ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးနဲ့ ကျောက်တော်မှာ ပစ်ခတ်မှုဖြစ်၊ အရပ်သား ထိခိုက်သေဆုံးပြီး တိမ်ညိုဆေးရုံယာယီပိတ်
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း မြောက်ဦးမြို့နယ် တိမ်ညို စစ်ပြေးရှောင်စခန်းနဲ့ တိမ်ညိုရွာက ၁၂ ဦး၊ ပေါင်းတုတ် မွတ်ဆလင်ကျေးရွာက ၈ ဦး၊ တောင်ဦးက ၁ ဦးနဲ့ ကျောက်တော်မြို့နယ် သရက်တစ်ပင် သိန်းတန်ရွာက ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ တိုက်နယ်ဆေးရုံနဲ့ ဒုက္ခသည်စခန်းတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံလိုက်ရတဲ့အတွက် ဒုက္ခသည်တွေ၊ ဒေသခံတွေနဲ့ ဆေးရုံအတွင်းမှာရှိနေသူတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူ ၁၂ ဦးရှိခဲ့ပြီး ဆေးရုံပေါ်မှာ လူနာစောင့်အဖြစ်ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦး၊ စစ်ဘေးရှောင်စခန်းက ၁၀ ဦး၊ တိမ်ညိုကျေးရွာကတစ်ဦးဖြစ်ပြီး ၃ ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ဆေးရုံကိုကျည်ကျလို့ပါ။ ဆေးရုံထဲမှာတော့ လူနာစောင့်တစ်ယောက် ထိတယ်။ အတွင်းလူနာတွေရော၊ ဒီနေ့မနက်ထိတဲ့ လူနာတွေရော အားလုံး မြောက်ဦးဆေးရုံကို ခေါ်ထားတယ်။ ဝန်ထမ်းတွေရော အကုန်လုံး ခေါ်ထားတယ်။ ဆေးရုံကိုပစ်သွားတဲ့ သဘောဆိုတော့ ခေတ္တယာယီပေါ့။ အေးချမ်းတဲ့အချိန်ကျလို့ရှိရင် ပြန်ဖွင့်မှာပေါ့။"လို့ မြောက်ဦးဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ဆေးရုံပြောင်းရွှေ့လိုက်ရတာနဲ့ ပတ်သက်လို့ ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
ဆေးရုံတွေဆိုတာ အများနှင့်သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့အတွက် ဒီလိုမျိုး ပစ်ခတ်ခဲ့တဲ့အပေါ် ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
ဆေးရုံကို ပြောင်းရွှေ့တဲ့အခါမှာ မြောက်ဦးမြို့က ကရုဏာလှိုင်းသွေးလှူရှင်များအသင်းက ကား ၆ စီးနဲ့ နာရေးကူညီမှုအသင်းက ၁ စီး၊ စုစုပေါင်း ကား ၇ စီးနဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ လူနာ ၂၀ ကျော်လောက်ကို နှစ်ခေါက် ပြောင်းရွှေ့ပေးခဲ့ရပြီး တိမ်ညိုဆေးရုံမှာ ကျည်ထိမှန်ထားတဲ့ ထိခိုက်မှုတွေကို ဆေးရုံရဲ့မျက်နှာစာတစ်ခုလုံးမှာ မြင်တွေ့ခဲ့ရတယ်လို့ မြောက်ဦးမြို့ ကရုဏာလှိုင်းသွေးလှူရှင်အသင်းက ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောပါတယ်။
မြောက်ဦးဆေးရုံကိုရောက်ရှိနေတဲ့ တိမ်ညိုက ကျည်သင့်ဒဏ်ရာရရှိသူ ၁၂ ဦးထဲက စိုးရိမ်ရတဲ့ လူနာ ၃ ဦးကိုတော့ မြောက်ဦးကနေ စစ်တွေဆေးရုံကို ရေကြောင်းလမ်းက တစ်ဆင့် နေ့လယ် ၃ နာရီခွဲလောက်မှာ ပို့ဆောင် လိုက်ရတယ်လို့ သူက ပြောပါတယ်။
တိမ်ညိုပစ်ခတ်မှု
တိမ်ညိုတိုက်နယ်ဆေးရုံဟာ မနက် ၅ နာရီခွဲဝန်းကျင်လာက်မှာ ပစ်ခတ်ခံလိုက်ရပြီး အဆောက်အအုံ တစ်ခုလုံး ကျည်ထိမှန်မှုတွေဖြစ်ပွားခဲ့ကာ လူနာစောင့်အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆရာဝန်အပါအဝင် ဆေးရုံဝန်ထမ်း ၁၁ ဦးနဲ့ လူနာတွေရဲ့ လုံခြုံရေးအတွက် မတ်လ ၁၃ ရက် ၁၀ နာရီ ၄၅ မိနစ်မှာ မြောက်ဦးဆေးရုံကြီးကို အပြီးပြောင်းရွှေ့လိုက်ပြီး လောလောဆယ်မှာ အဲ့ဒီဆေးရုံကို ပိတ်သိမ်းထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
