လူနာအမှတ် ၂၄ ကနေ ထိတွေ့ကူးစက်သူပေါင်း ၅၂ ဦး ရှိ၊ ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၁ ဦးရှိလာ၊ အမေရိကန်မှာ ဆန္ဒပြသူတွေကို သမ္မတထရမ့်ထောက်ခံ အပါအ၀င် ဧပြီ ၂၀ ရက်မနက်ခင်းထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

() ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၁ ဦးရှိလာ

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဧပြီ ၂၀ ရက် မနက်၉ နာရီခွဲအထိ ၁၁၁ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းဒေသကြီးက ၉၁ ဦး ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၉ ရက်အထိ နောက်ဆုံးရ အခြေအနေတွေကို ထုတ်ပြန်ထားချက်အရ ရန်ကုန်တိုင်းက ၉၁ ဦးနဲ့ အများဆုံးဖြစ်နေတာဖြစ်ပါတယ်။

အဲဒီ ၉၁ ဦးထဲမှာ အင်းစိန်က လူနာ ၂၀ နဲ့ အများဆုံးဖြစ်ပြီး တောင်ဥက္ကလာက ၁၃ ဦးနဲ့ ဒုတိယ၊ ဗဟန်းက ၁၂ ဦးနဲ့ တတိယလိုက်နေပါတယ်။

မရမ်းကုန်းမှာ ၉ ဦး၊ ပန်းဘဲတန်းမှာ ၆ ဦး၊ လှိုင်သာယာမှာ ၅ ဦး၊ ဗိုလ်တထောင်နဲ့ ရွှေပြည်သာမှာ ၃ ဦးစီ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ ဒေါပုံနဲ့ မြောက်ဒဂုံတို့မှာ ၂ ဦးစီ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ အလုံ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ တာမွေ၊ လမ်းမတော်၊ ကမာရွတ်တို့မှာ တစ်ဦးစီ ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကဖော်ပြထားတာပါ။

လူပေါင်း ၄,၆၀၅ ဦးကို ဗိုင်းရပ်စ် ရှိမရှိ ဓာတ်ခွဲစစ်ဆေးခဲ့ပြီး အဲဒီထဲမှာ ပိုးတွေ့ရှိသူ လူနာ ၁၁၁ ဦး၊ သေဆုံး ၅ ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ ၇ ဦး ဖြစ်ပါတယ်။

ပြန်ကောင်းလာသူတွေထဲက မန္တလေးကတစ်ဦးနဲ့ နေပြည်တော်က နိုင်ငံခြားသူတို့ကို ဆေးရုံက ဆင်းခွင့်ပြုထားပြီး ကျန်ငါးဦးကိုလည်း ဆေးရုံဆင်းဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

() လူနာအမှတ် ၂၄ ကနေ ထိတွေ့ကူးစက်သူပေါင်း ၅၂ ဦး ရှိ

ရန်ကုန်မှာ လက်ရှိ အုပ်စုလိုက်ကူးစက်မှုနှုန်းအမြင့်ဆုံး ဖြစ်ခဲ့တဲ့ ၈ မိုင်နဲ့ အင်းစိန်အုပ်စုနှစ်ခုက ကူးစက်သူပေါင်း ၅၂ ဦးရှိပြီး သူတို့ဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူတွေဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဧပြီ ၁၈ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေပြုအစီရင်ခံစာမှာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့ရာကနေ ကူးစက်သူတွေကို ဇယားရုပ်ပုံနဲ့ဖော်ပြထားချက်ကနေ ခုလို တွေ့ရှိရတာဖြစ်ပါတယ်။

အဲဒီဇယားမှာ ထိတွေ့ဆက်စပ်မှုကို ဖော်ပြထားရာမှာ ၈ မိုင်အုပ်စုနဲ့ အင်းစိန်အုပ်စုဆိုပြီး နှစ်ခုပါနေပြီး လူနာအမှတ် ၂၄ နဲ့ တိုက်ရိုက်ထိတွေ့သူ၊ တစ်ဆင့်ခံထိတွေ့တာကတစ်ဆင့် ကူးစက်သူ ၄၄ ဦးကို ရုပ်ပုံတွေနဲ့ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဇယားမှာ ဧပြီ ၁၉ ရက်နေ့ ထပ်မံထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၃ ဦးထဲက လူနာနံပါတ် ၂၄ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားနဲ့ ဆက်စပ်သူတွေတော့ ပါဝင်ထားခြင်း မရှိသေးတာ တွေ့ရပါတယ်။

