အလုပ်ဆင်းရင် လူတွေခပ်ခွာခွာနေလို့ ဖြစ်နိုင်မလား

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ အခုနှစ်သစ်ရက်အားရက်ရှည်အတွက်ရော၊ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု တားဆီးရေးအတွက်ရော အလုပ်တွေပိတ်ထားတာက မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး ဧပြီလ ၂၀ ရက် တနင်္လာနေ့က စလို့ အလုပ်တွေ ပြန်ဆင်းကြရတော့မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်တားဆီးနိုင်ရေးအတွက် လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing) ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ တိုက်တွန်းနေကြပါတယ်။

လူတွေ ခပ်ခွာခွာနေစေတာကို အချိန်စောစောကတည်းက စည်းမျဉ်းချလိုက်နိုင်တဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ကောင်းကျိုးများစွာဖြစ်ခဲ့ကြောင်း ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြသလို ဒီလိုလူတွေ လိုက်နာနေထိုင်စေကြရတာက ရောဂါထိန်းချုပ်ရေးအတွက် အစိုးရတရပ်အဖို့ အဓိကလုပ်ရတဲ့ လုပ်ငန်းတခုပါ။

မြန်မာအစိုးရအနေနဲ့ မတ်လကုန်လောက်ကတည်းက စက်ရုံ၊အလုပ်ရုံတွေ အပါအဝင် လုပ်ငန်းခွင်နေရာတွေအတွက် ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေထဲမှာ လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing)အတွက် လမ်းညွှန်ထားချက်တွေလည်း ပါဝင်ပါတယ်။

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေအတွက် အလုပ်သွား၊ အလုပ်ပြန် ဖယ်ရီကားတွေ စီစဉ်ပေးဖို့၊ အလုပ်ခွင်အတွင်းမှာလည်း တယောက်နဲ့ တယောက် ၃ ပေကွာအောင် နေကြ၊ အလုပ်လုပ်ကြစေဖို့ စည်းမျဉ်းတွေချထားပါလို့ အစိုးရအနေနဲ့ လမ်းညွှန်ထားပါတယ်။

ရန်ကုန်မြို့ လှည်းတန်းမှာနေတဲ့ အိမ်ရှင်မတယောက်ကတော့ အလုပ်တွေပြန်ဆင်းရမယ့် အချိန်ဆိုရင် ရန်ကုန်က YBS ဘတ်စ်ကားတွေ လူတွေများလာမှာ စိုးရိမ်တယ်၊ အခုဈေးထဲမှာလည်း လူတွေ အများကြီး သွားလာနေကြတာက စိုးရိမ်စရာလို့ ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင်တွေအတွက် လမ်းညွှန်ထားပေမယ့်လည်း တကယ်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး အလုပ်သမားတွေ တယောက်နဲ့ တယောက် ခပ်ခွာခွာနဲ့ ခရီးသွားနိုင်၊ အလုပ်ခွင်ထဲ နေနိုင်၊ အလုပ်လုပ်နိုင်လောက်အောင် အတွက် စီစဉ်လုပ်ကိုင်နိုင်မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။

ရန်ကုန်အလုပ်သမားဆေးရုံကြီးက အထူးကုဆရာဝန်ကြီးတယောက်က စက်ရုံ၊ အလုပ်ရုံတွေထဲမှာ တယောက်ယောက်ကနေ ကူးစက်တာဖြစ်ရင် ရုတ်တရက် လူအများကို ပျံ့နှံ့သွားမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ တင်မင်းထွန်းက “စက်ရုံ၊ အလုပ်ရုံတွေဖွင့်ထားလို့ အလုပ်တွေဆင်းကြရရင် ရောဂါရုတ်တရက်အများအပြားထဖြစ်သွားတဲ့ (Outbreak) ဖြစ်နိုင်ခြေက ပိုများသွားတယ်၊ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အင်အားစုက ရုတ်တရက်အဲဒီလို ဝုန်းကနဲ ထဖြစ်ရင် တောင့်ခံနိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

