ရခိုင်မှာ ကျောင်းသား လေးထောင်ကျော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာမဖြေ

ရေးသားခဲ့သည်။

တိုက်ပွဲတွေဖြစ်နေတဲ့ရခိုင်ပြည်နယ်ကကျောင်းသား ကျောင်းသူ ၄၀၀၀ကျော် ဟာ မတ်လ ၁၁ ရက်နေ့က စတင် ဖြေဆိုနေကြရတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာရောက် မဖြေဆိုကြဘူးလို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမယ့်သူလေးသောင်းခွဲကျော်ရှိပေမယ့် ၄၀၂၂ ယောက်ပျက်ကွက်တယ်လို့လည်းရခိုင်ပြည်နယ်ပညာရေး မှူးရုံး က သတင်းအရသိရ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေဟာ စာမေးပွဲရက်နီးမှ စာစစ်ဌာနပြောင်းလိုက်ရတာတွေ၊ သွားလာရခက်ခဲတာတွေ၊ တိုက်ပွဲဖြစ်ပွားနေမှု စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်နေရတဲ့ ကျောင်းသူကျောင်းသား မိသားစုဝင်တွေက ဆိုပါတယ်။

ရသေ့တောင်မြို့နယ် တစ်ခုတည်းကို ကျောင်းသား ၂၆၀ ကျော်စာမေးပွဲ လာမဖြေဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

ရသေ့တောင်မြို့နယ် တစ်ခုတည်း မှာ လုံခြုံရေး အခြေအနေ အရ စာစစ်ဌာန အချို့ အနီးကပ်မှ ထပ်ပြီးပြောင်းခဲ့ရ လို့ အခက်အခဲတွေကြုံခဲ့ရတယ်လို့ လည်းသူက ဘီဘီစီကိုပြောပါတယ်။

ရသေ့တောင်မှာ စာစစ်ဌာန ၁၁ ခုရှိပြီး စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၃၂၀၀ ကျော်ရှိပါတယ်။

စာမေးပွဲ ဖြေခါနီးမှ ရသေ့တောင်မြို့ပေါ်ကို အနီးကပ် ပြောင်းရွှေ့ ရတဲ့ စာစစ်ဌာနတွေအတွက် ပြင်ဆင်ရတဲ့ အခက်ခဲ လည်းရှိပြီး ဘုန်းတော်ကြီးကျောင်းနဲ့ အားကစားခန်းမ ကိုပါ စာစစ် ဌာန အဖြစ် တိုး ချဲ့ဖွင့်လှစ်ခဲ့ရတယ် လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

အနီးကပ်မှ စာစစ်ဌာန တွေနေရာ ပြောင်းတော့ အချို့ကျောင်းသားတွေဟာ မြို့ပေါ်လာဖြေဖို့ နေရေးထိုင်ရေး အခက် အခဲတွေရှိကြတယ်၊ဒါကြောင့် တစ်ချို့ကျောင်းသား လေးတွေ လာမဖြေနိုင်ကြတာပါ လို့ လည်းသူက ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်နယ်မြောက်ပိုင်းက ကျောင်းသားကျောင်းသူ ၆ ထောင်ကျော်ရဲ့ စာစစ်ဌာန ၂၀ ကို မြို့ပေါ်ရွှေ့ပြောင်းထားရပါတယ်။

"စာစစ်ဌာန တခုမှ မလျှော့ပါဘူး၊ လုံခြုံရေးမရှိတဲ့ ရွာတွေ အကုန်လုံးက စာစစ်ဌာနတွေကို မြို့ပေါ်ရွှေ့တာပါ၊ ပြည်နယ် မြောက်ပိုင်း တခုလုံးနဲ့ ချင်းပြည်နယ် ပလက်ဝက စာစစ်ဌာနတွေပါ" လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းကတော့ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ရလို့ ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေက စာစစ်ဌာနတွေကို ပိတ်ထားမယ်လို့ ဖေဖော်ဝါရီလလယ်တုန်းက ဘီဘီစီကို ပြောထားပါတယ်။

ရခိုင်တပြည်လုံးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနပေါင်း ၁၂၇ ခုရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၄၉၁၈၁ ဦး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ စဖြေတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် စာစစ်ဌာန ၁၉၉၉ ခု ရှိပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၉၇၁,၃၃၉ ဦး ရှိပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကထက်စာရင် စာမေးပွဲဖြေဆိုမယ့်သူဦးရေ ၁ သိန်း ၂ သောင်းကျော် ပိုများလာတယ်" လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြေဆိုမယ့်သူဦးရေဟာ ပြည်နယ်နဲ့ တိုင်း အကုန်လုံးမှာ တိုးလာတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာတော့ ကျောင်းသား ကျောင်းသူပေါင်း ၁ သိန်း ၃ သောင်းကျော်စီနဲ့ အများဆုံး ဖြေဆိုကြမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ အနည်းဆုံးဖြစ်ပြီး ဖြေဆိုမယ့်သူပေါင်း ၅၄၆၈ ဦး ရှိပါတယ်။