ဒါကြောင့် မနေ့က ပိုးတွေ့လူနာတွေထဲက ဘာသာရေးအခမ်းအနားနဲ့ ဆက်စပ်သူ ၇ ဦးနဲ့ ဧပြီ ၁၉ ရက် ညပိုင်း ထပ်မံထုတ်ပြန်တဲ့ ပိုးတွေ့လူနာ လေးဦးထဲက တစ်ဦးတို့ကို ထပ်မံ ထည့်သွင်းလိုက်တဲ့အခါ ဒီနေ့ ဧပြီ ၂၀ ရက် မနက်ကိုးနာရီအထိ စုစုပေါင်း ကူးစက်ခံရသူ ၅၂ ဦး ရှိနေတာဖြစ်ပါတယ်။

အစိုးရတရားဝင်ထုတ်ပြန်ထားတဲ့ ဇယားအရ လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက်ထိတွေ့သူတွေက လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ ၁၁ ဦး၊ ၆၉၊ ၇၀၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၈၄၊ ၈၉၊ ၉၀၊ ၉၁၊ ၉၄ အထိ ၁၁ ဦး စုစုပေါင်း ၂၂ ဦးရှိပြီး အဲဒီအဖွဲ့နှစ်ခုကို ၈ မိုင်အုပ်စု လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစောပိုင်းထုတ်ပြန်ချက်တွေမှာတော့ လူနာနံပါတ် ၇၄ ဟာ တီးတိန်က လူနာနံပါတ် ၁ နဲ့ ထိတွေ့မှုရှိထားတဲ့ ကလေးမြို့က တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့ဇယားမှာတော့ လူနာနံပါတ် ၇၄ ကို နှစ်နေရာဖော်ပြထားတာတွေ့ရပါတယ်။

တစ်ခါ ၂၄ နဲ့ ထိတွေ့ခဲ့တဲ့ လူနာနံပါတ် ၆၂၊ လှိုင်သာယာက လူနာနံပါတ် ၆၃ နဲ့ ဇနီး လူနာနံပါတ် ၂၆ တို့ ၃ ဦး ဘယ်အုပ်စုနဲ့မှမရောဘဲ သီးသန့်ပြထား ပါတယ်။

တစ်ခါ အင်းစိန်အုပ်စုအဖြစ် လူနာ နံပါတ် ၂၄ ကို တိုက်ရိုက်ထိတွေ့တဲ့အထဲ လူနာနံပါတ် ၃၆ နဲ့ ၄၁ တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီထဲက လူနာနံပါတ် ၃၆ ကနေ ၃၄၊ ၃၅၊ ၃၇ စုစုပေါင်း သုံးဦး၊ အဲဒီသုံးဦးကနေ လူနာနံပါတ် ၅၄ ကနေ ၆၁ အထိ ၈ ဦး၊ ၆၄၊ ၈၀၊ ၈၁ တို့ ၃ ဦး၊ အဲဒီအုပ်စုနဲ့ ထိတွေ့တာကနေ လူနာနံပါတ် ၇၃နဲ့ သူ့မိသားစုဝင် ၇၂ တို့ ကူးစက်ကြောင်း ပြထားပါတယ်။

ဒါ့ပြင် အင်းစိန်အုပ်စုထဲမှာ ကွယ်လွန်သွားတဲ့ လူနာနံပါတ် ၈၆ ကိုလည်း ထည့်သွင်းထားပါတယ်။

ဧပြီ ၁၉ ရက်မနက်ပိုင်း ပိုးတွေ့လူနာ ၁၃ ဦးထုတ်ပြန်ခဲ့ရာမှာ မရမ်းကုန်းက ၂ ဦး၊ မြောက်ဒဂုံက ၂ ဦး၊ ဒေါပုံ၊ တောင်ဥက္ကလာ နဲ့မင်္ဂလာဒုံက တစ်ဦးစီ စုစုပေါင်း ၇ ဦးဟာ ဘာသာရေးပွဲနဲ့ဆက်စပ်ကြောင်း သက်ဆိုင်ရာဒေသခံအမတ်တွေက ပြောကြားထားပါတယ်။

