ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
COVID -19 သံသယလူနာတွေ့ လို့ နေပြည်တော် ပညာရေး ဝန်ကြီးဌာနရုံးတွေကို ပိတ်
COVID -19 သံသယလူနာ တွေ့ရှိရ လို့ နေပြည်တော်က ပညာရေး ဝန်ကြီးဌာန ရုံး ၂ ခုဖြစ်တဲ့ ရုံးအ မှတ် ၁၃ နဲ့ ရုံးအမှတ်၂၁ တို့ကို ဧပြီ ၇ ရက်က စပြီး ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်တယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ဘီဘီစီကိုပြောပါတယ်။
"Lockdown လုပ်ထားတာ ဟုတ်ပါတယ်။ ရုံးအမှတ် ၁၃ ကဧပြီ ၇ ရက် မနက်၁၀ နာရီ ၁၅ လောက်ထဲကပါ၊ ဝန်ထမ်းတွေက တော့ အိမ်ကနေ လုပ်ကြပါတယ် ။ဗီဒီယိုကွန်ဖရန့်နဲ့လည်းအလုပ်တွေဆက်လုပ်နေကြပါတယ် ၊ ရုံးအမှတ် ၁၃ က ဝန်ထမ်းတွေကိုလည်း ဘယ်မှ မထွက်ခိုင်းဘဲ အိမ်မှာပဲ နေခိုင်းထားပါတယ်၊ ရုံးအမှတ် ၂၁ ကတော့ ၅၀ ရာခိုင်နှုန်းပဲ Lockdown လုပ်ပါတယ် "လို့ ဘီဘီစီကိုပြောပါတယ်။
Lockdown လုပ်ထားတဲ့ ရုံးအမှတ် ၁၃ ထဲမှာ ဝန်ကြီးများရုံး၊ပညာရေးသုတေသနနဲ့ အခြေခံပညာဉီးစီးဌာန တွေပါဝင်ပါကြောင်း ပညာရေးဝန်ထမ်းတစ်ဉီးက ပြောပါတယ်။
COVID -19 သံသယလူနာဟာ ရုံး အမှတ် ၁၃ က နေ့စား သန့်ရှင်းရေးဝန်ထမ်းတယောက်ဖြစ်ပြီးတော့ ယခင် ရောဂါ အခံတွေလည်းရှိတယ် လို့လည်း နေပြည်တော် ပညာရေးဝန်ထမ်းတွေထံကနေ သိရပါတယ်။
တိုက်ခန်းကိုလည်း ယာယီပိတ်
ကြိုတင် ကာကွယ်လိုတဲ့ အနေနဲ့ ဝန်ကြီးဌာနရုံး ၂ ရုံးကို ပိတ်ထားလိုက် တာဖြစ်ပြီး ဝန်ကြီးဌာန ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ်၊ သံသယလူနာ နေထိုင်တဲ့ တိုက်ခန်းကိုလည်း ယာယီပိတ် ထားလိုက်ပြီဖြစ် တယ်လို့လည်းဦးကိုလေးဝင်း ကပြောပါတယ်။
COVID -19 သံသယ လူနာ ပညာရေးဝန်ထမ်းဟာ နေပြည်တော် ကုတင်တစ်ထောင်မှာ တက်ရောက် ကုသမှုခံနေပြီးတော့ ဆေးစစ်ချက်ကို ရန်ကုန်မြို့ကို ပို့ထားတယ် လို့ လည်းသူကပြောပါတယ်။
နေပြည်တော်မှာ သံသယဖြစ်လို့ ဆေးစစ်ထားတဲ့ ဒေသခံတွေရှိပေမယ့်၊ ဆေးစစ်ချက် အဖြေ တွေမှာ COVID -19 ပိုး အတည်ပြုလူနာ မတွေ့ရသေးဘူးလို့လည်း နေပြည်တော်ဒေသခံတစ်ဉီးကပြောပါတယ်။