“သူတို့ဟာအခြေခံ လူတန်းစားတွေဖြစ်ပြီး တအိမ်ထဲ၊ တဆောင်ထဲမှာ စုပြုံနေကြရတာ” လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ စက်ရုံအလုပ်ရုံတွေ ပိတ်ထားရရင်ရော။ အဲဒီရွေးချယ်စရာကလည်း သိပ်မကောင်းလှပါဘူး၊ လူတွေရဲ့ ဝင်ငွေထိခိုက်လာသလို၊ နိုင်ငံ့စီးပွားရေးလည်း ထိခိုက်လာမှာပါ။

“စက်ရုံတွေဖွင့်လို့ Outbreak ဖြစ်ရင် လူတွေကို ကုသရလို့ ကုန်သွားမယ့်ကုန်ကျစရိတ်က ပိတ်ထားလို့ဖြစ်တဲ့ ကုန်ကျစရိတ်ထက်များမှာ၊ လူ့အသက်တွေပေးရမှာ” စတာတွေကိုလည်း ထည့်တွက်ရမှာလို့ အထူးကုဆရာဝန်ကြီးက ဆက်ပြောပြပါတယ်။

အိန္ဒိယမှာ အလုပ်ရုံ၊စက်ရုံတွေ အပါအဝင်နိုင်ငံကို ပိတ်ချလိုက်တဲ့အခါ အလုပ်လက်မဲ့ သန်းနဲ့ချီဖြစ်ခဲ့ပြီး၊ တရားဝင်မှတ်ပုံတင်အလုပ်သမားစာရင်းပြင်ပက အလုပ်သမား (Informal Workers) တွေလည်း စားဝတ်နေရေးအတွက် အခက်အခဲတွေ တွေ့ကုန်ပါတယ်။

ဒါတောင် အိန္ဒိယအစိုးရက အခြေခံအလုပ်သမားတွေအတွက် အချိန်ကာလ ၃ လ တိုင် အစားအစာထောက်ပံ့ရေးအပါအဝင် သူ့နိုင်ငံ စီးပွားရေးကို ထောက်ကူဖို့အတွက် အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံ ကို သုံးမယ်လို့ ကြေညာထားတာပါ။

ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကတော့ "မြန်မာနိုင်ငံသားအများစုဟာ (လူတွေ ခပ်ခွာခွာနေရမယ်ဆိုတဲ့) Social/Phycial Distancing ကို သိပ်ပြီးတော့နားမလည်ကြသေးဘူး၊ အဲဒီလို လုပ်ရတာ အရေးကြီးတယ်ဆိုတာနဲ့ (ကိုဗစ်-၁၉) ရောဂါကာကွယ်ရေးအတွက် ထိရောက်မှုရှိတယ်ဆိုတာ မသိမြင်ကြသေးဘူး"၊ "သိမြင်လာအောင် လုပ်ပေးဖို့၊ ပညာပေးဖို့ လိုအပ်နေတယ်၊ အခုထက် ပိုပြီးအရှိန်မြင့်ဆောင်ရွက်ဖို့လိုတယ်" လို့ သူ့အမြင်ကို ဘီဘီစီ ကို ပြောပါတယ်။

လုပ်ငန်းခွင်တွေထဲမှာ လူတွေခပ်ခွာခွာနေဖို့ လုပ်ထားကြတယ်ဆိုတာ တကယ်အလုပ်ဖြစ်နေလားဆိုတာ စောင့်ကြပ်ကြည့်ရှုတဲ့အဖွဲ့မျိုး သက်ဆိုင်ရာအကြီးအကဲတွေက စီစဉ်ထားဖို့ လိုသလို၊ အလုပ်ခွင်တွေထဲမှာ လူတွေခပ်ခွာခွာနေနိုင်ဖို့ မစီစဉ်ထားဘူး၊ မဖြစ်နေဘူးဆိုရင် "ထိရောက်တဲ့အရေးယူဆောင်ရွက်မှုကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ဖို့ အရေးကြီးတယ်" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအဖို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု တားဆီးရေးနဲ့အတူ ပါလာတဲ့ စိန်ခေါ်ချက်တွေက အများအပြားပါ။

အဲဒီထဲမှာ လူတွေကို ခပ်ခွာခွာနေစေတဲ့ လမ်းညွှန်ချက်နဲ့ အညီ စက်ရုံ၊ အလုပ်ရုံတွေ ဘယ်လို လည်ပတ်စေမလဲဆိုတဲ့ အစိုးရအတွက် စိမ်ခေါ်ချက်ကလည်း အကြီးအမားပါ။