လုပ်တယ်၊ ဆေးစစ်တာကိုလည်း အကျယ်အပြန့်လုပ်သလို၊ ရောဂါဖြစ်သူနဲ့ ထိတွေ့မှုရှိတဲ့ သူတွေနောက်ကိုလည်း ကွင်းဆက် ဆက်လိုက်တာကိုလည်း အသေအချာလုပ်ခဲ့တာပါ။
ကမ်းခြေတွေ၊ ကမ်းနားပိုင်းတွေ၊ ကစားကွင်းတွေကို မတ်လ ၂၆ ရက်နေ့က စပိတ်ခဲ့သလို၊ အလုပ်တွေ၊ ကျောင်းတွေကိုလည်း အဲဒီနေ့မှာပဲ ပိတ်လိုက်ပါတယ်။ ဘားတွေ၊ စားသောက်ဆိုင်တွေပိတ်တဲ့နေရာမှာ ပါဆယ်ထုပ်ပြီးရောင်းတဲ့ဆိုင်တွေရော၊ အစားအစာပို့ပေးတဲ့ လုပ်ငန်းတွေရော ပိတ်ချလိုက်တာပါ။
တကယ်လို့သာပိတ်ဆို့ချတာကို အဲသလို စောလျင်စွာမလုပ်ခဲ့ဘူး ဆိုရင် နယူးဇီလန် ဟာ တနေ့ကို ရောဂါဖြစ်သူအသစ် ၁၀၀၀ ကျော်ရှိလာနိုင်တယ်ဆိုတဲ့ တွက်ချက်တာမျိုးတွေ ရှိခဲ့တယ်လို့ မစ္စ အာဒန်က ပြောပါတယ်။
တင်းကျပ်တာတွေမလုပ်ခဲ့ရင် နိုင်ငံအခြေအနေက ဘယ်လောက်ထိခိုက်ဆိုးရွားသွားမလဲ ဆိုတာ မသိနိုင် ကြောင်းနဲ့ အခုတော့"ကျမတို့ရဲ့ စုပေါင်း အရေးယူဆောင်ရွက်မှုတွေကြောင့်အဆိုးဆုံးကို ကျမတို့ ရှောင်ရှားနိုင်ခဲ့ပြီ" လို့ သူက ပြောပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ နယူးဇီလန်က အပြင်ကလာသူသိပ်မများတဲ့နိုင်ငံဖြစ်တာရယ်၊ နယ်စပ်က ပိတ်လို့လွယ်တဲ့နိုင်ငံလည်းဖြစ်တာကြောင့် အခုလို ဗိုင်းရပ်စ်အရေး ထိန်းချုပ်ရပိုလွယ်တာလို့ ပြောပါတယ်။
ဒါပေမဲ့ အကျပ်အတည်းကာလအတွင်း လူထုကို ပေးတဲ့ သတင်းစကားတွေက ရှင်းလင်းတိကျ တဲ့အပေါ်မှာ အစိုးရကို ချီးကျူးကြပါတယ်။
ဒေသစံတော်ချိန် တနင်္လာနေ့ည သန်းခေါင်ကျော်ကစလို့ အဆင့် ၄ ပိတ်ဆို့ချထားမှုကနေ၊ အဆင့် ၃ အထိ နယူးဇီလန်မှာ လျှော့ချသွားတော့မှာပါ။
အဓိပ္ပါယ်ကတော့ စီးပွားရေးလုပ်ငန်းတွေအများစု ပြန်ဖွင့်နိုင်မှာပါ၊ ဒါပေမဲ့ လူတွေ နီးနီးကပ်ကပ် ထိတွေ့လို့ မရတဲ့ လုပ်ငန်းမျိုးတွေ ပြန်ဖွင့်တာပါ၊ ဒီအထဲမှာ အစားအစာကို ပါဆယ်ထုပ် ဝယ်ယူသွားနိုင်တဲ့ စားသောက်ဆိုင်တွေ ပါပါတယ်။
နယူးဇီလန်န်နိုင်ငံသားတွေ အနေနဲ့ လူစုစု စုစု ခဏနေချင်ရင် သူတို့မိသားစု၊ သူတို့အရင်းနှီးဆုံး သူငယ်ချင်းတွေအနည်းအကျဉ်းနဲ့သာ လုပ်ဖို့၊ လူတွေ တယောက်နဲ့တယောက် ၆ ပေ အနည်းဆုံးခွာနေဖို့ အစိုးရက ပြောထားပါတယ်။
ကုန်တိုက်ကြီးတွေ၊ လူစုလူဝေးလုပ်တာတွေ ဆက်ပြီး ပိတ်ထားသလို၊ ကလေးတွေ အများစု ကလည်း ကျောင်းသွားရဦးမှာ မဟုတ်ပါဘူး၊ နိုင်ငံရဲ့ နယ်စပ်တွေကိုလည် ဆက်ပိတ်ထားဦးမှာပါ။