ကိုရိုနာကြောင့် ဖြစ်တဲ့ လူမှုရေး ပြဿနာတွေ

ဓာတ်ပုံ ရင်းမြစ်, MPA
ကိုရိုနာဗိုင်းပ်စ်ကူးစက်မှုကြောင့် ဖြစ်တဲ့ လူမှုရေး ပြဿနာတွေ မြန်မာနိုင်ငံအတွင်းမှာ အခုရက်ပိုင်း စတင်တွေ့ကြုံလာရပြီ ဖြစ်ပါ တယ်။
ဧပြီလ၆ရက် မွန်းလွဲပိုင်းက ရာအိမ်မှူးတစ်ဦးဟာ ကြို့ပင်ကောက်မြို့နယ်မှာကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး တည်းခိုခန်းတစ်ခုကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် စစ်ဆေးခဲ့တဲ့ ရာအိမ်မှူး ရဲ့ နေအိမ်ကို လူ ၃၀ ခန့် က ရောက်လာ ကြပြီးဓားနဲ့ဝိုင်း ခုတ်လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ အထက်တန်းကျောင်းကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းမှာလည်း ဧပြီလ၆ ရက် မွန်းလွဲပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင် (၅၄ နှစ်) နဲ့ ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်က ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး (၅၀ နှစ်)တို့ စကားများရန်ဖြစ်ရာကနေ ဦးတင်ဆန်းဦးက တုတ်နဲ့ ရိုက်လို့ ဦးသန်းလွင် ဦးခေါင်းပေါက်ပြဲဖူးယောင်ဒဏ်ရာတွေရရှိ ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးလှိုင်သာယာမြို့နယ် က စတိုးဆိုင်တစ်ခု မှာလည်း မျက်နှာဖုံးစွပ်ထားသူတွေက ဝင်ရောက် လုယက်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။
လူဦးရေ ၈ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မှာတော့ အစိုးရဖွဲ့ ထားတဲ့ မြို့နယ် အလိုက် နဲ့ ကိုဗစ်-၁၉ ကာကွယ် ရေးကော်မတီတွေနဲ့ ပူးတွဲစောင့်ကြည့်ပြီး ဒီပြဿနာတွေ လျော့ကျလာအောင် လုပ်ဖို့ ဧပြီလ ၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ Synergy ဆိုတဲ့ လူမှု သဟဇာတ ဖော်ဆောင်ရေး အဖွဲ့ကို တည်ထောင် လှုပ်ရှားသူ ကိုသက်ဆွေဝင်း က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Hla Htay
မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ဧပြီ ၇ ရက် ကစပြီး အသွားအလာကန့်သတ်လိုက်ပြီးတော့ ရန်ကုန်မှာတော့ ဧပြီ ၁၀ ရက်နေ့က စမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်ထားတဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်တွေအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ငါးမျိုး ထောက်ပံ့မယ်လို့ အစိုးရက ဧပြီ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဝင်ငွေနည်းအိမ်ထောင်စုတွေကို တစ်အိမ်ထောင် ဆန် ၈ ပြည်၊ ဆီနဲ့ ဆား ငါးဆယ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာတို့ကို ဧပြီ ၁၀ ရက်က စတင်ပြီး အခမဲ့ ဖြန့်ဖြူးထောက်ပံ့မယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အစိုးရက အခုလို လူထုကို စားစရာထောက်ပံ့တာ ကောင်းတဲ့ အစီစဥ် ဖြစ်ပေမယ့် လူမှုရေး ပြဿနာတွေကိုပါ စဥ်းစားဖို့လို သလို ဒီ လူမှုရေး ပြဿနာတွေဟာ လုံခြုံရေး အမြင်တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ လည်း ကို သက်ဆွေဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ko phyo
ဒီရောဂါဟာ မြန်မာနိုင်ငံတွင်းကို ပြည်ပပြန်လာသူတွေကနေ တဆင့် ပျံ့နှံ့လာတာဖြစ်ပြီးတော့ ပြည်ပက ပြန်လာသူတွေကို ရပ်ရွာက သံသယနဲ့ စောင့်ကြည့်တာတွေ ရှိပါတယ်။
