စစ်သည် ၂ဦးကို ပြန်လွှတ်ပေးမယ်လို့အေအေထုတ်ပြန်ချက်အပေါ်အဖမ်းခံထားရတာဟုတ်မဟုတ်အတည်မပြုနိုင်သေးဘူးလို့ တပ်ဘက်ကတုံ့ပြန် အပါအဝင်မနက်ခင်းသတင်းများ

အလုပ်ပြန်လျှောက်တဲ့ အလုပ်သမားတွေမှာ လည်း အလုပ်ရရှိပြီးမှ ပြန်အဖြုတ်ခံရတာ တွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Kyaw Swar Tun / MPA

ဓာတ်ပုံ ပုံစာ, အလုပ်ပြန်လျှောက်တဲ့ အလုပ်သမားတွေမှာ လည်း အလုပ်ရရှိပြီးမှ ပြန်အဖြုတ်ခံရတာ တွေရှိနေ
ရေးသားခဲ့သည်။

၀န်ထမ်း ၅၀၀ နီးပါး လစာမပေးဘဲ ထွက်ပြေးသွားတဲ့ တရုတ်အလုပ်ရှင်ကို အရေးယူပေးဖို့ တရုတ်သံရုံးကို တင်ပြသွားမယ်လို့ဆို

ဝန်ထမ်းဦးရေ ၄၉၀ ခန့်ကို လုပ်ခ လစာမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ Myanmar Royal Apollo အထည်ချုပ်စက်ရုံ ပိုင်ရှင်တရုတ်နိုင်ငံသား လုပ်ငန်းရှင်ကို အရေးယူဖြေရှင်းပေးဖို့ တရုတ်သံရုံးကို တင်ပြသွားမယ်လို့ Myanmar Royal Apollo အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်သမား အရေးဆောင်ရွက်သူတွေထံက သိရပါတယ်။

လုပ်ခလစာမရရှိသေးတဲ့အပြင် စက်ရုံရပ်သွားတဲ့အတွက် အလုပ်ပြန်လျှောက်တဲ့ အလုပ်သမားတွေမှာ လည်း အလုပ်ရရှိပြီးမှ myanmar royal apollo ကအလုပ်သမားဖြစ်တဲ့အတွက် ပြန်အဖြုတ်ခံရတာ တွေရှိနေတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွှတ်သော သမဂ္ဂများ အဖွဲ့ချုပ် မမျိုးမျိုးအေးက ပြောပါတယ်။

ဒီစက်ရုံနည်းတူ အလုပ်ရှင်ထွက်ပြေးသွားတဲ့ လှိုင်သာယာရွှေလင်ဗန်း စက်မှုဇုန်က ဆူရှင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်မှာလည်း လုပ်ခလစာမရရှိသေးသလို အလုပ်ပြန်လည်လျှောက်ထားရာမှာလည်း အလုပ်ရှင်ထွက်ပြေးသွားတဲ့စက်ရုံကဖြစ်လို့ အလုပ်မခန့်မျိုးတွေကြုံနေရတယ်လို့ ဆူရှင်းအထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးဖြစ်တဲ့ မခင်လပြည့်ဝန်းက ဘီဘီစီကိုပြောပါတယ်။

Myanmar Royal Apolloအထည်ချုပ်စက်ရုံလုပ်ငန်းရှင် တရုတ်နိုင်ငံသားသည် လစာပေးရန်တစ်ရက်အလို မတ်လ၄ရက်နေ့တွင် ထွက်ပြေးတိမ်ရှောင်သွားတာဖြစ်ပါတယ်။

"လကုန်မှ လစာထုတ်မှ ကျွန်တော်တို့စားဝတ်နေရေးအတွက် စားစရိတ်တွေကဝယ်ခြမ်းစားရတဲ့အတွက် ဒီလအတွက် ကျွန်တော်တို့က စားဖို့တောင်ပြတ်လတ်သွားပြီ အဲ့လိုအခက်အခဲတွေကို ဌာနဆိုင်ရာ အကြီးအကဲ တွေသိစေချင်ပါတယ်" လို့အဆိုပါစက်ရုံမှာ လုပ်သက်၂နှစ်ရှိပြီဖြစ်သည့် ကိုအောင်ကိုထိုက် ကပြောသည်။

အထည်ချုပ် စက်ရုံအချို့ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကနေ ကုန်ကြမ်းရရှိမှုများပြတ် တောက်ခဲ့မှုများရှိနေပြီး ၂၀၂၀ခုနှစ်အတွင်း လှိုင်သာမြို့နယ်ရှိစက်မှုဇုံတွေမှာ အလုပ်သမားလျော့ချတာတွေ အလုပ်ရုံပိတ်သိမ်းမှုတွေကြောင့် အလုပ်သမား၈၀၀၀ကျော်အထိအလုပ်လက်မဲ့ဖြစ်နေတယ်လို့သိရပါတယ်။

တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက် ရခိုင်အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေ အများအပြားရှိလာ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက် ရခိုင်အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေ အများအပြားရှိလာ