ဒါကြောင့် လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ထိတွေ့မှုတွေကနေ ကူးစက်သူပေါင်း ၅၂ ဦးထိ ရှိနေတာဖြစ်ပါတယ်။

လူနာနံပါတ် ၂၄ ဟာ အသက် ၃၂နှစ် အမျိုးသား ဖြစ်ပြီး မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ ဖြစ်ပါတယ်။ သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ် ကိုင်သူ ဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို Silk Air လေကြောင်းလိုင်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်ကုန်ကိုပြန်ရောက်ပြီးတဲ့နောက် ၆ မိုင်ခွဲကဈေးဝယ်စင်တာတစ်ခုကို ငါးကြိမ်ခန့် သွားရောက်ခဲ့တယ်လို့ အဲဒိထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဧပြီ၁ ရက်ကစလို့ ဖျားပြီး မောပန်းတာခံစားခဲ့ရပေမယ့် ဆေးရုံဆေးခန်းမပြခဲ့ဘဲ သက်သာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဧပြီ ၆ ရက်မှာ လည်ချောင်းနာပြီး ချောင်းဆိုးတဲ့အတွက် ဧပြီ ၈ ရက်မှာ မရမ်းကုန်းမြို့နယ် ဒေသန္တရကျန်းမာရေးဌာနကို သွားရောက်ပြသ ခဲ့ပြီးနောက် ကိုဗစ်၁၉ အတည်ပြုလူနာအဖြစ် ဆေးစစ်ချက်ထွက်ခဲ့တာဖြစ်ပါတယ်။

သူနဲ့ အတူ ရန်ကုန်နေအိမ်မှာ အတူနေ မိသားစုဝင် ၄ ဦး၊ အလုပ်သမား ၃ ဦးတို့ ရှိပြီး အားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပါတယ်။ အခုတော့ သူတို့ထဲက တချို့မှာလည်း ဗိုင်းရပ်စ် ပိုးတွေ့ရှိကြောင်း ဆေးစစ်ချက်ထွက်ရှိထားပါတယ်။

သူနဲ့ပတ်သက်လို့ ရင်းနှီးသူတချို့က သူဟာ စင်ကာပူက ပြန်ရောက်တည်းက ကျန်းမာပြီး နေကောင်းကြောင်းနဲ့ ဒီရောက်မှ ကူးစက်ခံရတာလည်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားတာတွေရှိနေပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့ထဲက တရားဟောဆရာနဲ့ တချို့ဟာ နိုင်ငံခြားသားခံယူထားသူတွေဖြစ်လို့ သူတို့ဆီကနေလည်း စတင်ကူးစက်တာဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိလာပါတယ်။

ဒါကြောင့် ဘီဘီစီက အဲဒီတရားဟောဆရာနဲ့ နီးစပ်သူ၊ လက်ရှိ ကိုဗစ်၁၉ ကူးစက်ခံထားရပြီး ဘာသာရေးပွဲတက်ရောက်ခဲ့သူတစ်ဦးကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အခါ တရားဟောဆရာဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်းပိုင်းလောက်က မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီအုပ်စုနှစ်ခုလုံးမှာ စုစုပေါင်း ထိတွေ့သူ ၂၇၄ ဦးရှိတယ်လို့လည်း အစိုးရ ကဖော်ပြထားပါတယ်။

ထပ်မံစစ်ဆေးချက်တွေအရ ဒီအုပ်စုကနေ ကူးစက်သူဦးရေတိုးလာနိုင်ခြေရှိတယ်လို့လည်း ပြောကြားမှုတွေရှိနေပါတယ်။