"ရန်ကုန်မှာ နိုင်ငံခြားပြန်တွေကို ရပ်ကွက်အုပ်ချုပ်ရေးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မီးသတ်တွေရော လူအုပ်လိုက် ကြီး ဖေ့ဘုတ် ကနေတိုက်ရိုက် လွှင့်ပြီး ဝရမ်းပြေးဖမ်းသလိုတွေ တွေ့ရတယ်။ ဒီတော့ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်တာပေါ့။ ဒီလို အခြေအနေမှာ ရောဂါကူးစက်ခံနေရတဲ့သူတွေကို ရပ်ရွာက ဖေးမကူညီပေးကြဖို့အတွက် အသိပေးမေတ္တာရပ်ခံတာမျိုး။ ရောဂါကူးစက်နေတယ်လို့ မိမိကိုယ်ကိုယ် သံသယရှိလာရင် ရှောင်ပြေးမနေဘဲ သက်ဆိုင်ရာ ဒေသန္တရဆေးခန်းတွေကိုသွားပြချင်အောင် အသိပေးတာမျိုး ရောဂါ positive ဖြစ်တဲ့သူတွေကို အားပေးနှစ်သိမ့်တာမျိုး စတာတွေကို အစိုးရအစီအစဉ်နဲ့ ဆောင်ရွက်ဖို့လိုတယ် "လို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၄ ရက် ညနေပိုင်းက ကြို့ပင်ကောက်မြို့က တည်းခိုခန်းမန်နေဂျာ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ သံသယရှိတယ်လို့ သတင်းအရ ရပ်ကွက်တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဝင်တွေက သွားရောက်စစ်ဆေး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၄ ရက်စောင့်ကြည့်တာ မခံချင်လို့ ပြည်ပက ပြန်လာသူတချို့ ကလည်း ရှောင်ပြေးတာတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thet Swe Win
ဧပြီ လ ၆ ရက်နေ့ တုန်းက နိုင်ငံရေးအင်အားစုတွေရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ် ဆရာဝန်တွေရယ် စုပေါင်းထားတဲ့ community response to covid-19 အဖွဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ သုံးနာရီကြာလောက် ဆွေးနွေးခဲ့ကြပါတယ်။
အလုပ်သမားအရေး၊ ကွာရန်တင်းစင်တာတွေအရေး၊ ရပ်ရွာအတွင်းက အခြေအနေတွေ စတာတွေကို ဝိုင်းဝန်းဆွေးနွေးဖြစ်ကြတယ်လို့လည်း တက်ရောက်ခဲ့သူတွေကပြောပါတယ်။
လူတွေက စားစရာ မရှိ၊ အလုပ် ကမရှိ ဖြစ်နေတော့ ဒေါသထွက်နေ ကြတယ်။ အဲဒီတော့ ဒီရောဂါ ကြောင့် ဖြစ်တာပဲ ဆိုပြီးရောဂါ ရှိတဲ့ သူတွေ၊ မိသားစုတွေ အပေါ် ဒေါသက ပုံကျတာတွေဖြစ်လာနိုင်တယ် လို့ အရပ် ဖက်လူ့ အဖွဲ့ စည်းတွေကပြောပါတယ်။
ဒီပြဿနာဟာ လုံခြုံရေးအမြင်နဲ့ ကြည့်ရမှာမဟုတ်ဘဲနဲ့ လူမှုရေးအမြင်နဲ့ ကြည့်ရမယ့် ပြဿနာဖြစ်တာကြောင့် အကယ်၍ outbreak ဖြစ်လာခဲ့မယ်ဆိုရင် ပဋိပက္ခတွေ အနည်းဆုံးဖြစ်ပြီး ထိန်းသိမ်းနိုင်အောင် ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ထိတွေ့ ပူးပေါင်းဆောင်ရွက်တာမျိုး၊ လူမှုရေးပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ကြိုတင်စီစဉ်တာမျိုး လုပ်ဆောင်ဖို့လိုတယ်လို့လည်းကိုသက်ဆွေဝင်း ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရန်ကုန်မှာ တော့ အသွား အလာ ကန့်သတ်မှုတွေ စတင်မယ့် ဧပြီ ၁၀ ရက် နောက်ပိုင်း အခုလို ပြဿနာတွေ ပိုများလာနိုင်ပြီး ဒါတွေလျော့နည်းလာအောင် အစိုးရက လူတွေကို သတင်းအချက်အလက်တွေ ပိုပေးဖို့လိုတယ်လို့လည်း အရပ်ဘက် လူ့အဖွဲ့ စည်းတွေက ပြောပါတယ်။
ဒေသ အာဏာပိုင် နဲ့ ရပ်ရွာအဖွဲ့ အစည်းတွေက လိုအပ်တာထက်ပိုပြီး အလွန်အကျွံ ကန့်သတ်မှုတွေ လုပ်လာရင်တော့ အချင်းချင်းပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး ဒါတွေကို လျော့ကျလာအောင် အစိုးရကထိန်းဖို့လိုတယ်လို့လည်း ကိုသက်ဆွေဝင်းက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါလာပြီး စစ်ဆေးသူတွေကို လူအုပ်က ရိုက်နှက်တာတွေဟာ အောက်ခြေလူထုက အစိုးရလုပ်နေတာတွေကို သဘောမပေါက်လို့ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
အစိုးရက အခုလို ရောဂါ ထိန်းချုပ်မှုတွေ အတွက် ကန့်သတ်မှုတွေ လုပ်ရ တာကို လူတွေပိုပြီး သဘောပေါက် လက်ခံလာဖို့ လိုသလို ပြဿနာတွေ မဖြစ်အောင် လျှော့ချဖို့ အတွက် အရပ်ဘက် အဖွဲ့စည်းတွေ ရပ်ရွာ အခြေပြုအဖွဲ့တွေက ပူးပေါင်းဖို့လိုတယ်လို့လည်း သူကပြောပါတယ်။