ဒဏ်ရာရ စစ်သည် ၂ဦးကို ပြန်လွှတ်ပေးမယ်လို့ အေအေထုတ်ပြန်ချက်အပေါ် စစ်သည်တွေအဖမ်းခံထားရ တာဟုတ်မဟုတ် အတည်မပြုနိုင်သေးဘူးလို့ တပ်ဘက်ကတုံ့ပြန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးက တိုက်ပွဲမှာ တပ်ကအရာရှိနဲ့ စစ်သည် ၃၀ ကျော် ဖမ်းမိထားပြီး ဖမ်းခံရတဲ့ တပ်မတော်သားတွေအနက် ၂ ဦးဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိတာကြောင့် တပ်ဖက်က ဆေးကုသဖို့ ဆက်သွယ်ခေါ်ယူဖို့ ပြန်လွှတ်ပေးမယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အေအေဘက်က ဖမ်းမိတပ်သားတွေ ပြန်လွှတ်ပေးမယ့်ဆိုတဲ့အပေါ် ပျောက်ဆုံးနေတဲ့ တပ်သားတွေ ရှိပေမယ့် အေအေဖမ်းဆီးတာခံထားရတာဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးဘူးလို့ မြန်မာ့တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြန်လည်တုံ့ပြန်ပြောဆိုပါတယ်။

' ' ပြောနိုင်တာက ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့ တိုက်ပွဲမှာ အဆက်အသွယ်ပြတ်နေတဲ့ စစ်သည်အရာရှိ တွေ ရှိတယ်။ဟိုဘက်က ဖမ်းသွားမသွားတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ အဆက်သွယ် ကတော့ပြတ်နေသေးတယ်။ ပြန်လည်ချိတ်ဆက်နိုင်ရေးဆောင်ရွက်နေတယ် ဆက်သွယ်လာ တာတော့မရှိ သေးဘူး။''လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တပ်မတော်သားတွေဟာ ကျောက်တော်မြို့နယ် မုန်းသပြင်ရွာနားမှာ ဖြစ်ပွားခဲ့တဲ့ မီး၀ တိုက်ပွဲမှာ ဖမ်းခဲ့တာဖြစ်ပြီး ပဲခူးတိုင်းအခြေစိုက် တပ်မ (၇၇) လက်အောက်ခံ ခမရ (၇) က ယာယီတပ်ရင်း မှူး ဗိုလ်မှူး သက်နိုင်ဦး၊ ဗိုလ်ကြီးကောင်းထက်လွင်၊ ဆေးတပ်မှူုး ဗိုလ်ကြီးရဲလင်စိုး၊ ဗိုလ်ကြီးမျိုးဇော်ဌေး နဲ့ ဗိုလ်ကြီး ရှိန်ထက်လင်း အပါအဝင် အရာရှိ အကြပ်တပ်သား စုစုပေါင်း ၃၆ ယောက်ဖြစ်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီထဲကမှ ၂ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အေအေတပ်ဖွဲ့မှာရှိတဲ့ ဆေးဝါးနဲ့ မကုသနိုင်တာကြောင့် တပ်ဖက်က ပြန်လည်ခေါ်ယူဖို့ အေအဘက်က ဆက်သွယ်တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အခုချိန်ထိတော့ တပ်ဖက်က ဆက်သွယ်လာတာ မရှိသလို ဆက်သွယ်ဖို့ အေအေဘက်က လိပ်စာ အပြည့် အစုံပေးထားပြီးဖြစ်တယ်လို့ ခိုင်သုခက ဆိုပါတယ်။

နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ဆွေးနွေးဖလှယ်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Myanmar CDC' Facebook

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ဆွေးနွေးဖလှယ်ခဲ့ကြ

ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေး မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မယ်

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေး အတွက် Video Conference အစည်းအဝေးကို မတ် ၁၃ ရက်နေ့ကကျင်းပခဲ့ပြီး မြန်မာနိုင်ငံကလည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာကနေ ထုတ်ပြန်ထား ပါတယ်။

အဆိုပါအစည်းအဝေးမှာ COVID-19 နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက် ရောဂါဖြစ်ပွား/သေဆုံး မှု အခြေအနေတွေ၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်း၊ ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု၊ ဆေးနှင့်ဆေးပစ္စည်း လိုအပ်မှု၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့အခြားသော ဝန်ထမ်းတွေအနေနဲ့ COVID-19 လူနာတွေကို စောင့်ကြပ်ကြည့်ရှုမှုပေးရာမှာ ရောဂါကူးစက်မှုအား တတ်နိုင်သမျှ လျှော့ချနိုင် ရေးအတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ ထုတ်ပြန်ထားရှိမှု အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ COVID-19 ရောဂါကိုအပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC)နဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထားရှိတဲ့ အတွေ့အကြုံတွေကို လည်း ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စက်ကူးစက်ခံရမှုကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးသူ ဦးရေ ငါးထောင်ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။