ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်၁၉-ဆွစ်ဇာလန်မှာရှိတုန်း ယူအန်ဝန်ထမ်းရဲ့ဖခင် ဗိုင်းရပ်စ် ကူးစက်ခံရမှု မရှိခဲ့လို့ ဆို
လူနာအခြေအနေဟာ မတ်လ ၂၉ ရက် ည ၈ နာရီအချိန် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကျန်းမာရေး တည်ငြိမ်လျက် ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီအမျိုးသမီးဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရှိနေတုန်း သူ့ဖခင်ဖြစ်သူနဲ့ တွေ့တဲ့အချိန်တုန်းက ဖခင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိသေးဘူးလို့ ယူအန်ရုံးတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
သူတို့ဝန်ထမ်းဟာ သူ့ဖခင်ကို ဆွစ်ဇာလန်နိုင်ငံမှာ မတ်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး မတ် ၁၈ ရက်မှာ မြန်မာနိုင်ငံက သူတည်းခိုနေထိုင်တဲ့ ဟိုတယ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
မြန်မာပြည်ကိုပြန်ရောက်ပြီး တစ်ပတ်ကြာမှသာ သူ့ဖခင်မှာ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ရှိတယ်လို့ သိရှိရကြောင်း ယူအန်ရုံးတာဝန်ရှိသူက ဆိုပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဒီယူအန်ဝန်ထမ်းအမျိုးသမီးဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရှိနေတုန်း မတ်လ ၁၃ ရက်က ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားနေတဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ရာရီကြာတွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူမအအနေနဲ့ နေပြည်တော်ကိုပြန်ရောက်တဲ့အချိန်မှာ ပြည်ပက ပြန်လာတဲ့သူတွေအနေနဲ့ သီးခြားနေထိုင်ရမယ်ဆိုတဲ့ စည်းကမ်းချက် ထုတ်ပြန်တာ မတွေ့ရသေးပေမယ့် တခြားယူအန်ဝန်ထမ်းတွေလိုပဲ ဟိုတယ်မှာ သီခြားနေဖို့ ဟိုတယ်နဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ယူအန်ရုံးတာဝန်ရှိသူက ပြောပါ တယ်။
သူဟာ လေဆိပ်ကနေ သူနေထိုင်တည်းခိုမယ့် ဟိုတယ်ကို သွားတဲ့အခါ ယာဉ်မောင်းဖြစ်သူကို N-95 နှာခေါင်းစည်း ဝတ်ဆင်စေသလို ကားတံခါးဖွင့် မောင်းနှင်စေပြီး ဟိုတယ်မှာ သီးခြားနေထိုင်ချိန်မှာလည်း ဟိုတယ်ဝန်ထမ်းတစ်ဦးတစ်ယောက်နဲ့မှ မတွေ့ဆုံခဲ့ကြောင်း ယူအန်ကနေ ဘီဘီစီကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားလာပါတယ်။
အဲဒီလိုဟိုတယ်မှာ သီးခြားနေထိုင်စဉ်အတွင်း မတ်လ ၂၂ ရက်နေ့က ဖျားနာ၊ချောင်းဆိုးပြီး ဝမ်းသွားလာတဲ့အတွက် မတ်လ ၂၆ ရက်မှာ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဓာတ်ခွဲစမ်းသပ်တဲ့အခါ သူ့မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယူအန်ဝန်ထမ်းမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် သူတည်းခိုခဲ့တဲ့ဟိုတယ်ကို မတ်လ ၂၉ ရက်နေ့ကစလို့ အဝင်အထွက်ကန့်သတ်မှု Lock Down ချထားလိုက်တယ်လို့ နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၃၀ ရက်ညနေပိုင်းထိ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၁၀ ထိရှိထားပြီး ပြည်တွင်းမှာ ကူးစက်သူတစ်ဦး၊ ပြည်ပကပြန်လာပြီး ကူးစက်လာသူ ရှစ်ဦးနဲ့ ကျန်တစ်ဦး(ပြင်သစ်ဧည့်လမ်းညွှန်) ကိုတော့ ပြည်တွင်းပြည်ပ ဘယ်လိုကူးစက်လာလဲဆိုတာ စိစစ်အတည်ပြုဆဲ ဖြစ်ပါတယ်။