ဒဏ်ရာရ တပ်မတော်သားအချို့ပြန်လွှတ်ပေးဖို့ အေအေဆက်သွယ်လာ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်တော် မြို့ အနီးတိုက်ပွဲမှာ တပ်မတော်အရာရှိ နဲ့ စစ်သည် ၃၀ ဖမ်းမိထားတယ်လို့ အေအေ ဘက်ကထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်မှာပဲ အဖမ်းခံရတဲ့ တပ်မတော်သား ၂ ဦးဟာဒဏ်ရာပြင်းထန်လို့ ဆေးကုသရေးဆက်သွယ်ခေါ်ယူဖို့ AA အဖွဲ့ ကသတင်းထုတ်ပြန်ပါတယ်။

မြန်မာ့တပ်မတော်ဘက်က တပ်ရင်းမှူးအပါအဝင် အရာရှိနဲ့ ရဲဘော် အယောက် ၂၀ လောက်ကို ဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က မတ်လ၁၀ ရက်က သတင်းထုတ်ပြန် ခဲ့ပြီး ကျောက်တော်မြို့နယ် မီးဝကျေးရွာအနီးက တပ်မတော်ဗျုဟာကုန်းတိုက်ပွဲအတွင်းမှာ မတ်လ ၁၁ ရက်နေ့က ဗိုလ်ကြီးအဆင့်ရှိသူ ဆေးတပ်မှူးတစ်ဦးနဲ့ အခြားဗိုလ်ကြီးအဆင့်တစ်ဦးတို့အပါအဝင် စုစုပေါင်း စစ်သည် ၁၀ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

စုစုပေါင်း တပ်မတော်သား ၃၆ ဦး ဖမ်းဆီးရမိခဲ့ရာမှာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်လို့ ၎င်းတို့မှာရှိတဲ့ဆေးဝါးနဲ့ မကုသနိုင်လို့ ဆေးကုသရေးဆက်သွယ်ခေါ်ယူရတယ်လို့လည်း အေအေ ကပြောပါတယ်။

အခုလို တပ်မတော် စစ်ကြောင်းတစ်ခုကြားဖြတ်တိုက်ခိုက်ခံလိုက်ရပြီး တပ်ရင်းမှူးအပါအဝင် တခြားအဆင့် စုစုပေါင်း ၃၀ ဦးထိ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ပေါ် အတည်ပြုချက်ရယူဖို့ တပ်မတော်တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ကျောက်တော်အနီး တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသအတွင်းက ဆေးတပ်မှူးတစ်ဦးနဲ့ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သည် ၁၀ ဦးကို သေနတ် ၁၄ လက်၊ တခြားခဲယမ်းမီးကျောက်တွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အေအေဘက်က အတည်ပြုပြောဆိုပါတယ်။

"မတ်လ ၁၁ ရက်နေ့မှာဖမ်းဆီးရမိတဲ့ ဗိုလ်ကြီးနှစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးပေါ့။ မတ်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးရမိတာက တပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦးအပါအဝင် အရာရှိအကြပ်စစ်သည် ၂၀ ပေါ့။ နှစ်ရက်ပေါင်းလို့ရှိရင် ၃၀ ဖြစ်သွားပြီ။"လို့ ရက္ခိုင့်တပ်တော်အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးတွေလည်းများပြားခဲ့သလို မီးဝတိုက်ပွဲဟာ ကုလားတန်မြစ်ကြောင်းအတွင်း ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့တိုက်ပွဲတစ်ခုဖြစ်ပြီး ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပြီး တစ်လကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းစစ်သည်တွေအများအပြားရှိနေပြီး ဘယ်နှစ်ယောက်ဖမ်းဆီးရရှိထားလဲလို့ ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ စစ်ရေးကိစ္စရပ်ဖြစ်တဲ့အတွက် သုံ့ပန်းအရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့မရှိဘူးလို့ အေအေဘက်က တုံ့ပြန်ပြောကြားပါတယ်။

မီးဝတိုက်ပွဲအတွင်း လေယာဉ်တွေပေါ်က ဗုံကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အနီးပါတ်ဝန်းကျင်မှာရှိတဲ့ မီးဝ၊ မုန့်သန်းပြင်၊ လိပ်ခေါင်း၊ တင်းမ၊ တင်းမကြီး၊ စတဲ့ကျေးရွာပေါင်း ၁၀လောက်ကို လက်နက်ကြီးတွေနဲ့ ဗုံးသီးတွေကျရောက်ပေါက်ကွဲနေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ၊ ကျေးရွာမီးလောင်မှုတွေရှိနေသလို နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေလည်း ရှိနေတယ်လို့ ဒေခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာမီးလောင်မှုတွေဖြစ်ပွားခဲ့သလို လိပ်ခေါင်း၊ မုန့်သန်းပြင်နဲ့ ပြိုင်းတိုင်းကျေးရွာတွေမှာ နေအိမ်တွေအများအပြားပီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားအများအပြားဟာ ကျောက်တော်မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးလာခဲ့ကြရတယ်လို့ မုန့်သန်းပြင်ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးမောင်ဇော်ထွန်းက ပြောပါတယ်။

နေရာမျိုးစုံက ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေဟာ အေအေလက်ထဲမှာ ထိန်းသိမ်းထားရှိတယ်ဆိုတာကို ပြောဆိုခဲ့ပြီး သူတို့ရဲ့လုံခြုံရေးအတွက်ကိုလည်း ကောင်းကောင်းမွန်မွန်ပြုလုပ်ပေးထားတယ်လို့ အေအေ ဘက်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေကြတဲ့ တစ်နှစ်ကျော်ကာလတိုက်ပွဲအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တဲ့ကျေးရွာပေါင်းအနည်းဆုံး ၂၀ လောက်ထိရှိလာနေပြီလည်းဖြစ်ပါတယ်။

အခုလို ဒဏ်ရာ အပြင်းအထန် ရထားတဲ့ တပ်မတော်သားနှစ်ဦးကိုလွှတ်ပေးဖို့ အစိုးရဖြစ်စေ တပ်ကဖြစ်စေ ကြားခံ လူမှု အဖွဲ့စည်းကဖြစ်စေ ဆက်သွယ်ကြဖို့ နဲ့ အခုလို လုပ်ရတာ ဟာ နိုင်ငံရေးအကျိုးအမြတ်အတွက် မဟုတ်ဘူးလို့ လည်း အေအေ ကပြောပါတယ်။