လူ ၃၀၀၀ လောက် အလုပ်လုပ်နေတဲ့ ကုလသမဂ္ဂဌာနချုပ်မှာလည်း သံတမန်တစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP Contributor
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒူးရဲ့ ဇနီးမှာ ကိုဗစ်၁၉ ရောဂါကူးစက်ခံနေရကြောင်း အတည်ပြုပြီး အခုအခါ သူတို့နှစ်ဦးလုံး သီးသန့်ခွဲခြားနေထိုင်နေပါတယ်။
ဇနီးဖြစ်သူမှာ နေမကောင်းဖြစ်နေတဲ့လက္ခဏာတွေ စတွေ့ရတဲ့ မတ်လ ၁၁ ရက်ကစပြီး ဝန်ကြီးချုပ်ဟာ သူကိုယ်တိုင်လည်း ရုံးမတက်တော့ဘဲ သီးခြားခွဲပြီး နေထိုင်ခဲ့ပါတယ်။
ဘယ်ကနေ ကူးစက်တယ်ဆိုတာတော့ မသိရသေးပေမယ့် ဝန်ကြီးချုပ်ဇနီးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဗြိတိန်မှာ ကျင်းပတဲ့အခမ်းအနားတစ်ခုကို တက်ရောက်စကားပြောခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၁၃ ရက်မနက်ပိုင်းထိ ဝန်ကြီးချုပ်မှာရောဂါလက္ခဏာတွေမတွေ့ရသေးဘဲ နေအိမ်ကနေပဲ ရုံးအလုပ်တွေပုံမှန်လုပ်နေပါတယ်။
လက်ရှိ ကနေဒါမှာ ကိုဗစ်၁၉ သင့်သူ တစ်ရာကျော်နဲ့ သေဆုံးသူ တစ်ဦး ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုဗစ်၁၉ ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။
ဟောလိဝုဒ်မင်းသားကြီး တွမ်ဟန့်နဲ့ သူ့ဇနီးတို့လည်း ဒီဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အခုအခါ သီးသန့်နေထိုင်နေရပါတယ်။
အာဆင်နယ်နည်းပြ အာတီတာနဲ့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမား အိုဒိုင်း၊ ဂျူဗင်တပ်အသင်းက ဒိုင်ဘားလားတို့လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
ဗိုင်းရပ်စ်အစပြုရာ တရုတ်မှာတော့ ကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာခဲ့ပါပြီ။ ဒီကနေ့ မတ်လ ၁၃ ရက်မှာ တရုတ်မှာ ကူးစက်သူ ရှစ်ဦးသာ တွေ့ရှိပြီး ငါးဦးက ဝူဟန်မြို့က ဖြစ်ပါတယ်။
နယူးယောက်က ကုလသမဂ္ဂဌာနချုပ်မှာလည်း ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သံတမန်တစ်ဦး စတင်တွေ့ရှိခဲ့ပါတယ်။
သူက ဖိလစ်ပိုင်သံတမန်တစ်ဦးဖြစ်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ သံအမတ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ကုလဌာနချုပ်ကို သွားခဲ့ပြီး ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံရဲ့ ခြောက်ကြိမ်မြောက်ကော်မတီကို တက်ရောက်အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မှာ ရှိတဲ့ ကုလဌာနချုပ်မှာ လူ ၃၀၀၀ လောက် အလုပ်လုပ်နေကြပါတယ်။
စင်ကာပူမှာလည်း ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားလိုက်ပါပြီ။
မလေးရှားမှာ ပြုလုပ်တဲ့ ဝတ်ပြုပွဲကို တက်ရောက်ခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိပြီးတဲ့နောက် နိုင်ငံတစ်ဝန်းက ဗလီပေါင်း ၇၀ ကို ပိတ်လိုက်တာဖြစ်ပါတယ်။
ဗလီတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် ငါးရက်ကြာ ပိတ်ထားမှာဖြစ်ပါတယ်။
ကက်သလစ်ဘာသာရေးပွဲကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားမှာဖြစ်ပြီး ဒါဟာ အရင်က ဒီဘာသာရေးပွဲကို ပြန်စဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်း ဆုံးဖြတ်ချက်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီကို နှစ်ပတ်အတွင်း သွားထားတဲ့သူတွေကို ပြည်ဝင်ခွင့်လည်း ကို လာမယ့် တနင်္ဂနွေကစလို့ ပိတ်ဖို့ စီစဉ်နေပါပြီ။
ဟောင်ကောင်မှာတော့ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးဦးထိ ရှိလာပါပြီ။
အိန္ဒိယမှာလည်း ဒီကနေ့မှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူတစ်ဦးရှိလာပါတယ်။
ကမ္ဘာတစ်ဝန်းကူးစက်သူပေါင်း တစ်သိန်းနှစ်သောင်းနီးပါးနဲ့ သေဆုံးသူလေးထောင်ကျော်ရှိပြီး သေဆုံးသူ ၃,၀၀၀ ကျော်က တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်က ဖြစ်ပါတယ်။









