နယ်စပ်ပိတ်ပင်တဲ့ကာလထပ်တိုး၊ မြန်မာဘက်ကခိုးဝင်သူကိုတိုင်ကြားပါက ဆုကြေးပေးမယ်လို့တရုတ်အာဏာပိုင်တွေထုတ်ပြန်

မြန်မာနိုင်ငံဘက်အဝင်အထွက်လုပ်ခွင့်ကို ဧပြီ ၁ ရက်နေ့ကတည်းကပိတ်ပင်ထားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့မှာ နောက်ထပ် ဇွန်လအထိ ထပ်တိုး

ဓာတ်ပုံ ရင်းမြစ်, Thaung Tun

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဘက်အဝင်အထွက်လုပ်ခွင့်ကို ဧပြီ ၁ ရက်နေ့ကတည်းကပိတ်ပင်ထားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့မှာ နောက်ထပ် ဇွန်လအထိ ထပ်တိုး
ရေးသားခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ဝင်ထွက်ပေါက်တွေကတဆင့် မြန်မာနိုင်ငံဘက်အဝင်အထွက်လုပ်ခွင့်ကို တရုတ်နိုင်ငံဘက်ကနေ ဧပြီ ၁ ရက်နေ့ကတည်းကပိတ်ပင်ထားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့မှာ နောက်ထပ် ဇွန်လအထိ ထပ်တိုးလိုက်တယ်လို့ တရုတ်နိုင်ငံ ရွှေလီမြို့ရောက်မြန်မာလုပ်သားတွေထံကသိရပါတယ်။

ဒီလို ၂လထပ်တိုးရာမှာ ဧပြီ ၂၄ ရက်နေ့ကစပြီး တရုတ်မြန်မာနယ်စပ်က တရားဝင်ထွက်ပေါက် တွေသာ မက ခိုးဝင်ပေါက်တွေကပါ မြန်မာဘက်အဝင်အထွက်မရှိစေဖို့ ခိုးဝင်ထွက်သူ တွေရှိပါက တိုင်ကြားသူကို ဆုကြေးမယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာထားတယ်လို့သိရပါတယ်။

' ' သူတို့နိုင်ငံသားတွေလည်း မြန်မာဘက်ကို ခိုးမထွက်ဖို့ မြန်မာဘက်ကလည်းခိုးမဝင်လာဖို့ပေါ့။ ဖမ်းမိ တယ်ဆိုရင် သတ်မှတ်ထားတဲ့ပြစ်ဒဏ်ပေးမယ်ပေါ့။ ခိုးဝင်လာတဲ့တစ်ယောက် ယောက်မှာ ရောဂါပိုးပါလာခဲ့ ရင်ထိန်းချုပ်ဖို့ခက်သွားမယ်ပေါ့။ အခုက မြန်မာဘက်မှာလည်း ရောဂါဖြစ်တာတွေက တိုးတိုးလာနေတာ။ နယ်စပ်ကပြန်လာတဲ့သူတွေကလည်း ကွာရန်တင်း ဝင်ဖို့ အစစ်မခံဘဲထွက်ပြေးတာ တွေလည်းရှိနေတော့ ရောဂါကို ထိန်းချုပ်နိုင်ဖို့ လုပ်တယ်လို့ပဲမြင်ပါတယ်''လို့

ရွှေလီမြို့အခြေစိုက် ပြည်ပရောက်မြန်မာ နိုင်ငံသားတွေကို ကူညီပေးနေတဲ့ မိုးမခဖောင်ဒေးရှင်းရဲ့နာယက ဖြစ်သူ ဒေါ်မိုးမခ က ဘီဘီစီကိုပြောပါတယ်။

အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး မြန်မာဘက် ကို ပြန်ပို့တာတွေကိုလည်း လုပ်ဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Thaung Tun

ဓာတ်ပုံ ပုံစာ, အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်ပို့တာတွေကိုလည်း လုပ်ဆောင်ခဲ့

တရုတ်အာဏာပိုင်တွေဘက်က ဧပြီ ၁ ရက်နေ့ကတည်းက မြန်မာဘက်အဝင်အထွက် အားလုံးပိတ်ပင်ရာမှာ တရုတ်နိုင်ငံဘက်ရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်ပို့တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာ-တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီ၊ ကြယ်ဂေါင်စတဲ့ မြို့အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ကပါ လုံခြုံရေး အတွက် လှည့်လည်စောင့်ကြည့်တာတွေကို လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

' ' ဟိုဘက်ဒီဘက် ဝင်ဝင်ထွက်ထွက်ကတော့ ဘယ်သူကိုမှ ခွင့်မပြုဘူး။ ခုက စာအုပ်အနီကိုင်ထားသူ တွေကိုလည်း နေထိုင်ခွင့်စာအုပ်လုပ်ပေးတယ်။ မြန်မာဘက်တော့ ပြန်လို့မရဘူး။ ပြန်ပြီးရင်လည်း ပြန်ဝင်ခွင့်မပေးဘူး။အရင်က မူဆယ်ဘက်ကနေ နေ့ချင်းပြန် အလုပ်လာလုပ်တဲ့သူတွေရှိတယ်။ အထောက်အထားမရှိသူတွေတော့ လုံးဝလက်မခံဘူး။ အဲလိုလေး တွေတော့ အခက်အခဲတွေရှိတယ်။''လို့ ဒေါ်မိုးမခက ရှင်းပြပါတယ်။

ဒါအပြင် ယခင်က အထောက်အထားမဲ့မြန်မာလုပ်သားတွေ ဖမ်းမိပါက မြန်မာဘက်ခြမ်းပြန်ပို့တာ တွေရှိခဲ့ ပေမယ့် အခုချိန်မှာတော့ သတ်မှတ်ပြစ်ဒဏ်နဲ့ထောင်ချသွားတာမျိုးတွေရှိလာ နိုင်တယ်လို့လည်း သူမက ဖြည့်စွက်ပြောပြပါတယ်။

တရုတ်နိုင်ငံဘက်မှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားစဉ်က မြန်မာနိုင်ငံဘက် အဝင်အထွက်တင်းကြပ်တာ မျိုးရှိခဲ့ပေမယ့် လုံးဝပိတ်ပင်လိုက်တာမျိုးမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူတွေ တိုးလာပြီးနောက် အဝင်အထွက်ပိတ်ပင်တဲ့အပြင် ခိုးဝင်သူ တွေကိုတိုင်ကြားပါက ဆုကြေးပေးတာကို ပထမဆုံးအနေနဲ့ စတင်ကြေညာခဲ့ တာဖြစ်တယ်လို့ ရွှေလီရောက်မြန်မာလုပ်သားတွေကပြောပါတယ်။