COVID- 19 အတည်ပြုလူနာ ဆွစ်ဇာလန် နိုင်ငံသူမှာလည်း ပိုးထပ်တွေ့ခြင်း မရှိတော့ လို့ ဆေးရုံက ဆင်းခိုင်း ဖို့စီစဉ်နေတယ် လို့ သိရှိရပါတယ်။
ကိုဗစ် ၁၉ ကြောင့် သေသူ ၃ ဉီးရှိပြီ
ကိုဗစ် ၁၉ ကြောင့် နောက်ထပ် လူနာ နံပတ် ၁၆ နဲ့ လူနာနံပတ် ၁၇ နှစ်ဦး ဒီမနက်သေ ဆုံးခဲ့ ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်သူ ၂၂ ရှိပြီး သေဆုံးသူ ၃ ဦးရှိသွားပါပြီ။
သေဆုံးသူနှစ် ယောက်ထဲက အမျိုးသမီးဟာ အသက် ၆၃ ခုနှစ်ရှိပြီး အဆုတ်ရောဂါ နဲ့ ဆီးချိုရော ဂါအခံရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ နောက်ထပ်သေဆုံးသူအမျိုးသားဖြစ်တဲ့ ပေါက်ခေါင်း ဒုအုပ်ချုပ်ရေး မှူးကတော့ အသက် ၄၇ ခုနှစ်ပဲရှိပါ တယ်။ ဆေးရုံတင် ထားတာ ရက်ပိုင်းအတွင်းမှာပဲ အခုလို သေဆုံးတာလို့ ကျန်းမာရေးဝန်ကြီးဌာန ကပြောပါတယ်။
အဲ့ဒီလူနာရဲ့အမျိုးသမီးကလည်း အထူးကြပ်မတ်ကုသမှု ဆောင်မှာ ထားထားရပါတယ်။
နေပြည်တော်မှာတော့ ပြည်တွင်းကူးစက်ခံရသူ မရှိသေးဘဲ ယူအန်ဝန်ထမ်းတစ်ဉီးသာ ရောဂါပိုးတွေရှိထားပါတယ်။
"ရုံးအမှတ်(၁၃)မှာ DG တစ်ချို့လည်း ရုံးတက်နေတုန်း ဖြစ်ပါတယ်။ စိတ်ချရအောင်လို့နဲ့ ရုံးပိတ်ရက် နီးကပ်နေတာ ဖြစ်တဲ့အတွက် မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေကို Home Stay နေခိုင်းထားကြောင်း သိရှိရပါတယ်။ NHL က ဓါတ်ခွဲအဖြေ ထွက်ရှိမှုပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်ဖို့ ရှိပါတယ် "လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကပြောပါတယ်။
အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကတော့ Lockdown လုပ်ထားတာ ဘယ်လောက်ကြာမယ် မပြောနိုင်သေးကြောင်းနဲ့ သံသယလူနာ ရဲ့ ဓာတ်ခွဲ ရလဒ်တွေပေါ်မူတည်တယ်လို့ လည်း ဘီဘီစီ ကိုပြောပါတယ်။
ဧပြီ လ ၇ရက်နေ့ ကနေပြည်တော် ကသံသယလူနာ ရဲ့အဖြေကိုတော့ ဧပြီ လ ၈ ရက် နေ့ လောက်မှာ မှာသိရမှာဖြစ်တယ်လို့တာဝန်ရှိတဲ့သူတွေကပြောပါတယ်။
လက်ရှိသံသယလူနာအဖြစ်ဆေးရုံတင်ထားတဲ့ဝန်ထမ်းဟာ ဝန်ကြီးဌာနမှာရှိတဲ့ နေရာတော်တော်များများကို ဝင်ထွက်ပြီးသန့်ရှင်းရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ကိုင်ရတဲ့သူဖြစ်ပါတယ်။