တိမ်ညိုတိုက်နယ်ဆေးရုံဟာ ၁၆ ခုတင် ရှိ ဆေးရုံဖြစ်ပြီး အဲ့ဒီထဲက ဆက်လက်ဆေးကုသပေးရမယ့် အရေးကြီးလူနာ ၆ ဦးနဲ့ ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကို ပြောင်းရွှေ့ယူသွားပြီး ကျန်တဲ့လူနာတွေကိုတော့ ဆေးရုံဆင်းခွင့် ပေးလိုက်တယ်လို့ သူကပြောပါတယ်။
အဲ့ဒီဖြစ်စဉ်မတိုင်ခင် မြောက်ဦးဘက်ကနေ စစ်တွေဘက်ကို မောင်းနှင်လာတဲ့ တပ်မတော်ကားတန်းကို တိမ်ညိုနဲ့မြောက်ဦးအကြား ဘူးရွက်မညိုးကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီကနေ အဝေးပြေးလမ်း တစ်လျှောက် လူရှိတဲ့နေရာတွေကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သား ထိခိုက်မှု
ဒီလို ဒေသခံ ရွာသားတွေက တပ်က ပစ်တယ်လို့ ပြောဆိုတဲ့ အတွက် တပ်မတော် ဘက်ကို ဘီဘီစီက ဆက်သွယ် မေးမြန်ရာမှာ "မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်တာတို့၊ ပစ်ခတ်တာတို့ ရှိရင်တော့ မလွဲမသွေ လုံခြုံရေး အရ ပြန်လည် ဆောင်ရွက်ရမှာပဲ ဖြစ်တယ်၊ တိုက်ခိုက်မှု မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်တာ၊ ဆောင်ရွက်တာ မရှိဘူး" လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဖြေကြားပါတယ်။
တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြုလုပ်တယ် ဆိုတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
ကျည်ထိမှန်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးအနက် စိုးရိမ်ဒဏ်ရာရရှိသူသုံးဦးမှာ အောက်သားကန်ကျေးရွာသူ အသက် ၁၃ နှစ်အရွယ် မနှင်းမိုးနွယ်မှာ ဗိုက်ကိုထိမှန်ခဲ့ပြီး အောက်သကန်ကျေးရွာသူ အသက် ၇၀ အရွယ် ဒေါ်လုံးယေ က ညာဘက်လက်နဲ့ ဦးခေါင်းကျည်ထိမှန်ကာ အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းနုကြည် (လူနာစောင့်) ညာဘက်လည်ပင်းဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။
"ဒါဟာမဖြစ်သင့်တဲ့ကိစ္စပေါ့ဗျ၊ စစ်ဘေးရှောင်တွေ နေတဲ့ နေရာနဲ့ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့၊ စစ်ဘေးရှောင် စခန်းမှာတောင်မှာ မနေနိုင်တော့ဘူးဆိုရင် ဘယ်မှာသွားနေမလဲ၊ နောက်တစ်ချက်က ဆေးရုံကိုယာယီပိတ်ထားတယ်။ ဘယ်လောက်ထိ ကြာမလဲဆိုတာ မပြောနိုင်ဘူး၊ စစ်ဘေးရှောင်တွေက ဒီဆေးရုံကိုပဲ ကျန်းမာရေးကိစ္စနဲ့ပတ်သက်လို့ အားကိုးနေရတာ။ တစ်နေ့ကို လူပေါင်း ၃၀ ကနေ ၅၀ အကြား ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာ"လို့ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။
ဒါ့အပြင် တိမ်ညိုဆေးရုံဝင်းအတွင်းက ဆရာဝန်နေတဲ့ အဆောက်အအုံ ဘေးအနီးမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးလည်း တွေ့ရှိထားတယ်လို့ ဦးဝေလှအောင်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မိုးတွင်းကာလကလည်း အဲ့ဒီတိမ်ညိုစစ်ဘေးရှောင် ဒုက္ခသည်စခန်းနဲ့ ဆေးရုံကို တပ်မတော်က ဝင်ရောက်ရှာဖွေမှု တွေပြုလုပ်ခဲ့တဲ့တွက် စခန်းအတွင်းမှာ ရှိနေသူတွေနဲ့ ဆေးဝါးကုသမှုခံယူနေရသူတွေ အပါအဝင် လူနာစောင့်တွေ ထွက်ပြေးခဲ့ကြရဖူးပါတယ်။
