ကိုဗစ်-၁၉ကြောင့် သွေးလှူဘဏ် သွေးအလှူရရှိမှုထက်ဝက်ခန့်ကျဆင်း၊

ဓာတ်ပုံ ရင်းမြစ်, NATIONAL BLOOD CENTER
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိလာပြီးနောက် အမျိုးသားသွေးလှူဘဏ်မှာ သွေးလာရောက် လှူဒါန်းသူတွေလျော့နည်းလာတဲ့အတွက် သွေးရရှိမှုဟာ ပုံမှန် အောက် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျလာတယ်လို့ ရန်ကုန်အမျိုးသားသွေးလှူဘဏ် တာဝန်ခံဆရာဝန် ဒေါက်တာသီတာအောင်က ဘီဘီစီကိုပြောပါ တယ်။
အမျိုးသားသွေးလှူဘဏ်ဟာ ရန်ကုန်တိုင်းအတွင်းက ဆေးရုံကြီး ၁၄ ရုံကို အဓိကသွေးထောက်ပံ့ပေးနေတဲ့ဌာနဖြစ်ပြီး ယခင်က တစ်လကို သွေးယူနစ်ပေါင်း ၉ထောင်ကျော်အလှူခံရရှိခဲ့ တယ်လို့ သိရပါတယ်။
' ' အခုအခြေနေကတော့ တော်တော်ကျသွားတာပေါ့။ အရင်ကတော့စနေတနင်္ဂနွေဆို ၈၀၀ လောက်ရ တာ။ အခုတော့ မရတော့ဘူး။ တစ်ယောက်ချင်းလာလှူတာတွေတော့ရှိသေးတယ်။ လှူနေကျလူတွေကို ဆက်သွယ်ပြီး သွေးရဖို့ကြိုးစားနေတယ်။''လို့ သွေးအလှူရရှိမှုနည်းပါးတဲ့အခြေအနေကို ဒေါက်တာသီတာအောင်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NATIONAL BLOOD CENTER
အခုလို သွေးအလှူရရှိမှုထက်ဝက်ခန့် လျော့ပါးလာတဲ့အတွက် ဆေးရုံတွေကို သွေးထောက်ပံ့တဲ့ပုံကိုလည်း ပြောင်းလဲထောက်ပံ့နေရတယ်လို့ သိရပါတယ်။
' ' သွေးအသုံးကို တတ်နိုင်သလောက်ပဲသုံးဖို့ ဆရာဝန်တွေဘက်ကို ပြောတယ်။ အရေးပေါ်ကိစ္စရပ်တွေမှာပဲ သုံးဖို့။ တကယ်သွေးမဖြစ်မနေထည့်ရမယ့်ကိစ္စတွေအတွက်ပဲသုံးဖို့ ပြောတယ်။ ဒါကြောင့်အလှူရှင်လျော့ သလို သွေးအသုံးကိုလည်းလျှော့တော့သွေးကတော့အခုထိ ထောက်ပံ့နိုင်သေးတယ်။''လို့ သွေးထောက်ပံ့နေပုံကို ဒေါက်တာသီတာအောင်က ပြောပြပါတယ်။
အမျိုးသားသွေးလှူဘဏ်ကနေ ဆေးရုံကြီးတွေကို အအဓိကအားဖြင့် အရေးပေါ်ကိစ္စ၊ ကင်ဆာလူနာ၊ သွေးရောဂါဗေဒ စတဲ့အခြေအနေ လေးမျိုးခန့်အတွက်သာ သွေးထောက်ပံ့မှုကို ပြုလုပ် ပေးတော့တယ်လို့ သိရပါတယ်။
သွေးအလှူရရှိမှုနည်းပါးလာတဲ့အတွက် ပုံမှန်သွေးအလှူရရှိနိုင်ဖို့ သွေးအလှူရှင်တွေအတွက် အဆင်ပြေနိုင်မယ့်နည်းလမ်းတွေကိုလည်း ထောက်ပံ့ပေးနိုင်ဖို့ စဉ်းစားနေရတယ်လို့ အမျိုးသား သွေးဌာန တာဝန်ခံဆရာဝန်ဒေါက်တာသီတာအောင်က ပြောပြပါတယ်။
' ' လာလှူနေကြ အလှူရှင်တွေ လာဖို့အဆင်မပြေရင် သူတို့ ဆယ်ယောက်လောက်စုနိုင်ရင်တော့ သွားခေါ်ပြီး လုပ်ပေးနိုင်မလားလို့စဉ်းစားနေတယ်။''လို့ သူကပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို စိုးရိမ်တဲ့သွေးလှူချင်သူတွေအနေနဲ့လည်း စိတ်ချမှုရှိနိုင်စေဖို့ အမျိုးသားသွေးလှူဘဏ်ကို လာရောက်ပါက ရောဂါပိုးကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး၊ ဝန်ထမ်းတွေကတဆင့် ကူးစက်တာမျိုးမဖြစ်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။