(၃) အမေရိကန်မှာ ပိတ်ဆို့မှုတွေပြန်ဖွင့်ဖို့ ဆန္ဒပြသူတွေကို သမ္မတထရမ့် ထောက်ခံ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုတလွှား လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်နယ် ဒါဇင်ဝက်လောက်မှာ အစောပိုင်းဆန္ဒပြမှုတွေရှိလာပြီးတဲ့နောက် အရီဇိုးနား၊ ကော်လိုရာဒို၊ မွန်တာနားနဲ့ ဝါရှင်တန်ပြည်နယ်တွေမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါပြန်ခေါင်းထောင်လာမယ့်အန္တရာယ်ရှိနေပေမယ့်လည်း ကန့်သတ်မှုတွေကို ပြန်ဖွင့်ပေဖို့ တောင်းဆိုလှုံ့ဆော်မှုတွေ မြင့်တက် လာနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဆန္ဒပြမှုတွေကို ထောက်ခံတဲ့အရိပ်အယောင်ပြသခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့အချက်အခြာနေရာဖြစ်ခဲ့ပြီး သေဆုံးသူ လေးသောင်းကျော်နဲ့ ကူးစက်ခံရသူပေါင်း ခုနစ်သိန်းကျော် ရှိပါတယ်။

ဒါပေမဲ့ အခုအခါမှာ ရောဂါဖြစ်ပွားမှုအထွဋ်အထိပ်အခြေအနေကို ရောက်ခဲ့ပြီးတဲ့အချိန်မှာတော့ တချို့ပြည်နယ်တွေမှာ ကူးစက်မှုနှုန်းနှေးကွေး လာတာကိုတွေ့ရပါတယ်။

ဒါကြောင့် ပြည်နယ်တော်တော်များများမှာ အုပ်ချုပ်ရေးမှူးတွေက စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ ဆွေးနွေးလာတာရှိပေမယ့် တချို့ဒေသတွေမှာတော့ တင်းကျပ်တဲ့ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

လူနေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ လူတွေအိမ်ထဲမှာနေကြဖို့ အမိန့်ကို မတ် ၁၉ ရက်တည်းက ချမှတ်ထားခဲ့တာဖြစ် ပါတယ်။

အနီးအနားက ပြည်နယ်တွေဖြစ်တဲ့ ဝါရှင်တန်နဲ့ အော်ရီဂွန်တွေမှာ မတ် ၂၃ ကစလို့ လူ ၁၁ သန်းခွဲကျော်ကို နေအိမ်တွေမှာပဲ နေကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက အိမ်ထဲမှနေကြဖို့ အမိန့်ကို မေ ၁၅ ရက်ထိ ထပ်တိုးလိုက်တယ်လို့ မနေ့က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

"ဒီအခြေအနေကို ထိန်းချုပ်နိုင်တယ်ဆိုတာ သေချာအောင် လုပ်ရမှာ ဖြစ်တယ်။ ဒါက အခြေအနေတစ်ခုလုံးရဲ့ လမ်းတစ်ဝက်အနေအထားပဲ ရှိပါသေး တယ်" လို့ မစ္စတာ အင်ဒရူးကူမိုကပြောပါတယ်။

သမ္မတ ထရမ့်က တင်းကျပ်တဲ့ကန့်သတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်နီဆိုးတား၊ မစ်ချီဂန်နဲ့ ဗာဂျီးနီးယားတို့မှာ ထုတ်ထားတဲ့ အမိန့်တွေဟာ အရမ်းတင်းကျပ်လွန်းတယ်လို့ သောကြာနေ့က ပြောခဲ့တာပါ။

ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကန့်သတ်မှုတွေကတော့ လိုအပ်နေပါတယ်။

ဝါရှင်တန်မြို့တော်ဝန် ဂျေးအင်စလီက ထရမ့်ဟာ ဆန္ဒပြသူတွေကိုထောက်ခံနေတာဟာ အန္တရာယ်ရှိပြီး ပြည်နယ်တွေက ထုတ်ပြန်ထားတဲ့ဥပဒေတွေကို မလိုက်နာစေဖို့ အားပေးအားမြှောက်ပြုရာရောက်တယ်လို့ ဝေဖန်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီပလိုစီကလည်း ထရမ့် အခုလို ဆန္ဒပြမှုတွေကိုထောက်ခံတဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။