အခုလိုမျိုး ဒုက္ခသည်စခန်းနဲ့ ဆေးရုံကိုပစ်ခတ်တာဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူတွေကိုထိခိုက်အောင်လုပ်တဲ့အပေါ်မှာ ဘယ်အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် လက်ခံနိုင်စရာမရှိကြောင်းနဲ့ အခုဖြစ်စဉ်မှာ အစိုးရအနေနဲ့လည်း ဒါတွေကိုညှိနိုင်းပေးဖို့လိုအပ်ပြီး ပြည်သူတွေ ဘာတွေခံစားနေရလဲဆိုတာကို သိနားလည်ဖို့လိုအပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်တော်မြို့နယ်ထဲက ပစ်ခတ်မှုတွေ
ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာ ဖြစ်စဉ်မှာတော့ ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့တာကြောင့် မိသားတစ်စု ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းနေချိန် အိမ်ပေါ်မှာ လက်နက်ကြီးကျည်ကျကွဲပြီး သုံးယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ စိုးရိမ်ရတဲ့အမျိုးသမီးတစ်ဦးကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။
"ဒဏ်ရာရရှိခဲ့တဲ့သူက ကျွန်မသူငယ်ချင်းနွယ်နွယ်ဦးပါ၊ ကျွန်မနဲ့အတူအိပ်နေတာပါ၊ မြောက်ဦးဘက်ကနေ ပစ်ခတ်ပြီးလာတယ်လို့ ဖုန်းဆက်အသိပေးလို့ သူ့ညီမကို မုန့်တီထွက်မရောင်းဖို့ သွားပြောမယ်ဆိုပြီး အိမ်ကထွက်သွားတာ၊ ပေါက်သံကြားလိုက်ရပြီး သူဒဏ်ရာရသွားတယ်လို့ သိရတော့ သွားကြည့်တဲ့အချိန် အိမ်အောက်က ဗုံးခိုကျင်းထဲမှာ သတိ မရတော့ဘူး၊ ဆေးရုံပို့တော့ ဦးခေါင်းဒဏ်ရာက ဦးနှောက် ထိ သွားတယ်၊ အခြေအနေမကောင်းဘူးလို့ ဆရာဝန်က ပြောတယ်၊ ဒါပေမယ့် သူ့ကံတရားပဲဆိုပြီး စစ်တွေဆေးရုံကို ယူလာခဲ့တာပါ "လို့ လူနာစောင့်အဖြစ်လိုက်ပါ လာတဲ့ ဒေါ်တင်တင်ဝင်းက ရခိုင်အခြေစိုက် ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ ကုလားတန်မြစ်အထက်ပိုင်းက သာစည်ကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သာစည်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားတွေ ကြောက်ရွံ့ ပြီး ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးလာခဲ့ကြရတဲ့အတွက် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို သွားရောက် ယူဆောင်ခွင့် မရရှိသေးဘူးလို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ အဲဒီ ဒေသခံက ပြောပါတယ်။ ပစ်ခတ်မှုတွေ အတွင်း လူနေအိမ် ၁၂ လုံးလောက်လည်း မီးလောင်ပြာကျသွားခဲ့တယ် ဆိုပါတယ်။
ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာလည်း ရွာထဲကို လက်နက်ကြီးကျတဲ့ အတွက် အိမ်ခြေ ၁၃ လုံး မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု ရက်ပိုင်းအတွင်း ရခိုင် ပြည်တွင်းစစ် အရှိန်မြင့်နေပြီး ရွာအများအပြားက ရွာသားတွေ ထောင်နဲ့ ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ ဒေသအတွင်းက လူမှုရေး အဖွဲ့တွေက ပြောပါတယ်။